မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၇)

၀ိပဿနာ တရားအားထုတ်မည့် ပုဂ္ဂိုလ်တစ်ယောက်သည် မြတ်ဗုဒ္ဓ ဟောကြားထားသော အောက်ပါ အချက်များကို ကြိုတင်သိရှိ နားလည်ထားသင့်ပါသည်။

မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်များ အားလုံးကို သက်ဆိုင်ရာ အမျိုးအစားအလိုက် ခွဲခြားသော် ၀ိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာပိဋကတ် ဟူ၍ ပိဋကတ်သုံးပုံ ရှိပါသည်။

ယင်းပိဋကတ် သုံးပုံကို အနှစ်ထုတ်ယူသော် ဗောဓိပက္ခိယ (မဂ်ဉာဏ်၏အတွက် ဖြစ်သည့် သစ္စာ လေးပါးကို သိစေတတ်သော အရိယာမဂ်၏ အသင်းအပင်း) တရား ၃၇ ပါးရမည်။

ယင်း ဗောဓိပက္ခိယ တရား ၃၇ ပါးကို အနှစ်ထုတ်သော်၊ မဂ္ဂင် ရှစ်ပါး၊ မဂ္ဂင်ရှစ်ပါးကို အနှစ်ထုတ်သော်

သိက္ခာသုံးပါး- သီလ၊သမာဓိ၊ပညာ၊

သိက္ခာသုံးပါးကို အနှစ်ထုတ်သော် “သတိဖြင့်ရှုမှတ်မှုတချက်”ဟု ဆိုပါသည်။ ဧကောဓမ္မော ဟုဆိုနိုင်ပါသည်။

ရှုမှတ်မှု အလေ့အကျင့်များလာလျှင် ဘာလိုနေသည်၊ ဘာဖြည့်ဆည်းပေးရမည်၊ ဘာပိုနေသည်၊ ဘာထုတ်ပယ်ရမည် စသည်ဖြင့် သိနားလည် လာပါလိမ့်မည်။

အခြေခံ အားထုတ်မည့် ပုဂ္ဂိုလ်သည် ဗောဓိပက္ခိယ တရား ၃၇ ပါးအကြောင်းကို အကြမ်း ဖျင်း အားဖြင့် သိထားရန် လိုအပ်ပါသည်။

ဗောဓိပက္ခိယ ဆိုသော ပါဠိတော်၏ အနက်အဓိပ္ပါယ်ကပင် ဗောဓိဉာဏ် (အရိယသစ္စဉာဏ်)၏ ပက္ခိယ (အသင်းအပင်း) ဟု ဆိုထားသောကြောင့် တတွဲတည်း ပါဝင်နေသော တရားများဖြစ်ပါသည်။

ကျွန်တော်တို့ ၀ိပဿနာ တရားအားထုတ်မည့် သူများ၊ မရှင်းမလင်း ဖြစ်တတ်ကြသည့် အကြောင်းအရာ တစ်ခုကို တင်ပြလိုပါသည်။

ဧကောဓမ္မော သတိဖြင့် ရှုမှတ်မှုတစ်ချက် သည် အဆင့်ဆင့် ပြန်စစ်ဆေးလျှင် ပိဋကတ်သုံးပုံ ပြန်ရောက်သွားမည် ဖြစ်နေသောကြောင့် ၀ိပဿနာ ရှုမှတ်သူသည် ပိဋကတ်သုံးပုံလုံး ကျင့်သုံးရခြင်း ဖြစ်သည်ဟု ယူဆသွားနိုင်စရာ ရှိသည်။

ဤသို့ မဟုတ်ပါ။ မြတ်ဗုဒ္ဓ၏ တရားတော်များတွင် အသိနှင့်အကျင့် ဟူ၍ ရှိပါသည်။ အချို့တရားများ သည် သိနားလည်ထားရမည့် တရားများဖြစ်ပြီး၊ အချို့တရားများမှာ ကျင့်ရမည့် တရား ဖြစ်ပါသည်။

ဥပမာအားဖြင့်-

ပဋိစ္စသမုပ္ပါဒ်တရားတော်သည် သိနားလည်ထားရမည့် တရားဖြစ်ပါသည်။

ဘဝ(သံသရာ)၏ မူလအစသည် အဝိဇ္ဇာ(မသိမှု) နှင့် တဏှာ(လောဘ-လိုချင်မှု) တို့ကြောင့် ဖြစ်သည်။ ယခု ရထားသော ခန္ဓာသည် (ဒုက္ခသစ္စာ)ဖြစ်သည်။ ခံစားမှု(ဝေဒနာ)ကို မပါယ်သတ်နိုင်လျှင် တဏှာ(စွဲလန်းမှု) ဖြစ်မည်၊ ထိုမှဆက်၍ ဘဝ အသစ်တစ်ခု ဆက်ဖြစ်မည်ဟု သိထားရသည်။

ဖြစ်တတ်သည့် သဘောများ (Process) ဟု နားလည်ထားရမည်၊ ကျင့်ရမည့် (Method) မဟုတ်ဟု နားလည်ထားရမည်။

ထို့အတူ ပဋ္ဌာန်း ၂၄ ပစ္စည်းတရားတော်သည်လည်း ဖြစ်တတ်သည့် သဘောတရား အကြောင်းကြောင့် အကျိုး (Cause and Effect) များဟု သိထားရမည်။ ဤသို့ ပြုလျှင် ဤသို့ ဧကန်ဖြစ်မည် ကို မြတ်ဗုဒ္ဓက သိစေလိုခြင်းဖြစ်ပါသည်။

တရားအားထုတ်မှု ရင့်ကျက်လာသည်နှင့် မိမိ၏ဉာဏ်တွင် မြတ်ဗုဒ္ဓ ဟောတာ မှန်လိုက်တာ၊ ဖြစ်စဉ်တွေဟာ ဒက်ထိ ကွက်တိပါပဲဟု အလိုလိုသိ၊ တရားတော်နှင့် ညှိကြည့်၊ ဟုတ် ဟုတ်၍နေသည်ကို နားလည် လာပါလိမ့်မည် လေ့ကျင့်မှု နည်းလမ်း(Method) ကလည်း မှန်လျှင် ပြည့်စုံပြီဖြစ်၏။

ထို့အတူပင် မေတ္တာသုတ်သည် တရားအားထုတ်သော ရဟန်းပုဂ္ဂိုလ်များ လိုက်နာရမည့် တရားလမ်းညွှန်များ ဟုလည်း နားလည်ထားရပါမည်။

သိရမည့်(Process) တရားတော်များနှင့် ကျင့်ရမည့်(Method) တရားတော်များကို ခွဲခြားသိမြင် ပြီးသော် သိစရာများကို သိအောင်လုပ်၍ ကျင့်စရာကို ကျင့်လျှင် လိုရာခရီးရောက်မည် ဖြစ်ပါသည်။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက လိမ်းဆေးကို သောက်ဆေး၊ သောက်ဆေးကို လိမ်းဆေးအဖြစ် မမှားစေရန် သတိပေးတော် မူလေ့ရှိပါသည်။

စာပြုသူ ကျွန်တော်က မိုးကုတ်ဆရာတော်ဘုရားကြီးဟု ညွှန်းသောကြောင့် စာဖတ်သူ လူငယ် လူလတ်များ သိလိုလိမ့်မည် ထင်သော အကြောင်းအရာတစ်ခုကို တင်ပြလိုပါသေးသည်။

မြတ်ဗုဒ္ဓဟောကြားသောဝိပဿနာတရားတော်သည်လွန်စွာကျယ်ပြန့်ပါသည်။အားထုတ် ရန်နည်းလမ်း ပေါင်းများးစွာရှိပါသည်၊ယင်းနည်းလမ်းများထဲမှမိမိကိုယ်တိုင် အားထုတ်ကြည့်ရင်း သဘောကျ နှစ်ခြိုက် ဉာဏ်အမြင် မှန်ကန်စွာ ရသောကြောင့် ဒီလိုလုပ်ကြည့်ဟု ခိုင်းသည်ကို အမည်ပညတ် လိုက်တပ်သောအခါ ဘာနည်း၊ ညာနည်း၊ ဖြစ်ကုန်ကြခြင်း ဖြစ်ပါသည်။

မည်သည့် သူတော်ကောင်း ပညာရှိ ဆရာတော်ကြီးများကမျှ “ငါ့ကိုယ်ပိုင်တရား” ဟု ပြောလိမ့်မည် မဟုတ်သည်ကို ယုံကြည်ထားကြစေလို ပါသည်။

ဥပမာပြောရလျှင် ခု စာရေးသူ ကျွန်တော်တို့လို ပါမွှားပင်လျှင် မြတ်ဗုဒ္ဓ၏ တရားတော်များကို လေ့လာ သင်ယူ ကျင့်သုံး၍ သဘော နည်းနည်းပေါက်ရုံမျှနှင့်ပင် မြတ်ဗုဒ္ဓ တရားတော်များကို မြတ်နိုးလာပါသည်။

လက်တွေ့ လွန်စွာအားထုတ်၍ ဉာဏ်အမြင် ရင့်သန်ကြကုန်သော သူတော်ကောင်း ပညာရှိများ ဆိုလျှင်ကား ဘာမျှဆိုစရာ မလိုတော့ပါ၊ ယောင်၍ပင် ငါ့နည်းလုပ်၍ ကျေးဇူးကန်းစကား ဆိုလိမ့်မည် မဟုတ် သည်ကို ယုံကြည်တော် မူကြပါ။

ဉာဏ်ပညာ နည်းပါးသူတို့၏ ကိုယ်နှုတ် မစောင့်စည်းမှုများကြောင့်သာ ဟိုနည်း၊ ဒီနည်း ပြောဝံ့နေကြ ခြင်းဖြစ်သည်ကို စာရှုသူတို့ ရှင်းလင်းသော ဉာဏ်အမြင် ရှိစေလိုပါသည်။

မြတ်ဗုဒ္ဓ၏ တရားတာ် အစစ်အမှန်များက သာလျှင် သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း သိစေ၍ အရိယမဂ်ကို ရစေမည်အမှန်ဟု ဒုန်းဒုန်းချ ယုံကြည်ထားစေလိုပါသည်။

စာရှုသူမိတ်ဆွေ-

သင့်ကိုတစုံတယောက်သောတရားပြပုဂ္ဂိုလ်ကဤဝိပဿနာကျင့်သုံးနည်းကားငါကိုယ်တိုင်ဖော်ထုတ် ထား သောနည်းအမှန်ဖြစ်ပေသည်-ဟုဆိုလာလျှင်ခနမဆိုင်း အလျင်အမြန် ထိုသူ ထံ မှ ဝေးရာသို့သာ ပြေးထွက်ပါတော့။

သင် ဒုက္ခရောက်မည့် လမ်းကြောင်းကိုသာ ထိုပုဂ္ဂိုလ်က ညွှန်ပြတော့မည် ဧကန်ဖြစ်ပါသည်။

စာရှုသူ လူငယ်လူလတ်တို့ခင်ဗျာ-

မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်တစ်ပုဒ်ကို ထုတ်နှုတ် တင်ပြလိုပါသည်။

ပါဠိတော်အားဖြင့်-

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊ သတ္တာနံ ၀ိသုဒ္ဓယာ၊ သောက ပရိဒေဝါနံ သမတိက္ကမာယ, ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ, ဉာယဿ အဓိဂမာယ, နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။

အဓိပ္ပါယ်မှာကား ရဟန်းတို့ အလုံးစုံသော သတ္တဝါ အပေါင်းတို့၏ စိတ်အညစ်အကြေးမှ ကင်းဝေး စင်ကြယ်ခြင်းငှာ၊ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းတို့ကို လွန်မြောက်ခြင်းငှာ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့၏ ချုပ်ငြိမ်းပျောက်ကွယ်ခြင်းငှာ၊ အရိယမဂ်ကို ရခြင်းငှာ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဤသတိပဌာန် တရား(၄)ပါးသာလျှင် တစ်ခုတည်းသောလမ်း တစ်ကြောင်း တည်း သောလမ်းပေတည်း (အနှစ်အသား လုံးဝ အပျက်မခံ အကျဉ်းချုပ်၍ ပညာရှိကြီးများ ဘာသာပြန်ဆိုချက်ကို ဖော်ပြထားခြင်း ဖြစ်ပါသည်။) ဟုဟော ကြားခဲ့ပါသည်။

မြတ်ဗုဒ္ဓသည် ဆန့်ကျင်သော အနက်အဓိပ္ပါယ် ထွက်စေသည့်စကား မည်သည့်အခါမျှ ဟောကြားခဲ့ခြင်း မရှိပါ။

ဧကာယနော အယံ မဂ္ဂေါ – တစ်ကြောင်းတည်းသောလမ်းဟု ပြတ်သားစွာ ဆိုခဲ့ပါသည်။

မည်သို့ပင် ပညတ်အားဖြင့် အခေါ်အဝေါ် ကွဲပြား ကွဲပြား-

မဟာစည်ဆရာတော် ဘုရားကြီးကလည်း သတိပဋ္ဌာန်သာ ဟောသည်။

ဖြစ်ပျက် ဖြစ်ပျက်ဟု မိုးကုတ်ဆရာတော်ဘုရားကြီး တရားကို အလွယ်သာ အပေါ်ယံရှပ် နားလည်နေ ကြသော်လည်း၊ ဖြစ်ပျက်ကို “သတိ” မပါပဲ လုံးဝမသိနိုင်။

စွန်းလွန်းဆရာတော် ဘုရားကြီး၏ ထိ သိ သတိ သည်လည်း သတိပဋ္ဌာန်တရားပင် ဖြစ်ပါသည်။

လယ်တီဆရာတော်ကြီး၏ မဟာဘူတ ရုပ်ရှုခြင်းသည်လည်း သတိပဋ္ဌာန် တရား တော် ပင် ဖြစ်ပါသည်။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဖြစ်ပါသည်။

နောက်ဆုံး သတိအားကောင်းသူသာ အမှန်ကို သိလိမ့်မည်၊ အမှန်ကိုသိလျှင် အမှားကိုလည်း သိလိမ့်မည်၊ ထိုမှ ထိုသူ၏ အသိဉာဏ် လုံးဝပြောင်းလဲ သွားပေလိမ့်မည်၊ ယင်းကို လောကုတ္တရာဉာဏ် မဂ်ဉာဏ်ဟု ခေါ်ပါသည်။ သတိအားကောင်းစေရန် ကျင့်စေသော အခြေခံလေးများ ကွဲပြားခြင်းသာ ရှိပါသည်၊ မည်သို့ပင်ဆိုစေ သတိပဋ္ဌာန်တရား လေးပါးမှ မလွတ်သည်ကို

ရှင်းလင်းစွာ နားလည်ထားရန် လိုပါသည်။

x x x

ဗောဓိပက္ခိယတရား ၃၇ ပါး ကိုအကြမ်းဖျဉ်းအားဖြင့်သိထားရန်လည်းလိုပါသည်။

၄င်းတို့မှာ-

သတိပဋ္ဌာန်တရား (၄)ပါး- ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ။

သမ္မပ္ပဓါန် (၄)ပါး –

· ဖြစ်ပြီးအကုသိုလ်တို့ကို ပါယ်ရန်လုံ့လပြုခြင်း၊

· မဖြစ်သေးသော အကုသိုလ်တို့ကို မဖြစ်ခြင်းငှာ လုံ့လပြုခြင်း၊

· ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် လုံ့လပြုခြင်း၊

· မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်အောင် လုံ့လပြုခြင်း။

ဣဒ္ဓိပါဒ် (၄)ပါး – ဣဒ္ဓိပါဒ်၏ သဘောသည် ပြီးစီးပြည့်စုံခြင်း အနက်ကိုဆောင်၏၊ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ စသည့် (၄)ပါး ဖြစ်၏။

ဣန္ဒြေ (၅) ပါး – အစိုးရခြင်း ပိုင်နိုင်ခြင်း သဘောဆောင်၏

· သဒ္ဓိန္ဒြေ – သဒ္ဓါစေတသိက် ကြည်လင်စူးစိုက်မှု အစိုးရခြင်း၊

· ဝီရိယိန္ဒြေ – ဝီရိယစေတသိက် မဆုတ်နစ်အောင် ထောက်ကန်အားပေးမှု ကို အစိုးရခြင်း၊

· သတိန္ဒြေ – သတိစေတသိက် သိမှုကို အစိုးရခြင်း၊

· သမာဓိန္ဒြေ – တခုတည်းသော အာရုံတွင် တည်ကြည်စေမှုကို အစိုးရခြင်း၊

· ပညိန္ဒြေ – အာရုံ၏သဘောအမှန်ကို ထိုးထွင်းသိမှု၌ အစိုးရခြင်း။

ဗိုလ် (၅)ပါး –

· သဒ္ဓါဗိုလ် – အားကြီးသော သဒ္ဓါစေတသိက် ယုံကြည်မှု၊

· ဝီရိယဗိုလ် – အားကြီးသော ဝီရိယ လုံ့လ ၊ ရဲရင့်ခြင်း၊

· သတိဗိုလ် – အားကြီးသော သတိစေတသိက် ခေါင်းဆောင်တရား၊

· သမာဓိဗိုလ် – အားကြီးသောသတိ ဧကဂ္ဂတာ စေတသိက်၊

· ပညာဗိုလ် – အားကြီးသောပညာ။

ဗောဇ္စျင်(၇)ပါး –

· သတိသဗ္ဗောဇ္စျင်် – သစ္စာလေးပါးကို သိကြောင်း အောက်မေ့မှုသတိ၊

· ဓမ္မဝိဇယသဗ္ဗောဇ္စျင်- စီစစ်တတ်သည့် ပညာ၊

· ဝီရိယ သဗ္ဗောဇ္စျင်- အားထုတ်မှု ဝီရိယ၊

· ပီတိ သဗ္ဗောဇ္စျင်- နှစ်သက်ရွှင်လန်းမှု ပီတိ၊

· ပဿဒ္ဓိသဗ္ဗောဇ္စျင်- ငြိမ်းအေးခြင်း၊

· သမာဓိသဗ္ဗောဇ္စျင်- တည်ကြည်ခြင်း ဧကဂ္ဂတာ၊

· ဥပေက္ခာသဗ္ဗောဇ္စျင်- လျစ်လျူရှုမှု စေတသိက်၊

မဂ္ဂင် (၈)ပါး

· သမာဒိဋ္ဌိ ကောင်းမွန်မှန်ကန်စွာ သိမှု၊

· သမ္မာသင်္ကပ္ပ ကောင်းမွန် မှန်ကန်စွာ ကြံစည်မှု၊

· သမ္မာ ၀ါယမ ကောင်းမွန် မှန်ကန်စွာ အားထုတ်မှု၊

· သမ္မာသတိ ကောင်းမွန် မှန်ကန်စွာ အောက်မေ့မှု၊

· သမ္မာ သမာဓိ ကောင်းမွန် မှန်ကန်စွာ တည်ကြည်မှု၊

· သမ္မာ ၀ါစာ ကောင်းမွန် မှန်ကန်စွာ ပြောဆိုမှု၊

· သမ္မာ ကမ္မန္တ ကောင်းမွန် မှန်ကန်စွာ ပြုလုပ်မှု၊

· သမ္မာအာဇီဝ ကောင်းမွန် မှန်ကန်စွာ အသက်မွေးမှု။

ထို ဗောဓိပက္ခယတရား ၃၇ ပါးကို အနှစ်ချုပ်သော်၊ မဂ္ဂင် ၈ ပါးသာရသည်၊ ထိုမဂ္ဂင် ၈ ပါး ကိုအနှစ် ချုပ်သော် သီလ၊ သမာဓိ၊ ပညာ သိက္ခာ (၃)ပါးရသည်။ (အောက်မှ အထက်တက်ပါ)။ ဗောဓိပက္ခိယတရား ၃၇ ပါး အကျယ်ကို အချိန်ရလျှင် သင်တန်းများတက်၍ ဆရာတော်၊ လူပုဂ္ဂိုလ်များ ထံမှ ကောင်းစွာ သင်ယူသင့်ပါသည်။

ထို့ထက် အနှစ်ချုပ်သော် ရှုမှတ်မှုတစ်ချက်တွင် အကုန်လုံး အကြုံးဝင်ကြောင်းကို နောက်ဆုံးခန်း ၀ိပဿနာ တရားအားထုတ်ပုံတွင် တင်ပြပါမည်။

ပိုင်းလော့ဆရာတော်ကြီး(သို့မဟုတ်) ဆရာတော် အရှင်ဇေယျပဏ္ဍိတ၏ ဥပမာဖြင့် ပေးရသော်၊ ဘောပင်တစ်ချောင်း၏ ကိုယ်ထည်သည် ဗောဓိပက္ခယ တရား ၃၇ ပါးဖြစ်၍၊ စာရေးသော Ball point လေးသည် ရှုမှတ်မှုနှင့် တူသည်ဟု ရှင်းပြခဲ့သည်ကို ကျွန်တော်နာယူရင်း အလွန် ရှင်းလင်းစွာ သဘောပေါက်ဖူး ပါသည်။

Ball point လေး လှုပ်ရှားနေနိုင်ခြင်းမှာ ကိုယ်ထည်၏ အကြောင်း အထောက်အပံ့ ပါမှသာ ဖြစ်နိုင်ပါ သည်။

နောက်အခန်းရောက်လျှင် ဆောင်းပါးအားလုံး နိဂုံးချုပ်ပြီးစီး ပါတော့မည်။

သိစေလိုသည်များကတော့အများကြီးကျန်ပါသေးသည်။

ဆောင်းပါးရှည်နေသဖြင့်လည်းစာဖတ်သူများကိုအားနာပါသည်။

စိတ်ရှည်အချိန်ပေးဖတ်ရှုကြသည့်အလျှောက်အကျိုးလည်းရှိကြစေလိုပါသည်။

4 Comments

  1. သန်းထွန်း said,

    April 21, 2010 at 2:30 am

    အထက်က မိတ်ဆွေ၏ မျှဝေမှုသည် မြတ်စွာဘုရားရှင်များနှင့် အရိယာအပေါင်းတို့ နိဗ္ဗာန်သို့ သွားရာတွင် စီးနှင်းကြသည့် ဓမ္မရွှေသင်္ဘောပင်ဖြစ်လေပြီ။ ၄င်းသင်္ဘောကို တက်နိုင်အောင်ပင် ကြိုးစာကြရန်ရှိပါတော့သည်။ ၄င်းသင်္ဘောသည် အရက်သမားကိုသောလည်းကောင်း ဘိန်းသမားကိုတေသ်ာလည်းကောင်း မငြင်းပယ်ပေ တက်စီးဖို့ရန် ကြိုးစားသူမှန်သမျှကို တင်ဆောင်ပါမည်။ လက်မှတ်ကား ဖြစ်ပျက်ကို ရှုမှတ်သိမြင်ခြင်ပင်။

    • unayyee said,

      June 21, 2010 at 11:19 am

      ဆရာ့ရဲ့မှတ်ချက်လေးကိုဖတ်မိပြီးအနှစ်သာရကိုသိမြင်ကြတဲ့၊ သိမြင်နိုင်ကြတဲ့ဗုဒ္ဓဘာသာဝင်များဖြစ်ရတာကြေနပ်စရာပါ ဆရာ့ဆိုလိုတဲ့လက်မှတ်ကတော့ “သတိ” ပါ။ ကျေးဇူးတင်ပါတယ်။

  2. U Aye Chit said,

    January 4, 2010 at 11:30 am

    Dear U Nay Yee,
    I want you explain youths how to practice meditation step by step ,how one can earn what benefits and how one can understand whether he or she attains the enlightenment.
    Thanks for your sharing the Dhamma.
    Aye Chit
    6 pm,4-1-2010,Monday

  3. ကိုမင်း said,

    January 4, 2010 at 11:20 am

    ကို နေရီခင်ဗျာ…
    နောင်လည်း ဆက်လည် မျှဝေပါဦး ခင်ဗျာ…


Leave a comment