ချစ်တာထက်မေတ္တာပို

မဟာမြိုင်တောရဆရာတော် ဦးဇောတိက ဟောကြားတော်မူသော တရားတော်တစ်ပုဒ်တွင် လူနှင့်တိရစ္ဆာန်တို့၏ အဓိကခြားနားချက်တစ်ခု ပါဝင်သည်ကို သတိထား၍ နာကြားဖူးခဲ့သည်။

စာသားအတိအကျ တင်ပြနိုင်လောက်အောင် မမှတ်မိတော့သော်လည်း၊ ဆိုလိုရင်းမှာ လူသည်သင်ကြားပေးရန် လိုသောသတ္တဝါဖြစ်သည် ဟူသောအချက်ကို ဆရာတော်ကဆိုလိုခြင်းဖြစ်သည်။

မွေးစ တိရစ္ဆာန်ငယ်တစ်ကောင်သည် မိခင်၏ယုယဖေးမမှု မရသော်လည်း ထိုတိရစ္ဆာန်၏ မွေးရာပါ အရည် အချင်းကြောင့် သူ၏အသက်ရှင်သန် ဖြစ်ထွန်းမှုအတွက် သူကိုယ်တိုင် ပြုလုပ်နိုင်စွမ်းရှိသည်။ ဥပမာအားဖြင့် ခွေးမကြီး တစ်ကောင်က မွေးဖွါးလိုက်သော ခွေးငယ်လေးများသည် မွေးပြီးပြီးချင်း၊ နို့စို့ရကောင်းမှန်း သိကြသည်။ သိရုံမျှမက မိခင်နို့ကိုရအောင် ရှာဖွေတတ်ကြသည်။ မထွေးပွေ့ရပဲလျက် နို့စို့တတ်ကြသည်။

လူကား ထိုကဲ့သို့မဟုတ်။ မွေးရာပါ အရည်အချင်းမရှိ။ သိတတ်သူမှ မသိတတ်သူကို ပြုစုစောင့်ရှောက် သင်ကြားပေးရသည်။ မိခင်ဝမ်းမှ ကျွတ်စကလေးငယ်သည် နို့စို့ချင်သည်တော့မှန်သည်။ သို့သော် မွေးရာပါ အရည် အချင်းမရှိသောကြောင့် မိခင်ရှိရာဘက် လှမ်း၍မသွားနိုင်။ မိခင်က ပွေ့ယူချီမပေးရသည်။

သို့သော် ထိုမွေးရာပါ အရည်အချင်းရှိသော တိရစ္ဆာန်အား သင်ကြားပေးသော် အတိုင်းအတာတစ်ခုအထိသာ ရသည်။ အဆုံးမရှိ မတတ်မြောက်နိုင်။ မွေးရာပါ အရည်အချင်းမရှိသော လူသားကား သင်ကြားပေးခဲ့သော်၊ အဆုံးမရှိ တတ်သိနားလည်သွားကြ၏ဟု ဆရာတော်ကဟောကြားပါသည်။ထိုကြောင့် လူကိုသင်ကြားပေးရန် လိုသည်ဟုဆို၏။

ကျွန်တော်၏အသက်အရွယ်အရ၊ လုပ်ငန်းအတွေ့အကြုံအရ၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံမှု အတွေ့အကြုံ အရ ဆရာတော်၏ဟောတရားသည် အလွန်မှန်ကန်ကြောင်းတွေ့ရပါသည်။

x x x

ကျွန်တော်၏ဘဝ တစ်စိတ်တစ်ပိုင်း ဝမ်းစာရှာဖွေမှုကို ‘သင်္ဘောသား’ အလုပ်ဖြင့် ရှာဖွေခဲ့ရဖူးသည်။ အထက်ပိုင်း အရာရှိများအဖြစ် ဂျပန်လူမျိုးများဖြင့် ဖွဲ့စည်းထားသော သင်္ဘောကုမ္ပဏီတွင် လုပ်သက်စုစုပေါင်း ၂၈ လတိုင်တိုင် လုပ် ကိုင်ခဲ့ဖူးသည်။

ကျွန်တော်တို့သင်္ဘောရှိ ဂျပန်အရာရှိများအားလုံးလိုလို အလွန်အလုပ်လုပ်ကြသည်။ အလုပ်မလုပ်ရမနေ နိုင်သူ များကို Workaholics ဟုခေါ်ဝေါ်သုံးစွဲသည်ဟု ကြားဖူးပါသည်။ လက်တွေ့အနေဖြင့်မူ မကြုံဖူးခဲ့။ ဂျပန် သင်္ဘော ရောက် မှသာ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

ယင်းဂျပန်သင်္ဘောအရာရှိများအနက်အင်ဂျင်နီယာမှူး( Chief Engineer )မှာကား တော်တော့်ကို အလုပ် မလုပ် ရမနေနိုင်သောပုဂ္ဂိုလ်ဖြစ်သည်။

ဆိပ်ကမ်းမကပ်ရမီ သင်္ဘောကျောက်ချ၍ နှစ်ရက်၊ သုံးရက်နေခွင့်ရပြီဆိုလျှင်၊ သူ၏ ယုန်သွားလေးကိုဖြဲ၍ ပျော် နေတတ်သည်။ တိုက်ရိုက်ဆိပ်ကမ်းကပ်ရမည်ဆိုလျှင်တော့ ယုန်သွားလေးလည်း မတွေ့ရတော့။ စူပုတ်ထားသောမျက်နှာ နှင့် ဆောင့်အောင့်နေတတ်သည်။

သင်္ဘောဆိပ်ကမ်းကပ် ကုန်ချရန်ဆိုလျှင် ၂၄ နာရီမှ ၃၆ နာရီအတွင်းကြာတတ်သည်။ ကုန်တင်ရမည်ဆိုလျှင် တော့ ဆယ့်လေးငါးနာရီဖြင့် ပြီးသွားတတ်သည်။

သူ့သင်္ဘောအင်ဂျင်ကို သူ့စိတ်တိုင်းကျမကိုင်ရလျှင် သူမပျော်ရွှင်တော့။ ကျောက်ချထားချိန် ဆိပ်ကမ်းကပ်ချိန် လောက်သာ အင်ဂျင်ကလည်း ပြုပြင်မွမ်းမံ၍ရသည်။ ခရီးသွားနေစဉ် ခေတ္တနား၍ပြုပြင်မွမ်းမံရန် အခွင့်ရနိုင်သောအရာ မဟုတ်။

မိမိ၏တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ခွင့်ရမှ ကြေနပ်တတ်သည့် သူ၏စိတ်ဓါတ်သည် မည်ကဲ့သို့ ရရှိလာ ပါသနည်း။

x x x

ကျွန်တော် ဂျပန်နိုင်ငံသို့ မကြာခဏရောက်ဖူးသည်။ ဆိပ်ကမ်းကပ်ပြီးနောက် အလုပ်ပြီးလျှင် ဆိပ်ကမ်းဆင်း (Go shore ဟုပြောလေ့ရှိသည်) ဈေးဝယ်၊ လည်ပတ် ဗဟုသုတရှာဖြစ်သည်။

အရပ်တကာသွားရင်း ကလေးများကျောင်းတက်ကျောင်းဆင်း သွားကြသည်ကိုလည်း တွေ့ဖူးသည်။ ကလေးများကို မိဘများက ကျောင်းလိုက်ပို့သည်ကို မတွေ့ဖူးခဲ့ပါ။ကလေးများ အုပ်စုလိုက် ကားလမ်း များ ဖြတ် ကူးသွားကြသည်။ လမ်းအချက်ပြမီးများကြည့်၍ သူတို့အားကိုးနှင့် သူတို့ဖြတ်သန်းကြသည်။ ကားမောင်းသူများကလည်း ကလေးများဖြတ်သန်းနေလျှင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးကြသည်ကို တွေ့ရသည်။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုမွေးကြဟု သင်ကြားပေးနေသကဲ့သို့ ခံစားရသည်။

အထူးခြားဆုံးကား ဂျပန်စာအုပ်ဆိုင်များဖြစ်သည်။ ကျောင်းသားကလေးများ ဝင်ရောက်လာပြီး၊ သူတို့ နှစ် သက် ရာ စာအုပ်များကိုယူ၍ ဆိုင်တွင်းတစ်နေရာရာထိုင်၍ ဖတ်နေသည်ကို စိတ်ရှည်စွာ ခွင့်ပြုထားကြသည်။ ကလေးများ အခမဲ့ ဖတ်ချင်သလောက် ဖတ်ခွင့်ပြုသည်။ ကလေးများကလည်း စာအုပ်ဆိုင်ထဲရောက်လျှင် မျက်နှာနှင့်စာအုပ်အပ်ပြီး သည်နှင့် စာအုပ်ထဲသာ စိတ်ရှိနေတတ်ကြသည်။ နောက်ပြောင်ဆော့ကစား စကားများတာတွေ မတွေ့ရ။ လူဆိုတာ စာ များများဖတ်ခြင်းဖြင့် ဗဟုသုတကိုရှာဖွေရမည်ဟု သင်ကြားပေးနေသကဲ့သို့မြင်ခဲ့ရသည်။

တခါက ဂျပန်နိုင်ငံ ဈေးတန်းတခုအတွင်း ဖြတ်သွားရင်း၊ ကျွန်တော်သတိထားခဲ့မိတာ တစ်ခုရှိသည်။

မြင်ကွင်းကား ရိုးရိုးလေးဖြစ်သည်။ ဂျပန်မိခင်တစ်ယောက် ဈေးဝယ်ထွက်လာခြင်းသာ၊ သူ၏ကလေး (လေးငါး လသားလောက်ရှိမည်ထင်သည်)ကို ကြောတွင်သိုင်းထား၍ ဈေးဝယ်နေခြင်းမျှသာ၊ ကလေးအမေက ဝယ်ယူပြီး၊ ပစ္စည်းများကို ပလပ်စတစ်အိတ်တွင်ထည့်၍ လက်မှဆွဲထားသည်။ ထို့ပြင် သူ၏ကြောပိုးအိတ်ထဲမှ ကလေးလေး၏ လက် တွင် ပလပ်စတစ် ကျွတ်ကျွတ်အိတ်အလွတ်ကလေးကို ထည့်ပေးထားခြင်းကား ကျွန်တော့်အတွက်တော့ ထူးလည်း ထူးခြားသည်။ အမေ၏ဉာဏ်အမြော် အမြင်ကိုကျွန်တော် လေးစားမိသည်။

ကလေးနှင့်လိုက်ဖက်သော တာဝန်တစ်ခု ပေးတတ်ခြင်းကပင် အမေ၏ကောင်းမွန်သော ဗဟုသုတဖြစ်တော့၏။

”လူသည် အလုပ်လုပ်ရမည်၊ နိုင်ရာဝန်ထမ်းရမည်” ဟု အသံတိတ်သင်ကြားပေးနေခြင်း ဖြစ်နိုင်သည်။

ကျွန်တော် ကြုံဆုံခဲ့ဖူးသော သင်္ဘောအင်ဂျင်နီယာမှူးကြီး၏အမေသည် ကျွန်တော်တွေ့ခဲ့ဖူးသော ကြောပိုးအိတ် ထဲမှကလေးကို ကျွတ်ကျွတ်အိတ်အလွတ်တစ်လုံးကို ကိုင်ထားစေသောအမေမျိုးဖြစ်ခဲ့မှာ သေချာသလောက်ဖြစ်သည် ဟု ကျွန်တော်ထင်မိသည်။

ကျွန်တော်၏ထင်မြင်ယူဆချက် မှန်မမှန်ကိုတော့ သားသမီးများကို အလွန်ကောင်းစားစေလိုသော ကျွန်တော်တို့ အဖေ အမေများ တွေးတောဆင်ချင်စဉ်းစားကြည့်ကြစေလိုပါသည်။

ချစ်ခြင်းဆိုသည်မှာကိုယ့်အလိုကျ ကိုယ်ပိုင်ကျေနပ်ခံစားမှုက သာလွန်၍မေတ္တာဆိုသည်ကား တဖက်သား ကောင်းစားစေလိုသော သဘောသွား ပို၍အလေးကဲသည်ကိုလည်း ကျွန်တော်တို့သတိမူသင့်သည်ဟု ထင်ပါသည်။

အတွေးသစ်ဂျာနယ် အတွဲ(၉) အမှတ်စဉ်(၄၀၇) ၂၂-၀၉-၂၀၀၈

ဗေဒင်ဆရာကြီး ကောဏ္ဍညဗေဒင်ယုံပါသလား

“ဗေဒင်ဆိုတာ မှန်သလား” ဟု မေးလျှင် မှန်သည့်ဘက်က ပိုများသည်ဟု ဖြေရပေလိမ့်မည်။

ဤနေရာတွင် ကျွန်တော်ဆိုလိုသော ဗေဒင်မှာ “နက္ခတ်ဗေဒင်”ကို ဆိုလိုခြင်းဖြစ်ပါသည်။

အခြားတွက်ချက်ဟောပြောမှုများကိုမူကျွန်တော်ကိုယ်တိုင်လေ့လာဖူးသည်မဟုတ်သောကြောင့်မပြောလို၊ မှတ်ချက် မပေးလိုပါ။

အောက်ဖော်ပြပါ အကြောင်းအရာတို့ပေါ် မူတည်၍ ဗေဒင်မှန်ကြောင်းကို လက်ခံနိုင်ဖွယ် ရှိပါသည်-

ဗုဒ္ဓမြတ်စွာဘုရား အလောင်းအလျာသိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူပြီးသည်နှင့် ကောဏ္ဍညနှင့် အခြားသော ဗေဒင်ပညာရှိများ ဗေဒင်ဟောရာတွင် အခြားဗေဒင်ဆရာကြီးများက အတိအကျ မဟောနိုင်သော်လည်း၊ အသက်အရွယ် အားဖြင့် အငယ်ဆုံး၊ ပညာအားဖြင့် အကြီးဆုံးဖြစ်သော ကောဏ္ဍညပုဏ္ဏားကမူ “ဧကန်စင်စစ် ဘုရားဖြစ်မည်” ဟု ဟောခဲ့ ဖူးသည် မဟုတ်ပါလော၊ ဟောကြားရုံမျှသာမဟုတ်၊ သူကိုယ်တိုင်ပင် ယုံကြည်၍ ဘုရားဦးဖူးရန်၊ တရားဦးနာရန် သိဒ္ဓတ္ထ မင်းသား တောမထွက်မီ ကြိုတင်၍ တောသို့ဝင်ကာ စောင့်နေခဲ့သည်။ ဘုရားလည်း ဖြစ်ခဲ့သည် မဟုတ်ပါလော။

ဆရာသိပ္ပံမောင်ဝ၏စစ်အတွင်းနေ့စဉ်မှတ်တမ်းများစာအုပ်၏နောက်ဆုံးစာမျက်နှာသည်လည်းဗေဒင်မှန်ကြောင်း ပြဆိုသွားသောသက်သေသာဓကပင်တည်း။ ၅ ဇွန်၄၂မှတ်တမ်း ၌ သူ ယခုနှစ် မွေးနေ့မတိုင်မီ သေလောက်သောဘေးနှင့် တွေ့လိမ့်မည်ဟု သူ့မိတ်ဆွေ ဗေဒင်ဆရာက လွန်ခဲ့သော ရှစ်နှစ်ခန့်က ဟောခဲ့သည်။ ည ၁၂ နာရီကျော်လျှင် ထိုဘေးမှ လွန်မြောက်ရတော့မည်ဟု ၀မ်းသာခဲ့သည်ဟု နေ့စဉ်မှတ်တမ်းတွင် ရေးခဲ့သည်။ သို့သော် ဆရာသည် ၆ ဇွန် ၄၂ နံနက်လင်းအားကြီး၌ပင် လူဆိုးများ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။ (ဗေဒင်ဆရာများက တစ်နေ့ကို တွက်ရာတွင် နံနက် ၆ နာရီမှ နောက်နေ့နံနက် ၆ နာရီအထိ ယူကြသည်။)

ကျွန်တော်ကိုယ်တိုင်လည်း ရက်စွဲနှင့်တကွ တိတိကျကျ ဗေဒင် အဟောခံခဲ့ရဖူး၍ မှန်လည်း မှန်ကန်ခဲ့သဖြင့် လွန်စွာအံ့သြခဲ့ရဖူးပါသည်။

စာဖတ်သူများအနေနှင့်လည်း မိမိတို့ကိုယ်တိုင် ဗေဒင်မှန်ကန်သည်ကို ကြုံတွေ့ဖူးကြပေလိမ့်မည်။

ထို့ကြောင့်ပင် ကျွန်တော်သည် ဗေဒင်ပညာကို စိတ်ဝင်စားခဲ့ဖူးပါသည်။ ကျွန်တော့်တွင် ဗေဒင်ပညာကို လေ့လာ လိုက်စားနေသော သူငယ်ချင်းနှစ်ယောက် ရှိခဲ့ဖူးသည်။ သူတို့က ကျွန်တော်ခရီးထွက်ရန် ကိစ္စကြုံလျှင် ဟောကြတော့ သည်။ ဘယ်နေ့သွားရမည်၊ ဘယ်နေ့လောက် ပြန်ရောက်မည်ကအစ ဟောကြသည်၊ မှန်သည်ကများသည်။ ထို့ကြောင့် ကျွန်တော်က ထိုသူနှစ်ယောက် ပို၍မှန်ကန်အောင် ဟောနိုင်ရန် ကောင်းပေ့ ညွန့်ပေ့ ရှားပေ့ဆိုသော ဗေဒင်ကျမ်းများကို ၀ယ်ယူစုဆောင်းပေးသည်။ လေ့လာသူက နှစ်ယောက်ဖြစ်နေသောကြောင့် ကျွန်တော်၏အိမ်တွင် စာအုပ်ဗီရိုတစ်ခု လုပ်ထားပြီး၊ ထည့်ပေးထားသည်။ ယူဖတ်-ပြန်ထား ပုံစံဖြင့် ပံ့ပိုးမှု ပြုပေးခဲ့သည်။

ကိုယ်တိုင်ကလည်း စိတ်ဝင်စားမိသည်တစ်ကြောင်း၊ စာအုပ်များလည်း ပြည့်စုံနေသောကြောင့် ကျွန်တော်ပါ လေ့လာသူ စာရင်းဝင်သွားတော့သည်။ ဗေဒင် Software များလည်း လွယ်ကူစွာ ရရှိနိုင်သောကြောင့် Computer တွင်ထည့် တြိစက္ကဇာတာထုတ်၊ နောက်တော့ ကိုယ်နှင့် ရင်းနှီးသူများ၏ ဇာတာများဖွဲ့၊ သူတို့၏ဘ၀များနှင့် တိုက်ဆိုင် လေ့လာဖြင့် ဗေဒင်ကို အတော်အသင့် နားလည်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဗေဒင်ဆရာကြီး အချို့ထံမှလည်း နည်းခံမှတ်သား ခဲ့ဖူးပါသည်။

ဤဗေဒင်ပညာကို လေ့လာနေစဉ်အတွင်း နီးစပ်ရာ မိတ်ဆွေများကို ဆွေးနွေးအကြံပေးခဲ့ဖူးပါသည်။ ငွေကြေး တစ်စုံတစ်ရာမယူ၊ သုတေသနပြုရလျှင်ပင် ကျေနပ်နေခဲ့ခြင်း ဖြစ်ပါသည်။ ယင်းပညာသည် သိပ္ပံပညာတစ်ရပ်ဟုလည်း ယူဆမိသောကြောင့် မိမိကိုယ်ကို ကျေနပ်နေခဲ့မိခြင်း ဖြစ်ပါသည်။ ၀င်ငွေမရှိ၊ ထွက်ငွေသာရှိသော အလုပ်ပါတည်း။ သုတေသနဟူသည် ဤကဲ့သို့ စိတ်ထားနိုင်မှ လုပ်၍ရသော အလုပ်မျိုး ဖြစ်သည်။

ကိုယ်ကိုယ်တိုင်သေချာသုတေသနလုပ်လာသောအခါတွင်ကားဟောချက်များသည်ယေဘုယျ အမှန်သဘော မျှကိုသာ ဆောင်သည်ကို တွေ့ရသည်။ မှန်သောအခါ မှန်လိုက်၊ မှားသောအခါ မှားလိုက်နှင့် လုံးချာလည် နေတော့၏။ မှန်ရမည်ဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချခဲ့သော်လည်း၊ မှားချင်မှားနေပြန်သည်၊ မမှန်နိုင်ဟု ထင်သော်လည်း မှန်၍ နေ တတ်ပြန်သည်။

တွက်နည်းမှန်သော်လည်း အဘယ်ကြောင့် အဖြေမှားရ ပြန်ပါသနည်း။ ကျွန်တော် ဉာဏ်မမီတော့။

x x x

လွန်ခဲ့သော ၂၀၀၄ ခုနစ် နှစ်ဆန်းပိုင်းမှစ၍ ကျွန်တော့်ဘ၀ တစ်ဆစ်ချိုး ရောက်ခဲ့သည်။ ဗုဒ္ဓ၏ တရားတော်များ အပေါ် သက်ဝင်ယုံကြည်မှုဖြင့် လေ့လာခဲ့သည်။ လေ့လာမှုရော အားထုတ်မှုပါ ပူးတွဲလုပ်ဆောင်ခဲ့သော်လည်း၊ ပရိယတ္တိ အားနည်းမှုကြောင့် ဗေဒင်ပညာကို လုံးဝ စွန့်ပါယ်နိုင်စွမ်း အားနည်းနေခဲ့သေးသည်။

တစ်ရက်တွင် ကျွန်တော်၏နေအိမ်သို့ ကျွန်တော့်ဇနီး၏တူမ (တူတော်မောင်၏ဇနီး) ရောက်လာခဲ့သည်။ မျက်နှာ မကောင်း၊ တူတော်မောင်မှာ ”စီပိုး” ကပ်ရောက်ခံရသည် ဟူသော သတင်းယူဆောင်လာသည်။ သက်ဆိုင်သူမှန်သမျှ အပူလုံးကြွရ၏။ တူတော်မောင်က လုပ်ငန်းကြီး လုပ်ကိုင်၍ စီးပွါးတောင့်တင်းသူ ဖြစ်သောကြောင့် တစ်ကြောင်း၊ အသက် အရွယ်မှာလည်း ငယ်ရွယ်သေးသည်တစ်ကြောင်းကြောင့် “မသေစေလိုကြသေး”။ ကျွန်တော့် အနေဖြင့်မူ မလွှဲရှောင်နိုင် သောအနေအထားမို့အမြတ်ဆုံးဝိပဿနာဆေးသာစားသုံးစေလိုသည်။ကျွန်တော့်ဇနီးကမူ အဒေါ်အရင်းလည်း ဖြစ်သည်မို့ သူတို့လာခေါ်သော ကားနှင့်ပင် နှစ်သိမ့်ရန် လိုက်ပါသွားသည်။ သူတို့ မထွက်ခွါမီ တူမောင်၏ မွေးနေ့သက္ကရာဇ်၊ မွေးချိန်အတိအကျ တောင်းယူရင်း ကွန်ပြူတာကို ဖွင့်မိပြန်သည်။

အဘယ့်ကြောင့်ဆိုသော် တူမောင်မှာ လွန်စွာ စိတ်ဝင်စားစရာကောင်းသူဖြစ်ပါသည်။ ငယ်စဉ်က ချို့တဲ့သူ ဖြစ်သော်လည်း၊ ယခုအခါ အလွန်ကြီးမားသော လုပ်ငန်းကြီးများ၊ ငွေကြေးဥစ္စာဓနများ ပိုင်ဆိုင်နေသူ ဖြစ်သောကြောင့် “ဗေဒင်သုတေသန” လုပ်လိုသော ကျွန်တော့်အတွက် အထူးစိတ်ဝင်စားမိခြင်း ဖြစ်ရပါသည်။

သူ၏ဇာတာကား အံ့သြဖွယ်ရာပါတည်း။ ၉ တန့်နှင့် ၁၀ တန့်သခင်တို့ အိမ်ချင်းဖလှယ်နေသော (ပရိဝတ္တနပြုနေ သော) ဇာတာဖြစ်၍ နေပေသည်။ အလွန်ကြီးမားသော ရာဇယုဂ်ပိုင်ရှင်ပါတည်း။ အသက်အန္တရာယ်ပိုင်း လေ့လာကြည့် သောအခါလည်း အန္တရာယ်ဖြစ်လောက်သော ဒဿာမရှိ၊ မူလဇာတာ၌ပင် အသက်တိုခြင်း အချက်အလက်မတွေ့၊ ဇနီးသည်ကို ပြန်လာပို့သော တူမတော်အား တွေ့သမျှလေး ပြောပြနှစ်သိမ့်ရသည်။

တစ်ပတ် နီးပါး အကြာတွင် တယ်လီဖုန်းဖြင့် အကြောင်းကြားလာသည်။ သွေးပြန်စစ်၊ ထပ်တလဲလဲ သေချာ စစ်ဆေးသော်လည်း “စီပိုး” ရှာမတွေ့ပါ၊ မူလစစ်ချက် မှားပါသည်။ ယခုတော့ ပြန်လည် ပျော်ရွှင်နေကြပါပြီ-တဲ့။

မမှန်ဟု ပြောမရသော ဗေဒင်ပညာ ဖြစ်နေပြန်ပါတော့သည်။

x x x

ဗုဒ္ဓကမူဗေဒင်ဟောခြင်း၊ ဂါထာဆောင်ခြင်း၊ အဆောက်အအုံ နေရာကောင်း ရွေးချယ်ခြင်း၊ ရက်ရာဇာ၊ ပြဿဒါး ရွေးချယ်ကျင့်သုံးခြင်း စသောအရာများကို “အနိမ့်စား တတ်သိမှု” ဟု ခေါ်ဆို သတ်မှတ်ခဲ့လေသည်။ (ဒီဃနိကာယ်)

အဘယ်ကြောင့် ဤကဲ့သို့ မိန့်မှာခဲ့သည်ကိုလည်း ဗဟုသုတ မပြည့်စုံခဲ့သော ကျွန်တော်ေ၀၀ါးနေခဲ့ရပါသည်။

ကျွန်တော်၏စိတ်အရှုတ်အထွေးကို ရှင်းလင်းပေးသော ပုဂ္ဂိုလ်မြတ်မှာကား မြောက်ဒဂုံ(၁၆)ရပ်ကွက်၊ မိုးညှင်း သိ`င်္ဂီကျောင်းတိုက်၊ ပဓာန နာယကဆရာတော် အရှင်ဇေယျပဏ္ဍိတ (ပိုင်းလော့ဆရာတော်) ဆရာတော်ကြီး ဖြစ်ပါသည်။

တရားစခန်းတစ်ခုဝင်စဉ် ဆရာတော်က ဗေဒင်ပညာများနှင့် ပတ်သက်၍ ဗေဒင်ပညာဆိုသည်မှာ “အကျိုးပေါ် မူတည်တွက်ချက်” ထားသော ပညာသာဖြစ်ကြောင်း ဟောကြားသည်ကို နာကြားရသည်နှင့် ကျွန်တော် ဉာဏ်အလင်း ပွင့် ပါတော့သည်၊ အလွန်မှန်သောစကားပေတည်း။ ဗေဒင်ပညာကို ကိုယ်တိုင်လေ့လာဖူး သောကြောင့်လည်း ချက်ချင်း သဘောပေါက်ရခြင်း ဖြစ်ပါသည်။ ဂြိုဟ်ကြီးကိုးလုံးပေါ် မူတည်၍ တွက်ချက်ခြင်းမျှသာ ဖြစ်သော ပညာရပ်ဖြစ်ပြီး၊ ဒီဂြိုဟ် ဒီမှာရှိနေလျှင် ဒါဖြစ်သည်ဟု သုတေသနပြုထားသော ကျမ်းများဖြစ်သောကြောင့် အချက်အလက်စုံလျှင် မှန်ပြန်၍၊ အချက်အလက်မစုံလျှင် အခြားအကြောင်းတစ်ရပ် ၀င်စွက်နေသည်ကို မသိလျှင် ရသောအဖြေ မှားပြန်တော့၏။

မြတ်ဗုဒ္ဓ၏ ဉာဏ်တော်ကား အတိုင်းအဆမရှိပါတည်း။

ထို့ကြောင့်ပင် ဗုဒ္ဓ၏တရားတော်ဟူသမျှသည် “အကြောင်း”ပေါ်တွင်သာ အခြေခံဟောကြားခဲ့ခြင်း ဖြစ်သော ကြောင့် အမှားမရှိရခြင်း ဖြစ်ရလေတော့သည်။

အကြောင်းကောင်းလျှင် အကျိုးကောင်းမည်။

အကြောင်းဆိုးလျှင် အကျိုးဆိုးမည်။

ဗုဒ္ဓ၏တရားတော်ကိုတစ်ဆင့်ပြန်လည်ဟောကြားသိစေခဲ့သည့်ဉာဏ်အလင်းပွင့်စေခဲ့သော ပိုင်းလော့ ဆရာ တော် ကြီးအားလည်း လွန်စွာကျေးဇူးတင်၍ ဦးတင်ပူဇော်မိပါသည်။

ပရိယတ္တိ၏ကျေးဇူးကား ကြီးမားလှပေစွ။ ထို့ကြောင့်ပင် ပရိယတ္တိကိုလည်း သိနိုင်သမျှ သိရှိရအောင် ကြိုးစားရပါ တော့သည်။

ပဌာန်းတရားတော်ကို သင်ယူနားလည်ပြီးသောအခါတွင်ကား “ရှင်း” ရုံမျှမက “လင်း”ပါတော့၏။

ဗေဒင်ပညာကို မမှန်ဟု မပြောပါ၊ သို့သော် ဘ၀ အလုံးစုံ ပုံ၍ အားကိုးထိုက်သော ပညာရပ်တော့ မဟုတ်သော ကြောင့် ဘ၀နှင့်ရင်းရတော့မည်၊ သိပ်အရေးကြီးပြီဆိုလျှင်တော့ ဗေဒင်ကို ဘ၀ပုံ၍ မယုံအပ်ဟု ယူဆမိပါသည်။ အလွန် ခိုင်မာသော အောက်ပါ အချက်လေးတင်ပြရင်း နိဂုံးချုပ်လိုပါသည်။

x x x

လက်ညှိုးတစ်ချောင်းသာထောင်၍ “သိဒ္ဓတ္ထမင်းသားသည် ဘုရားစင်စစ် ဧကန်ဖြစ်ရမည်” ဟု အတိအကျ ဟောပြောခဲ့သူဖြစ်ရုံမျှသာမကဘုရားဦးဖူးရန်၊တရားဦးနာရန်တောသို့ ဦးစွာဝင်၍ ကြိုတင်စောင့်ခဲ့သောသူ ပညာအကြီးဆုံး ဗေဒင်ဆရာကြီးကောဏ္ဍညပင်လျှင်သူ့ဗေဒင်ကို သူသံသယဖြစ်ခဲ့ဖူးပါသည်-ဟု ဆိုလျှင် စာဖတ်သူများ လက်ခံလိုလိမ့်မည် မဟုတ်ပါ။

အမှန်တကယ်ကား သူ့ဗေဒင်ကို သူမယုံခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော်-

ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားဒုက္ကရစရိယာခြောက်နှစ်ကျင့်ပြီးနောက်ဤအကျင့်ကားမှား၏ဟု ဆုံးဖြတ် ကာ ဆွမ်းပြန်ဘုဉ်းပေးရုံမျှ (ဘုရားမဖြစ်သေးသောကာလ ဖြစ်သောကြောင့် အစားအစာ ပြန်စားရုံမျှ)ကို ကြည့်၍ ဘုရားလောင်းသိဒ္ဓတ္ထကို ဘုရားမဖြစ်နိုင်တော့ဟု သံသယ၀င်ကာ စွန့်ခွါခဲ့ခြင်းကပင် ကောဏ္ဍညသည် သူ့ဗေဒင်ပညာကို သူမယုံခြင်း၏ ထင်ရှားသော သက်သေသာဓကပါတည်း။

ဗုဒ္ဓ၏တရားတော်၌ သံသယမ၀င် အမှန်မြင်၍ မိမိတို့၏ဘ၀များကို မိမိတို့ကိုယ်တိုင် အကြောင်းကောင်းအောင် ပြု၍ အကျိုးကောင်းများ ခံစားနိုင်ကြပါစေ။ ။

အတွဲ(၈)၊ အမှတ်စဉ်(၃၆၅) ၂၆-၁၁-၂၀၀၇(တနင်္လာနေ့)ထုတ် အတွေးသစ်ဂျာနယ်(the Creative journal)

ကိုယ်ကျင့်သိက္ခာ

ဤဆောင်းပါးတွင်စာရှုသူတို့ ရှေးဦးစွာသတိပြုစေလိုသည်မှာ-

အစုအဖွဲ့တစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံကို အကောင်းအဆိုးသတ်မှတ်ရာတွင် ထိုအစုအဖွဲ့ သို့မဟုတ် နိုင်ငံ တစ်နိုင်ငံ၏အများစု( Majority ) ကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။

အကောင်းအဆိုး၊ အမှားအမှန်ဆိုသည်မှာ သဘာဝဓမ္မအရ ဓွန်တွဲနေတတ်သောကြောင့် အကောင်း ချည်း ပဲ လည်းမရှိနိုင်၊ အဆိုးချည်းပဲလည်းမရှိနိုင်၊ ထို့ကြောင့်ပင် ကျွန်ုပ်တို့ အကောင်းအဆိုးသတ်မှတ်ခြင်းမှာ အများစုကို သတ် မှတ်ရခြင်းဖြစ်ပါသည်။

ဤဆောင်းပါးတွင် အဓိကဖော်ပြလိုသည်မှာ ”ကိုယ်ကျင့်သိက္ခာ” ကောင်းမှု၏ အကျိုးရလာဒ်ကို ကျွန်တော် ၏ အတွေ့အကြုံအရ ဖော်ပြခြင်းသာဖြစ်၍ ဒဿနတစ်ခုကိုထုတ်ဖော်တင်ပြခြင်းဟု မယူဆစေလိုပါ။

x x x

ကျွန်တော်သည် ဆက်သွယ်ရေးအရာရှိတစ်ယောက်အဖြစ် သင်္ဘောများတွင်တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ မှတ်မှတ်ရရ သင်္ဘောကုမ္ပဏီတစ်ခုတွင် သင်္ဘောတစ်စီးတည်း၌ (၂၈)လကြာတာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တစ်ဆက်တည်းတော့မဟုတ်။ (၁၅)လတစ်ခါ၊(၁၃)လတစ်ခါဖြစ်သည်။ သင်္ဘောအမည်မှာ MV.Oceania ဖြစ်သည်။

ထိုသင်္ဘောမှာ ဂျပန်ကုမ္ပဏီ Osaka Shipping ပိုင်သင်္ဘောဖြစ်၍သင်္ဘောကပ္ပတိန် ၊ ပထမအရာရှိ၊ အင်ဂျင်နီယာချုပ်၊ ပထမအင်ဂျင်နီယာနှင့် စတုတ္ထအင်ဂျင်နီယာများမှာ ဂျပန်လူမျိုးများဖြစ်၍ ကျန်သင်္ဘောအရာရှိ သင်္ဘောသားများအားလုံးမှာ မြန်မာများဖြစ်ကြသည်။

ဂျပန်လူမျိုးတို့သည် အင်္ဂလိပ်စကားပြောရာတွင် အလွန်အားနည်းကြသည်။ သူတို့၏စာပေသည် သူတို့ နိုင်ငံသားများ အားကိုးလောက်သောစာပေဖြစ်နေခြင်းကပင် သူတို့ အင်္ဂလိပ်စာအားနည်းရခြင်း၏ အဓိကအချက် ဖြစ်သည်ဟု ကျွန်တော်ယူဆသည်။

တစ်ကမ္ဘာလုံးက ဘာသာပေါင်းစုံဖြင့် ထွက်သမျှစာပေ (အထူးသဖြင့် အင်္ဂလိပ်စာ)မှန်သမျှကို သူတို့ဘာသာပြန်၍ ထုတ်ဝေဖတ်ရှုနိုင်ကြသည်။

ပညာရေး၊စီးပွါးရေး၊ လူမှုရေး၊ သိပ္ပံပညာရပ်ဆိုင်ရာများကတော့ အထူးပြည့်စုံသည်။

ကိုယ်ပိုင်စာနှင့် စာစုံဖတ်ရှုလေ့လာသင်ကြားခွင့် ရကြသောကြောင့် တစ်ခြားဘာသာစာကို အထူး လေ့လာစရာမလိုဖြစ်နေကြသည်။

ထို့အတူသင်္ဘောပေါ်မှ အရာရှိများလည်း အင်္ဂလိပ်စကားအားနည်းကြသောကြောင့် ဆက်သွယ်ရေး အရာရှိ ဖြစ်သော ကျွန်တော်သည် သူတို့အတွက် အတော် အသုံးတည့်သူဖြစ်နေတော့သည်။ဆိပ်ကမ်းကပ်တိုင်း မဖြစ် မနေ ဆောင်ရွက်ရသော Port Clearance ကို ကျွန်တော်ကပင်တာဝန်ခံဆောင်ရွက်ရသည်။ သင်္ဘောကပ္ပတိန်ကတော့ လိုအပ်သည့် စာရွက်စာတမ်းများ လက်မှတ်ထိုးခြင်း၊ တာဝန်ခံခြင်းပြုလုပ်ရသည်။ ဂျပန်အများစု အင်္ဂလိပ်စာ အားနည်းသော်လည်း ကျွန်တော်တွဲ၍လုပ်ခဲ့ရသော ဂျပန်ကပ္ပတိန်များမှာမူ သင့်တင့် လျောက် ပတ် စွာ အင်္ဂလိပ်စာကိုပြောဆို ဆက်ဆံနိုင်ကြပါသည်။

ထို့ကြောင့်ပင် ကျွန်တော်သည် ဂျပန်သင်္ဘောအရာရှိများနှင့် ပို၍ရင်းနှီးခွင့်ရခဲ့ပြီး၊ သူတို့အကြောင်းကိုလည်း လေ့လာခွင့်ရခဲ့သည်။

ကျွန်တော်တို့သင်္ဘောသည် ဂျပန်နှင့်သြစတေးလျနိုင်ငံ ပုံမှန်နီးပါး ပြေးဆွဲသောသင်္ဘောဖြစ်သည်။

သင်္ဘော သြစတေးလျရောက်၍ သူတို့ဆိပ်ကမ်းဆင်းသောအခါ သူတို့နိုင်ငံတွင် ရှားပါးသော (ဈေးကြီး သော) ပစ္စည်းများ ဝယ်လေ့ရှိကြသည်။ အထူးသဖြင့် Whisky (ဝီစကီအရက်)ဖြစ်သည်။ နောက်တော့ အမှတ် တရပစ္စည်း လေး များ လည်းဝယ်ကြသည်။ သော့တွဲလေးများ၊ နာရီအထူးအဆန်းလေးများ၊ အိမ်သုံး ပစ္စည်း အတိုအထွာ လေး များ ဖြစ်သည်။

သြစတေးလျမှ ပြန်လာ၍ ဂျပန်နိုင်ငံသို့ ရောက်၊ သင်္ဘောကပ်ပြီးသည်နှင့်၊ လူဝင်မှု၊ အကောက်ခွန် ဆိပ်ကမ်းအာဏာပိုင် ၊ ကျန်းမာရေး စသော အစိုးရ ဝန်ထမ်း များနှင့် ကုန်ကိုယ်စားလှယ်၊ သင်္ဘောကိုယ်စားလှယ်တို့ ချက်ချင်းပင်ရောက်လာပြီး၊ လုပ်ငန်းများ ဆောင်ရွက်ကြသည်။ အားလုံးပင် ဂျပန်လူမျိုးများဖြစ်သောကြောင့် များသောအားဖြင့် ကျွန်တော်က ကပ္ပတိန်နှင့် အဖော်လုပ်ပြီး ထိုင်ကြည့် နေရုံမျှသာ သင့်တင့်လျောက်ပတ်သော ဧည့်ခံကြိုဆိုမှုလုပ်ပြီး၊ ကျွန်တော့အလုပ် မရှိသလောက်ပင်။ ဂျပန်လူမျိုးများ တစ်ဦးနှင့်တစ်ဦး ခင်မင်လေးစားစွာ အပြန်အလှန် ဆက်ဆံကြပုံများ မြင်ရသောအခါတွင်မူ သိင်္ဂါရ ရသကဗျာတစ်ပုဒ် ဖတ်နေရသလိုပင်။

ဂျပန်ဆိပ်ကမ်းတွင် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် တန်စိုးလက်ဆောင် မည်သည့်အခါမျှမပေးရ၊ အားလုံးကပြုံးရွှင်ရယ်မောစွာပင် မိမိတို့တာဝန်ကို မိမိတို့ကျေပွန်ကြသည်။

ဆိပ်ကမ်းရှင်းလင်းရေးကိစ္စများပြီးလျှင် ကျန်းမာရေးအလံအဝါရောင် (Yellow Flag) ကိုချ၊သင်္ဘောသားများ ဆိပ်ကမ်းဆင်းနိုင်ရန် ကမ်းဆင်းခွင့်လက်မှတ်(Show pass ) များထုတ်ပေးပြီး၍သင်္ဘောအာဏာပိုင်အဖွဲ့များပြန်လျှင်၊ အကောက်ခွန်အရာရှိများ ကျန်ရစ်ခဲ့ပြီး၊ Personal Declare လုပ်ကြသည်။

ကျွန်တော်တို့ သင်္ဘောမှ ဂျပန်လူမျိုးများက သူတို့ဝယ်ယူလာသောပစ္စည်းများ( နိုင်ငံတွင်းယူဆောင် အသုံး ပြု မည့်ပစ္စည်းများ)ကို ထုတ်ပြကြသည်။ အကောက်ခွန်အရာရှိက သတ်မှတ်နှုန်းထားများအတိုင်း အခွန် ကောက်ခံသည်။

ဤနေရာတွင် ကျွန်တော်အလေးစားဆုံးမှာ ၄င်းတို့၏ကိုယ်ကျင့်သိက္ခာဖြစ်သည်။

အရက်များ၊ အီလက်ထရောနစ်ပစ္စည်းများအတွက် အခွန်ပေးဆောင်သည်၊ ၄င်းပစ္စည်းများကိုထုတ်ပြသည်မှာ ကျွန်တော့် အဖို့ ဘာမျှမထူးဆန်း၊ အဘယ်ကြောင့်ဆိုသော် ဆိပ်ကမ်းအပေါက်ဝမှစစ်ဆေးလျင် မြင်သာသည့်ပစ္စည်းများ ဖြစ်သောကြောင့် အခွန်ထမ်းဆောင်ပြီးစာရွက်နှင့် အတူ စစ်ဆေးခံရမည်၊ ထို့ကြောင့် အခွန်မဆောင်မဖြစ်။

သို့သော် ဘောင်းဘီအိတ်ထဲထည့်သွား၍ ရနိုင်သော သော့တွဲလေးများ၊ အပ်ချည်နှင့် အပ်ကလေးများပါ တင်ပြ၍ အခွန်ပေးဆောင်ကြသည်ကိုတော့ ကျွန်တော်အံ့သြမိသလို စိတ်တွင်းမှလည်း ကြည်နူးပီတိဖြစ်မိသည်။

တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်လေးစားချစ်ခင်မှု၊ ယုံကြည်စိတ်ချမှု ကောင်းမွန်သော ကိုယ်ကျင့်သိက္ခာကပင် ၄င်းတို့နိုင်ငံချမ်းသာတိုးတက်စေသည့် အချက်တစ်ချက်ဖြစ်ကြောင်း ကျွန်တော်ယူဆမိ သည်။

x x x

ကျွန်တော် Oceania သင်္ဘောမှဆင်းပြီး၊ အခြားဂျာမန်ကုမ္ပဏီမှသင်္ဘောသို့ ပြောင်းခဲ့သည်။ သင်္ဘော အမည်မှာ M.V. Emma Oldendorff ဖြစ်သည်။

ထိုသင်္ဘောဖြင့် ကျွန်တော်သည် ဂျပန်နိုင်ငံ၊ နာဂိုရာဆိပ်ကမ်းသို့ တစ်ဖန်ပြန်ရောက်ခဲ့သည်။ ဆိပ်ကမ်းရှင်းလင်းရေးကိစ္စများ ပြီးစီးပြီးနောက် ပါလာသောကုန်များပင် ချနေပြီဖြစ်သည်။ ကျွန်တော်လည်း တာဝန် ပြီးပြီ။ သင်္ဘောသားတို့၏ ထုံးစံအတိုင်းပင် ဆိပ်ကမ်းကိုဆင်းချင်သည်။ သင်္ဘောဆိုတာကလည်း တကယ်တော့ ”ရေထောင်”တစ်ခုပင်မဟုတ်ပါလား၊ ဘယ်နေရာ ကြည့်ကြည့် ရေနှင့်မိုးကုတ်စက်ဝိုင်းသာ။

ကျွန်တော် ရေမိုးချိုး၊ အဝတ်အစားလဲပြီးသည်နှင့် သင်္ဘောကပ္ပတိန်ကို ခွင့်ပန်သည်။ ကပ္ပတိန်က ”ဒီနေရာနဲ့ မြို့နဲ့အဝေးကြီး” ဟုပြောသည်။ ကျွန်တော်ကလည်း မြို့ထဲတော့မသွားပါ လမ်းလျှောက်ရုံပါဟု ပြော၍ သင်္ဘောမှ ဆင်း လာခဲ့သည်။ မှတ်မှတ်ရရ ထိုအချိန်က ဂျပန်နိုင်ငံတွင် အာရှအားကစားပွဲ ကျင်းပရန်အတွက် အားကစားရုံများ ဆောက်လုပ်နေသော အချိန်ကဖြစ်သည်။ ကျွန်တော့်အတွက်တော့ လမ်းလည်းလျှောက် ဗဟုသုတလည်းရမည့် အားကစားရုံများ ဆောက်လုပ်နေရာဖက်သို့ ခြေဦးလှည့်လိုက်သည်။ သို့သော် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်နေသည့်နေရာသို့ဝင်၍မရ၊ အဝေးမှသာလျှောက်ကြည့်ရင်း လမ်းလည်းများများ လျှောက်ခွင့်ရခဲ့သည်။ နောက်တော့ ညောင်းလာသည်နှင့် အားကစားရုံဝင်းထရံသံတိုင်များ စိုက်ထားသည့်အုက် ခုံလေးပေါ်တွင်ထိုင်၊ ဟိုတွေးဒီတွေးဖြင့် အချိန်လေးလင့်လာသောအခါ ထိုနေရာမှ ထွက်ခွါကာနီး မိမိထိုင်ခဲ့သော နေရာလေး ဝန်းကျင်ကို သတိထား မိလိုက်သောအခါတွင်မူ-

သားရေအလိပ်ကြီးတစ်လိပ်ကိုတွေ့မိသည်။ အနီးအနားတွင်လည်း မည်သူမျှမတွေ့ရ၊ ထိုသားရေလိပ်မှာ ဝင်းထရံသံတိုင်နှစ်ခုကြားတွင် ညှပ်ထားခဲ့ပုံရသည်။ ကျွန်တော်ချက်ချင်း သဘောပေါက်သည်။ ပလိုင်ယာ၊ ဂွင်းဂွ မျိုးစုံ တို့ကိုထည့်၍ အလွယ်တကူသယ်ဆောင်နိုင်ရန် ပြုလုပ်ထားသော ခရီးဆောင် Tool kit bag တစ်ခုဖြစ်သည်။ ကျွန်တော်ယူ၍ သားရေလိပ်ကြီးကိုဖြည်လိုက်သောအခါ ကျွန်တော်ထင်သည့်အတိုင်းပင် ၊ ပို ထူးခြားသည်က ဂျပန် သံထည်(Stainless Steel )ဖြင့် ပြုလုပ်ထားသောပစ္စည်းများဖြစ်သည်။ ဝင်းလက်နေတော့သည်။ ကျွန်တော့်အတွက် တော့ အခွင့်အရေးပင် ။ ပိုင်ရှင်မဲ့ တန်ဖိုးရှိ ပစ္စည်း။ အိမ်မှကားအတွက်လည်း အလွန်အသုံးဝင်မည့်ပစ္စည်း။ ကျွန်တော် ဘာလုပ်မည်နည်း၊ ကောက်ယူ၍ချိုင်းကြားညှပ်၊ မှိုရသောမျက်နှာဖြင့် သင်္ဘောကိုပြန်ရုံသာ ရှိသည်မဟုတ်ပါလား။

x x x

ကျွန်တော်တို့သင်္ဘောကုမ္ပဏီ၏ ရန်ကုန်ရုံး အုပ်ချုပ်ရေးမှူး(မြန်မာလူမျိုး)သည် ယခင်က ဂျပန်နိုင်ငံ ရုံးချုပ်တွင် နှစ်အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဂျပန်နိုင်ငံ၏အေးမြသောရာသီနှင့် သူ၏နှစ်သက်မှု တို့ ပေါင်းဆုံ သော အခါ ဂျပန်တွင် နေထိုင်စဉ်ကာလတစ်လျှောက် ရုံးဆင်းချိန်တိုင်း ဂျပန်မိတ်ဆွေများနှင့် သောက်ဖြစ်တော့သည်ဟု ဆို ပါ သည်။

ဂျပန်မှ အရက်ဆိုင်လေးများသည် တကယ်တော့ အမြည်းဆိုင်ကလေးများဟုပင်ဆိုနိုင်သည်။ မိမိ ပုလင်း မိမိ ယူလာ ကိုယ့်နာမည်လေးရေးကပ်ထား၊ သောက်ပြီး၍ ကျေနပ်ပြီဆိုလျှင် ပုလင်းကိုဆိုင်မှာထားခဲ့၊ ဆိုင်ရှင်က သိမ်းပေး ထားသည်။ နောက်တစ်ရက်လည်း ထိုနည်းလည်းကောင်း၊သူ၏ပုလင်းထဲမှ အရက်ကို မည်သူကမှ ယူမသောက် တတ် ကြဟု ဆိုသည်။

တစ်နေ့တော့ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးသည် အလုပ်ကိစ္စဖြင့် ဂျပန်မှရန်ကုန်သို့ ရုတ်တရက်ပြန်လာ၍ ရန်ကုန်ရုံးမှာပဲ တာဝန်ယူရတော့သည်။ ဂျပန်မှ ရန်ကုန်အပြန်အတွက် Farewell ပင်မလုပ်ခဲ့ရ။

(၃)နှစ်ကျော်ကျော်အကြာမှာတော့ ရုံးကိစ္စဖြင့် ဂျပန်နိုင်ငံသို့ တစ်ကြော့ပြန်ရသည်။ ဂျပန်ရောက်ရောက်ခြင်း မိမိ နှစ်ပေါင်းများစွာ အားပေးလာခဲ့သော အမြည်းဆိုင်လေးသို့ရောက်၍၊ မိတ်ဟောင်း ဆွေဟောင်းများနှုတ်ဆက်ခါ ဝိုင်း လေးဖွဲ့သောအခါတွင်ကား လွန်ခဲ့သော (၃)နှစ်ကျော်က မိမိထားခဲ့သည့် အရက်ပုလင်းလေးအား လက်ရာမပျက် ဆိုင် ရှင်မှယူဆောင်လာပေးသည်ကိုတွေ့ခဲ့ရသောအခါ တအံ့တသြဖြစ်ခဲ့ရသည့် အတွေ့အကြုံကို ပြန်လည်ပြောပြ၍ ကျွန်တော်တို့ ကြားခဲ့ရဖူးပါသည်။ မယုံကြည်နိုင်စရာ ကိုယ်ကျင့်သိက္ခာ။

x x x

ကျွန်တော်၏အတွေးဝယ် ဂျပန်လူမျိုးတို့၏ ကိုယ်ကျင့်သိက္ခာကောင်းပုံ၊ သစ္စာရှိပုံ၊ မိမိပစ္စည်းမဟုတ်လျှင် မထိ ပါးပုံတို့သည် ဝင်ရောက်လာကြသည်။ သင်္ဘောပေါ်မှ ကပ္ပတိန်ကြီး Mr.Hiroshi Nakayama နှင့် ဂျပန်အဖွဲ့သားတို့၏ ကိုယ်ကျင့်သိက္ခာရှိပုံတို့ကိုလည်း တွေးမိပါသည်။

x x x

ကျွန်တော့်လက်ဝယ် ရောက်နေသော Tool Kit Bag သားရေလိပ် ပိုင်ရှင်ဂျပန်ကြီးသည်ကား ကိုယ်ကျင့်သိက္ခာ ရှိချင်လည်းရှိလိမ့်မည်၊ ရှိချင်မှလည်းရှိလိမ့်မည်။ သို့သော် ကျွန်တော်နှင့်မဆိုင်၊ အများစု၏ ကိုယ်ကျင့်သိက္ခာကို ကျွန်တော်ယုံမိသည်။

ကျွန်တော် ဆုံးဖြတ်ချက်ချ၍ ၄င်း Tool kit Bag သားရေလိပ်ကြီးကို နေရာတကျပြန်ထားလိုက်သည်။ ပိုင်ရှင်အစစ်မဟုတ်သူသည် သူတစ်ပါးပစ္စည်းကိုယူသွားလိမ့်မည်မဟုတ်၊ သို့ဆိုလျှင် ပိုင်ရှင်သည် ပစ္စည်းမေ့ကျန် ခဲ့သည်ကို သတိရသည်နှင့် သူပြန်လာ၍ ယူလိမ့်မည်၊ သူ့ပစ္စည်း သူပြန်ရလိမ့်မည်ဟု ကျွန်တော်ယုံကြည်လိုက်ပြီး၊ ထိုနေရာမှ ဖယ်ခွါခဲ့ပါသည်။

x x x

ဂျပန်နိုင်ငံတွင်အာရှအားကစားပွဲတော်အတွက်ပြင်ဆင်နေသောကာလက နာဂိုရာမြို့ဆိပ်ကမ်းအနီး အားကစား ရုံဝင်းထရံ နဘေးတွင် Tool kit Bag သားရေလိပ်ကြီးမေ့ကျန်ရစ်ခဲ့ပြီးမှ ပြန်လည်ရရှိသွားမည့်ထိုပိုင်ရှင်ကြီးကို ကျွန်တော် သိစေချင်တာတစ်ခုရှိသည်။

အဲ့ဒါကတော့ သူတို့ လူမျိုး၏ ကိုယ်ကျင့်သိက္ခာ ကောင်းမှုကြောင့် သူ့ပစ္စည်း မဆုံးရှုံးခြင်းဖြစ်သည်ဟု ။

ထို့အတူ———။

(၃) နှစ်ကျော်ကာလတိုင်တိုင် လက်ရာမပျက် ထိပါးမခံခဲ့ရသော အရက်ပုလင်းတစ်ပုလင်း ဂျပန်နိုင်ငံတွင် ရှိခဲ့ကြောင်းနှင့် နာရီပိုင်းကာလလောက်အတွင်းမှာပင် လက်ရာပျက် ထိပါးခံခဲ့ရသော Tool kit Bag သားရေလိပ်ကြီး တစ်ခုတို့ ဂျပန်နိုင်ငံတွင် ရှိခဲ့ကြခြင်းကို –

ကျွန်တော့်ကိုယ်တိုင်လည်း ကျွန်တော်ကိုယ် ကျွန်တော်သိစေချင်မိသည်။ ။

အမှတ်(၁၂၈) ဧပြီ ၂၀၀၆-သောင်းပြောင်းထွေလာမဂ္ဂဇင်း။

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၈) နိဂုံးပိုင်း

ဒီအပိုင်းဟာ မြတ်ဗုဒ္ဓ၏ ၀ိပဿနာ တရားတော်နှင့် လူငယ်လူလတ်ဆိုတဲ့ ဆောင်းပါးရှည်ရဲ့ နောက်ဆုံးအပိုင်း ဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ –

လူငယ်လူလတ်တွေရဲ့ စွမ်းအားတွေ မြင့်တက်လာအောင်

စိတ်ချမ်းသာမှုကို ရရှိလာအောင်၊ အမှန်နဲ့ အမှားကို တိတိကျကျ ခွဲခြားသိမြင် နိုင်တဲ့ဉာဏ်ပညာကို

ဧကန်အမှန် ဖော်ဆောင်ပေးနိုင်မဲ့ ၀ိပဿနာတရား အားထုတ်နည်းကို တင်ပြပြီး နိဂုံးချုပ်မှာ ဖြစ်ပါတယ်။

ဉာဏ်ပညာနှင့် အလေ့အကျင့် (အသိနှင့်အကျင့်) မှန်ကန်မှ ပြည့်စုံတဲ့ ၀ိပဿနာ ဖြစ်မှလည်း အကျိုးများမှာပါ။

မှန်တာ မလုပ်မိလို့ ကောင်းကျိုးမရတာသာ ဖြစ်နိုင်ပြီး၊

မှားတာ လုပ်မိရင်တော့ ဆိုးကျိုးရနိုင်တာမို့ ဘာမှ မလုပ်တာက ခပ်ကောင်းကောင်း ဖြစ်ဦးမှာပါ။

ဒါကြောင့် မိမိဟာ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးပြီး လျှောက်မိဖို့ လိုပါတယ်။

အဲ့ဒီအတွက်လည်း လူငယ်လူလတ်တို့ ဘာမျှပူပန်စရာ မရှိပါဘူး။

ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓက အပြည့်အစုံ ညွှန်ပြထားပြီး ဖြစ်ပါတယ်။

x x x

မြတ်ဗုဒ္ဓရဲ့တရားတော်တွေဟာ သဘာဝတရားတွေကို စေ့စေ့စပ်စပ် ထိုးထိုးထွင်းထွင်း သိအောင် ကိုယ် ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီးမှ ရလာတဲ့ ဉာဏ်ပညာနဲ့ လူသားတွေ သူသိသလို သိအောင်၊ သူချမ်းသာသလို ချမ်းသာအောင်၊ သူလွတ်မြောက်သလို လွတ်မြောက်အောင် အနှိုင်းမဲ့တဲ့ စေတနာတွေနဲ့ ဟောကြား ထားခဲ့တာတွေပါ။ သဘာဝတရားတွေပါ။

သဘာဝတရားကို ဆန့်ကျင်ချင်ရင်တော့ လွယ်လွယ်လေးပါ၊ ကိုယ့်လက်ကြီး မီးပုံထဲ ထိုးထည့်ထားပြီး အေးတယ် အေးတယ် ကောင်းလိုက်တာလို့ အော်နေရုံပါပဲ။

နောက်ဆုံး ပြောရရင် ကျွန်တော်တို့ သိတဲ့ မြတ်ဗုဒ္ဓသာမက ရှေးအစဉ်အဆက်က ပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓအဆူဆူရဲ့ အနှစ်ချုပ် တရားက-

ကြားဖူးဖတ်ဖူးကြပြီး ဖြစ်မယ်ထင်ပါတယ်။

သဗ္ဗပါပဿ အကရဏံ (မကောင်းမှု အလုံးစုံမှ ရှောင်ပါ)

ကုသလဿ ဥပသမ္ဗဒါ ( ကောင်းမှု မှန်သမျှ ပြုပါ )

သစိတ္တ ပရိယောဒပနံ ( စိတ်ကို ဖြူစင်အောင် ထားပါ)

ဧတံ ဗုဒ္ဓါန သာသနံ ( အထက်ပါ အကြောင်းသုံးပါးတို့ကား ဗုဒ္ဓအဆူဆူတို့၏ သာသနာ အဆုံးအမ ပေတည်းလို့) လို့ အတိအလင်း ဆိုခဲ့ပါတယ်။

ဘာမှ အမှား ရှာမတွေ့ပါဘူး၊ ကောင်းမွန် မြင့်မြတ်တဲ့ လမ်းညွှန်ချက်တွေပါပဲ။

ဒါပေမယ့် လောကရဲ့သဘာဝ တနည်းအားဖြင့် ဓမ္မနှင့် အဓမ္မဟာ ဒွန်တွဲနေတတ်တာကြောင့် ဘယ်လောက်ပဲ ကောင်းကောင်း ကိုယ်ထင်တာကို မှန်တယ်လို့ တဇွတ်ထိုး လုပ်တတ်တဲ့လူတွေ ကမ္ဘာအစ ကမ္ဘာအလယ် ကမ္ဘာအဆုံးထိ ရှိနေမှာပါပဲ။ လူတွေ ဉာဏ်ပညာကြီးတဲ့ ကာလတွေမှာ ကမ္ဘာကြီးဟာ ငြိမ်းချမ်းလို့နေတယ်ပေါ့-

ဘယ်လို ခေတ်ကာလ အချိန်အခါတွေမှာ လူတွေဟာ ဉာဏ်ပညာကြီးတတ်ပါသလဲဆိုတော့-

အဓမ္မ၀ါဒတွေ မှေးမှိန်နေတဲ့ ကာလတွေ၊

လူသားတစ်ဦးချင်းတစ်ဦးချင်းစီရဲ့စိတ်တွေတည်ငြိမ်(စွမ်းအားတက်)နေတဲ့အချိန်တွေဟာ ဉာဏ်ပညာ ကြီးတတ် ပါတယ်။

ဉာဏ်ပညာကြီးတဲ့သူတွေကလည်း လက်ညှိုးကို ထိုးချင်ရာထိုးပေမယ့် ဘယ်တော့မှ သူများ နှာခေါင်းပေါက်ထဲကို ကိုယ့်လက်ညှိုး ထိုးမထည့်တတ် ကြပါဘူး။

အခု ဖော်ပြမယ့် မြတ်ဗုဒ္ဓရဲ့ ၀ိပဿနာ တရားတော်ဟာ ဒုတိယအခြေအနေဖြစ်တဲ့ လူသား တစ်ဦးချင်းစီရဲ့ စိတ်တွေ တည်ငြိမ် (စွမ်းအားတက်) လာအောင် ကောင်းစွာ အထောက်အကူ ပြုမယ့် နည်းပညာလို့ ယုံကြည်စိတ်ချ ထားပါ။

ကျွန်တော် ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်ပြမှုလေးကို ပြန်သတိရပါ။

ဝိပဿနာတရား အားမထုတ်သေးခင် ပုဂ္ဂိုလ်ဟာ “သမာဓိဋ္ဌိ” နဲ့ အရင်စရပါမယ်။ ယုံကြည်မှုနဲ့ သွားရမယ်ပေါ့လေ။

ကဲ … လိုရင်း ရောက်အောင် ဆက်ကြပါဦးစို့။

x x x

ဝိပဿနာတရား စတင် အားထုတ်တော့မယ့် ပုဂ္ဂိုလ်ဟာ မြတ်ဗုဒ္ဓရဲ့ တရားစစ် တရားမှန်ကို သိထားဖို့ လိုပါတယ်။ အကျင့်လည်း မှန်ရပါမယ်။

ဒီနေရာမှာ ကျေးဇူးတော်ရှင် ဝေဘူဆရာတော် ဘုရားကြီးရဲ့ ဥပမာပေး လမ်းညွှန်မှုဟာ အလွန် ပြည့်စုံတာကြောင့် ဖော်ပြ ပါရစေ။

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ကြီးက မန္တလေး သွားချင်တဲ့သူဟာ မန္တလေးသွားမယ့် ရထား ကို အရင်တွေ့အောင်ရှာ တတ်ရမယ်၊ (ရထားတွေ့တိုင်း ရမ်းသမ်း တက်မထိုင်လိုက်နဲ့၊ သေချာအောင် အချိန်ယူဆိုတဲ့ သဘောပါပဲ) မန္တလေးထွက်မဲ့ ရထား အမှန်လို့ သိရင်တော့ စိတ်ချလက်ချ ထိုင်နေလိုက်တော့-တဲ့။

– ရထား ရပ်နေလည်းမဆင်းနဲ့၊ ထိုင်နေ၊ ( မတွေဝေနဲ့ )

– ရထားထွက်ရင်းလည်း မဆင်းနဲ့၊ ထိုင်နေ၊ ( ဆက်အားထုတ် )

– ရထား ချောက်ထဲ ဆင်းသွားလည်း မဆင်းနဲ့ ၊ ထိုင်နေ၊ ( အခက်အခဲ ကြုံလည်း ဆက်အားထုတ် )

– ရထား တောင်ပေါ်တက်သွားလည်း မဆင်းနဲ့ ၊ ထိုင်နေ၊ ( အေးချမ်းမှုလေးတွေ့ရုံနဲ့ ရပ်မပစ်လိုက်နဲ့ ဆက်အားထုတ် )

– နောက်ဆုံး ရထားက ရန်ကုန်ပြန်လှည့်လာလည်း မဆင်းနဲ့ ၊ ထိုင်နေ၊ ( တခါတလေ ငါလုပ်ရတာ အလကားပဲလို့ထင်လာတတ်ကြတယ်၊ သံသရာ တစ်လျှောက်လုံးနဲ့ ပစ္စုပ္ပန်ကြောင့် ကိန်းအောင်း နေတဲ့ ကိလေသာအကုသိုလ်ဓာတ် တွေကို ဘယ်လိုလုပ် ချက်ခြင်းကုန်အောင် delete လုပ်နိုင်ကြမှာလဲ၊ အားမလျော့နဲ့၊ ဆက်အားထုတ် )

အချိန်တန်တော့ မန္တလေး ရောက်သွားလိမ့်မယ်တဲ့။

ဒါပါပဲ၊ အတို၊အရှင်းဆုံး ဥပမာပေးပါပဲ။

တရားအားထုတ်လိုသူတွေ မဖြစ်မနေ လက်ကိုင်ထားရမယ့် လမ်းညွှန်ချက်လို့ မှတ်ထားပေးပါ။

အဓိပ္ပါယ်က တရားစစ် တရားမှန် တွေ့အောင်ရှာ၊ ပြီးရင် နည်းမှန်လမ်းမှန် အားထုတ်တော့ ဆိုတဲ့ ညွှန်ကြားချက်ပါပဲ။(သူတော်ကောင်း ပညာရှိကြီးများရဲ့ စကားတွေဟာ အလွန်ကို အလေးအနက်ရှိပါတယ်၊ မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။ နားကြီးကြီး- ဆိုတာ ဒါမျိုးကို ဆိုလိုပါတယ်။)

နောက်တစ်ခုကတော့ လောဘလုံးဝ မထားရပါဘူး၊ ( အထူးသတိပြုရမှာပါ)

မြတ်ဗုဒ္ဓက သံသရာ(ဒုက္ခသစ္စာ) လည်ခြင်းရဲ့ တရားခံနှစ်ယောက်ဟာ အ၀ိဇ္ဇာ(မသိမှုနဲ့)၊ တဏှာ(လောဘ)လို့ အတိအကျ ညွှန်ပြထားပြီးသားပါ၊ (လောဘကို အရောင် မချယ်မိ စေဖို့လည်း သတိထားပါ၊ ရှေ့က ပြောခဲ့ပြီးပါပြီ။)

အ၀ိဇ္ဇာကနေ ၀ိဇ္ဇာဖြစ်အောင်ကတော့ မြတ်ဗုဒ္ဓလို သဗ္ဗညုတဉာဏ်တော်ရှင်က ဟောပြထားတာတွေ ရှိနေပြီးဖြစ်လို့ ကျွန်တော်တို့ မှန်မှန်ကန်ကန် လေ့လာ ကြောင့်ကြစိုက်ကြရင် သိလာနိုင်ပေမယ့်-

တဏှာ(လောဘ)ကတော့ အလွန်ကောက်ကျစ်တဲ့ သဘောရှိတယ်လို့ ဦးစွာ ခံယူထားပြီး၊ လောဘကို ပိုသတိထားပါ။

နိဗ္ဗာနဓာတ်ဆိုတာအလွန်သိမ်မွေ့ပါတယ်၊နိဗ္ဗာန်ရောက်ချင်နေရင်နိဗ္ဗာန်မရောက်တော့ပါဘူး ။ (လူငယ်လူလတ်များကို တိုက်တွန်းပါတယ်၊ မူလပဏ္ဏာသ- မူလပရိယာယသုတ်တော်ကို သေချာစွာ ဖတ်ရှုပြီး၊ လိုရင်းကို သဘောပေါက်အောင် ကြိုးစားကြည့်ကြပါ။ အလွန်မြင့်တဲ့ Logic တွေ ဖြစ်တာကြောင့် သေချာ ဖတ်ဖို့ လိုပါတယ်။)

ဒီနေရာမှာ အလျဉ်းသင့်လို့-အင်္ဂလိပ်စကားပုံလေး တစ်ခု ပြောပြချင်ပါသေးတယ်။

လေးနက်တဲ့ အတွေးအခေါ် ပါနေလို့ပါ။

အဲ့ဒါကတော့-Humility is the strange thing, if you think that you got it, you lost it. – တဲ့။

နားလည်ကြမယ် ထင်ပါတယ်။

အင်္ဂလိပ်စာ အားနည်းသူတွေအတွက် ဘာသာပြန်ပေးရရင်တော့-

“နိဝါတ (နှိမ်ချမှု)တရားသည် အလွန်ထူးဆန်းသော အရာဖြစ်ပါသည်။ သင့်တွင် နိဝါတ တရားရှိပြီဟု သင်ထင်လိုက်သည် နှင့် ၄င်း နိဝါတ တရားကို သင်ဆုံးရှုံးသွားပြီ ဖြစ်၏”–တဲ့။

နိဗ္ဗာန်ကို လိုချင်တယ်ဆိုတာလဲ လောဘတစ်မျိုးပါပဲ။

ဒါကြောင့် လောဘ လုံးဝကင်းမှ ရအပ်သိအပ်သော နိဗ္ဗာန်ကို လောဘပါနေရင် မရောက်နိုင် မသိနိုင်တော့ပါ။

တရားလည်း မရချင်ပါနဲ့။

သောတာပန်လည်း မဖြစ်ချင်ပါနဲ့

ဖြစ်ချင်လွန်းလို့ မဖြစ်လာတော့ ဒေါသပါ ထွက်လာတတ်ပါတယ်၊

ဟန်ဆောင်ပန်ဆောင် လုပ်ချင်တာတွေလည်း ဖြစ်လာတတ်တယ်၊

ကောင်းအောင်လုပ်နေရာက၊ အဆိုးတွေကို မထွေးပွေ့မိပါစေနဲ့။

စာရေးနေရင်းဆရာတော်ကြီးတစ်ပါးရဲ့ကျေးဇူးကြီးလှတဲ့အဆိုအမိန့်လေးတစ်ခု သတိရလာ ပြန် ပါတယ်။ (သည်းခံနော်)

ဆရာတော်ကြီးက နိဗ္ဗာန်ကို “တလင်း” နဲ့ နှိုင်းယှဉ်ပြီး ပြောပြပါတယ်။ “တလင်း” ဆိုတာ လုပ်ယူရတာ မဟုတ်ဘူးတဲ့။ လုပ်ရတာက ရိုးပြတ်ရှင်းတာ၊ ပတ်ကြားအက်ထဲ မြေကြီးထည့်တာ၊ ဒင်နဲ့ဆောင့်ပြီး မြေညှိတာ၊ ရေဖြန်းတာ၊ တံမြက်စည်း လှည်းတာ တွေက လုပ်ရမယ့် အလုပ်-တဲ့၊ အချိန် တန်တော့ (အားလုံးပြည့်စုံတော့) “တလင်း” ဖြစ်လာတာပါပဲ-တဲ့။

ဒီတော့ ဘာမှ မမျှော်နဲ့ လုပ်သင့်လုပ်ထိုက်တာတွေကိုသာ လုပ်နေ၊ မြတ်ဗုဒ္ဓရဲ့ တရားတော် အစစ်အမှန် မှန်သမျှ အကျိုးယုတ်အောင် ဟောတာ တစ်ခုမှ မရှိပါဘူး။

x x x

ဝိပဿနာ လုပ်ငန်းဖက် ပြန်ကောက်ကြရအောင်။

ဝိပဿနာတရား အားထုတ်နည်းများ များစွာ ရှိကြပါတယ်၊ ဘယ်လိုပဲရှိရှိ နောက်ဆုံးတော့ ( တရားစစ် တရားမှန် မှန်ရင်) အတူတူချည်းပါပဲလို့ သိစေလိုပါတယ်။

ဒါပေမယ့် တချို့က နည်းပေါ်လိုက်လို့ လွယ်လွယ်ကူကူ ကျင့်ကြံအားထုတ်လို့ရပြီး (၀ိပဿနာ ယာနိက) တချို့နည်းတွေ ကတော့ တကူးတကန့် အားထုတ်မှကို ရပါတယ် (သမထယာနိက)။

ဒီနေရာမှာကျွန်တော်ရည်ညွှန်းနေတဲ့လူငယ်လူလတ်များဟာ အလုပ်တစ်ဖက်နဲ့ အားထုတ်ကြရမှာ ဆိုတော့ အလုပ်လုပ်ရင်း အားထုတ်လို့ရတဲ့ နည်းလမ်းက ပိုသင့်လျော်မယ်ထင်လို့ ဝေဘူဆရာတော် ဘုရားကြီး လမ်းညွှန်တဲ့ နည်းလမ်း လေး ကို ဖော်ပြမှာပါ။

ဟုတ်ပြီ ဓမ္မမိတ်ဆွေ-

လောဘမထားဖို့ မှာပြီးပါပြီ။

နောက်တစ်ခုက ၀ိပဿနာတရား အားထုတ်လိုသူဟာ ရုပ်နဲ့ နာမ်နဲ့ သဘော သိထားရပါမယ်။

လူမှာ ရုပ်ရယ်၊ နာမ်ရယ် လို့ ရှိပါတယ်။

ရုပ်ဆိုရာမှာလည်း ဒီကိုယ်ကြီးကို ပြောနေတာမဟုတ်ပါဘူး၊ (ဒီကိုယ်ကြီးကိုတော့ အရင်းအနှီး လုပ်ရမှာ ဖြစ်ပေမယ့်) ဉာဏ်ထည့်တဲ့အခါ ရုပ်ဆိုတာ ဓာတ်ကြီးလေးပါး မြေ ရေ လေ မီး နဲ့ ဂန္ဓ ၀ဏ္ဏ သြဇ ရသ ဆိုတဲ့ အဋ္ဌကလာပ္ပ အစုအဝေးလို့ သိထားမှ ၀ိပဿနာဉာဏ် ရောက်မှာမို့ ဒီလိုလေးလည်း သိထားရပါမယ်။

နာမ်များကတော့ စိတ် ၈၉ ပါး၊ စေတသိက် ၅၂ ပါး ပါဝင်တာကို ၀ိပဿနာရှုလို့ ရအောင် ခန္ဓာ(အစု အဝေး)ဖွဲ့တဲ့အခါ ဝေဒနက္ခန္ဓာ(ခံစားမှုသဘော)၊ သညာက္ခန္ဓာ (မှတ်သားမှုသဘော)၊ သင်္ခါရက္ခန္ဓာ (စေ့ဆော်မှုသဘော)၊ ၀ိညာဏက္ခန္ဓာ (သိမှုသဘော) လို့ သိထားရင် လုံလောက်ပါတယ်။

x x x

ဝိပဿနာတရား အားထုတ်တယ်ဆိုတာ ငါကောင်ကြီးရယ်လို့ စွဲလန်းနေတဲ့ ဒီခန္ဓာငါးပါး (ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်)တို့ရဲ့ သဘော အမှန်ဟာ ဘာလဲ၊

သူတို့ဟာ ဘယ်လိုသဘောရှိသလဲ ?

မြဲတဲ့ အရာတွေလား ?

မမြဲတဲ့အရာတွေလား ?

လက်ဆုပ်လက်ကိုင် ကိုင်ပြလို့ ရတဲ့ အရာတွေလား ?

စွဲလန်းမယ်ဆိုရင် စွဲလန်း အပ်သလား ?

ဆိုတာတွေကို မိမိ ကိုယ်ပိုင်ဉာဏ်မှာ ထင်ရှား ပေါ်လွင်လာအောင် လုပ်တဲ့ နည်းပညာပါ။ ( ဒါကြောင့် အထူးရှုမှတ်တယ် လို့ ခေါ်တာပါ။)

ဒီလောက် သိရခက်တဲ့ ရုပ်တွေ နာမ်တွေရဲ့ အကြောင်း လေ့လာရမှာဆိုတော့ ၀ိပဿနာတရား အားထုတ်စ ပုဂ္ဂိုလ်ဟာ ကိုယ်ငြိမ် စိတ်ငြိမ်ဖို့ လိုပါတယ်။ စိတ်ဟာ နှလုံးက စတင်တယ်လို့ ရှေ့မှာ တင်ပြခဲ့ပြီးပါပြီ။

စိတ်ငြိမ်အောင် ကိုယ်ငြိမ်ဖို့ (နှလုံးငြိမ်ဖို့) လိုတဲ့အတွက် ထိုင်ပြီး ငြိမ်ငြိမ်ရှုမှတ်ဖို့ လိုပါတယ်။

ရုပ်ရှင်ရုံ လက်မှတ်သိမ်းသူဟာ တစ်နေရာထဲ ရပ်ပြီး၊ စောင့်နေဖို့လိုသလိုပေါ့်။ ဟိုပြေးလိုက် ဒီပြေးလိုက် ဆိုရင် လက်မှတ် မရှိတဲ့ သူတွေလည်း အကုန် ရုံထဲ ၀င်ကုန်ကြမှာပေါ့၊ (လွတ်ကုန်မှာပေါ့) ဒီသဘောပါ။

ထိုင်တာကတော့ ဣရိယာပုတ်မပြောင်းပဲ ကြာကြာလေးထိုင်နိုင်အောင် သက်သက်သာသာ ထိုင်ရပါမယ်။

ညာခြေကိုရှေ့၊ ဘယ်ခြေကို အတွင်းသွင်း ခြေထောက်တစ်ချောင်းနဲ့ တစ်ချောင်း ထပ်မထားပဲ ထိုင်ရင် သင့်လျော် ပါတယ်။

တင်ပလ္လင် ခွေပေါ်မှာ ဘယ်လက်ဖ၀ါးပေါ် ညာလက်ဖ၀ါးလေးတင်၊ ကိုယ်ကို ဖြောင့်ဖြောင့် မတ်မတ်ထား၊

ခေါင်းကို ရှေ့တည့်တည့် မျက်နှာမူ ထားရင် အဆင်ပြေပါပြီ။

ဒွါရခြောက်ပါး ရှိတယ်လို့ အရင်က တင်ပြခဲ့ပြီးပါပြီ။

မျက်စေ့ပိတ်ထားလိုက်တာနဲ့ အာရုံများရာကနေ နည်းသွားပါလိမ့်မယ်။

ပါးစပ်ကိုလည်း နှုတ်ခမ်း ၂ ခု ထိရုံ စေ့ထားလိုက် ရုံပါပဲ။

(တရားအားထုတ်နေစဉ် စကားတွေလည်း ပြောမနေတော့ဘူး၊)

ပြီးရင်

– ဒီ ချမ်းသာရေး (သံသရာဝဋ်က ကျွတ်ရေး) နည်းလမ်းကို ပေးတဲ့ ဘုရား၊ တရား၊ သံဃာ ကျေးဇူးကို အာရုံပြုလိုက်။

– (၃၁)ဘုံမှာ ရှိတဲ့ သတ္တ၀ါအားလုံး ချမ်းသာကြပါစေလို့ မေတ္တာကို ရှေးရှုလိုက်။

– သေခြင်းတရားနဲ့ သတ္တ၀ါတိုင်း မကင်းဘူးလို့လည်း ဆင်ခြင်လိုက်။

– ဒီခန္ဓာကြီးဟာလည်း ချစ်ခင် နှစ်သက်ဖွယ်ရာမရှိ ၊ ရွံစရာ အတိပြီးတဲ့ ခန္ဓာ အမှန်ပဲ လို့လည်း စိတ်ထဲက နှလုံးသွင်းလိုက် ပါဦး။

ပြီးရင်

စိတ်အာရုံကို နှာခေါင်းပေါက်လေးမှာ စိတ်ညွှတ်ပြီး၊ စောင့်ကြည့်လိုက်ပါ။

ကဲ လက်တွေ့ လုပ်ကြည့်ရအောင်ပါ။

ကွန်ပြူတာရှေ့မှာ ထိုင်ရင်းပဲ မျက်စေ့လေးကို တစ်ချက် မှိတ်လိုက်ပါ။

ဝင်သက် ထွက်သက်လေးတစ်ချက်ကို ပြင်းပြင်းလေး ရှူသွင်း၊ ထုတ် လုပ်လိုက်ပါ။ သက်ပြင်း ချ တဲ့ သဘောပေါ့။

ပြီးရင် နှာခေါင်းပေါက်ကို အာရုံပြုနေပါ။

ဝင်လေ ထွက်လေလေး ၀င်တာ ထွက်တာကို စိတ် ဘယ်မှ မရောက်စေပဲ သေချာ သိအောင် စိတ်စိုက်လိုက်ပါ။ (ပထမ တစ်ချက် မမိရင် ဒုတိယ၊ မမိသေးရင် တတိယ ၃ ချက်မှာ တစ်ချက်တော့ ပိုင်ပိုင် နိုင်နိုင် မိကောင်းပါရဲ့။)

ပိုင်ပိုင်နိုင်နိုင် တစ်ချက်မိပြီးပြီိဆိုရင် စာရှုသူ မျက်လုံးကို ဖွင့်လိုက်ပါ။

ပြီးရင် ကျွန်တော်မေးတာလေးတွေ ဖြေကြည့်ပါ။

အဲ့ဒီ ၀င်လေ ထွက်လေလေးကို ကောင်းစွာ မိလိုက်တဲ့ အချိန်မှာ-

ခင်ဗျား ကိုယ်ကြီးက သူတပါးကို ထိခိုက်မိစေသလား?

“————” ( ဘယ်ထိခိုက်စေမလဲနော် ငြိမ်နေတာ)

ဒီလိုဆို ကာယကံ လုံခြုံနေပါပြီ။

ပါးစပ်ကရော တစ်ခုခု ထုတ်ပြောမိလိုက်သေးလား?

“————” (ပါးစပ်စေ့ထားတာ၊ ဘယ်ပြောမိပါ့မလဲ)

ဒီလိုဆို ၀စီကံ လုံနေပါပြီ။

စိတ်ကရော တစ်ခုခု တွေးလိုက် မိသေးလား?

“————” ( ၀င်လေ ထွက်လေကို သိလိုက်တဲ့အခိုက်မှာတော့ ဘယ်တွေးမိပါ့မလဲ နော်၊ စိတ်ဆိုတာတစ်ချိန်မှာ တစ်ခုပဲ ဖြစ်လို့ရတာ မဟုတ်လား)

ဒီလိုဆို မနောကံ လုံခြုံနေပါပြီ။

အလကား အလုပ်လို့ မမှတ်လိုက်ပါနဲ့ ဓမ္မမိတ်ဆွေ။

ဓမ္မမိတ်ဆွေဟာ ရှုမှတ်မှု တစ်ချက်စီ တစ်ချက်စီတိုင်းမှာ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါး လုံနေပြီလို့ သိလိုက်ပါ။

နောက်ထပ် မေးခွန်းလေး ထပ်မေးပါဦးမယ်။

ဝင်လေ ထွက်လေလေး ကောင်းစွာမိလိုက်တဲ့ အချိန်မှာ-

သူတပါး ဒုက္ခရောက်စေမယ့် စီးပွါးရှာမှု လုပ်ဖြစ်လိုက်လား?

“————” ( ဘယ်လုပ်ပါ့မလဲနော် )

ဒီလိုဆို သမ္မာအာဇီဝ ဖြစ်နေပါပြီ။

ဝင်လေထွက်လေကို ကောင်းမွန် မှန်ကန်စွာ ပြုလုပ်လိုက်တာလား ?

“———-” (သတိထားပြီး ရှုမှတ်လိုက်တယ်ဆိုတော့ မှန်ကန်စွာ ပြုတာ ဟုတ်တာပေါ့ )

ဒီလိုဆို သမ္မာ ကမ္မန္တ ဖြစ်နေပါပြီ။

အဲ့ဒီလို သိလိုက်တဲ့ အခိုက်မှာ အတင်းအဖျင်းတွေ သူတပါးကို ထိခိုက်မဲ့စကားတွေရော ပြောလိုက် မိသေးလား?

“————-” (ပါးစပ်ပိတ်ပြီး ရှုမှတ်နေတာလေ)

ဒီလိုဆို သမ္မာဝါစာ ဖြစ်နေပါပြီ။

အဲ့ဒီ ရှုမှတ်မှု တစ်ချက်လေးနဲ့ သင်ဘာတွေကို ကျင့်သုံးပြီးပြီလဲ၊ သင်ကိုယ်တိုင် လက်တွေ့ ခံစားပြီး သင်ကိုယ်တိုင် သိခဲ့ပြီးပါပြီ။

ဓမ္မမိတ်ဆွေ

ပိဋကတ်သုံးပုံကို အနှစ်ချုပ်လိုက်တဲ့ မဂ္ဂင်ရှစ်ပါး၊ တနည်းအားဖြင့် သိက္ခာ ၃ ပါးဖြစ်တဲ့ သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင် ဆိုတဲ့ မဂ္ဂင်သုံးပါးထဲက အခြေခံအကျဆုံး အလိုအပ်ဆုံးဖြစ်တဲ့-

သီလမဂ္ဂင်လမ်းကို အဲ့ဒီ တဒင်္ဂလေးမှာ သင်လျှောက်ခဲ့ပြီးပြီဆိုတာ ၀မ်းမြောက်စွာနဲ့ သိလိုက်ပါ။

ကာယကံ ၀စီကံ မနောကံ ကံသုံးပါးလည်း အဲ့ဒီ အခိုက်အတန့်လေးမှာ လုံခြုံနေပြီ ဆိုတာကို ၀မ်းမြောက်စွာနဲ့ သိလိုက်ပါ။

ဓမ္မမိတ်ဆွေ

သင်လုပ်ခဲ့တဲ့ အလုပ်လေးတစ်ခုအတွက် ရအပ်တဲ့ ကျေးဇူးအပြည့်အစုံ သိရအောင် မြတ်ဗုဒ္ဓကျေးဇူးနဲ့ ကျွန်တော် ထပ်ပြောပြ ပါဦးမယ်။

မြတ်ဗုဒ္ဓဟောကြားတဲ့ စိတ္တနိယာမမှာ စိတ်ဟာ ကုသိုလ်မဖြစ်ရင် အကုသိုလ်သာ ဖြစ်နေပါသတဲ့၊ အကုသိုလ် မဖြစ်ရင်လည်း ကုသိုလ်သာ ဖြစ်နေပါသတဲ့ ဓမ္မမိတ်ဆွေ။

သင့် ရှုမှတ်မှု တစ်ချက်မှာ-

လောဘထွက်လာသေးလား?

“———–” ( ဒီနေရာမှာ သိပ်သတိထား၊ ဘာဖြစ်အောင်၊ ညာဖြစ်အောင် ရှုမယ်ဆိုတာတွေ ဖယ်ထား၊ ဖယ်ထားရင် လောဘမဖြစ်ဘူး)

ဒေါသရော ထွက်နေသေးလား?

“————” (သူများတွေ ရကုန်ပြီ၊ ငါမရသေးဘူးဆိုတဲ့ သူတွေ ငါတွေ မထည့်လိုက်နဲ့ )

မသိမှုကြီးနဲ့ရော နေနေသေးလား?

“————” (သတိကောင်းစွာ စိုက်ထားဖို့ လိုတယ်၊ ဟိုတွေး၊ ဒီတွေး မတွေးမိစေနဲ့)

ဒါဆိုရင် သင် အကုသိုလ် မဖြစ်ဘူးပေါ့၊ ဟုတ်ရဲ့လား?

ဒါဆိုရင် ဘာဖြစ်နိုင်ပါသလဲ။

ကုသိုလ်ကလွဲလို့ အခြားမရှိပါ။

သင် တဒင်္ဂလေးမှာ ကုသိုလ်စိတ် ဖြစ်သွားပါပြီ။

ဂရုတစိုက် ရှုမှတ်ရင် ရှုမှတ်သလောက်

ဇောကျတဲ့ စိတ်အစဉ် (၀ီထိ)ဖြစ်ပြီး၊ Register လုပ်ပြီးသွားပြီ မိတ်ဆွေ။

သင့်မှာ ကုသိုလ်ဓာတ်ကိန်းသွားပြီ။

ပေါ့သေးသေး ရှုမှတ်မှုလို့ မမှတ်လိုက်ပါနဲ့။

မိုးရေစက်တွေ တစ်ပေါက်ချင်းကျလို့ ပင်လယ် သမုဒ္ဒရာတွေ ဖြစ်လာတယ် ဆိုတာကိုလည်း မမေ့ပါနဲ့။

ငါ ကုသိုလ်ဖြစ်ပြီ-လို့ ၀မ်းမြောက်မှုတော့ ဖြစ်ချင်ဖြစ်၊ မာန မတက်မိစေနဲ့ လမ်းလွဲသွားလိမ့်မယ်။

မာနတက်လိုက်ရင် ကုသိုလ်တပဲ ငရဲ တပိဿာ ဖြစ်သွားလိမ့်မယ်။

ကျွန်တော်တို့ မသိကြလို့၊ ဆုံးရှုံးခဲ့ရတဲ့ အချိန်ပေါင်း များစွာ ရှိခဲ့ဖူးပြီ၊

နောင်အချိန်တိုင်းမှာ အကျိုးရှိအောင် ကိုယ်တွေ့ သုံးတတ်သွားပြီ။ (ကျွန်တော် ရေးပြ ရ ကျိုး နပ် အောင် ကြိုးစားနော်)

ဒီ အလေ့အကျင့်ကြောင့် ကုသိုလ်ဓာတ်တွေ ကိန်းကိန်းလာလေ၊ အကုသိုလ်တွေ အားနည်း သွားလေ ဖြစ်လာပြီး-

အတွေးအကြံ၊ အယူအဆတွေ မှန်မှန် လာပါလိမ့်မယ်။

စိတ်ထဲက ဒါလေးတော့ လုပ်ဦးမှဆို ဖြစ်လာလို့ လုပ်ဖြစ်လိုက်ရင် မှန်တာ သင့်တာတွေ ဖြစ်ဖြစ် လာလိမ့်မယ်။

ဒါတော့ မကောင်းဘူး၊ မလုပ်တော့ပါဘူး၊ ဆိုရင်လည်း ဒုက္ခဖြစ်စေမယ့် အရာတွေကို ရှောင်ကြဉ်ပြီးသား ဖြစ်ဖြစ် လာပါလိမ့်မယ်။

အဲ့ဒီ အကျိုး ရလာဒ် အားလုံးဟာ သဘာဝဓမ္မပါ။ အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတွေပါ။

ဘယ်သူကမျှ ရော့၊ အင့် ပေးလို့ရတဲ့ အရာတွေ မဟုတ်ပါဘူး။

ကိုယ်ကောင်းစွာပြုလို့၊ ကောင်းကျိုးတွေ လာတာပါ။

ဘယ်သူမျှ ကယ်တင်တာ မဟုတ်ပါဘူး။ ကိုယ့်ကို ကိုယ်ကယ်တင်လိုက်တာပါပဲ။

x x x

နောက်တဆင့်တက်မယ် ဓမ္မမိတ်ဆွေ-

ဓမ္မမိတ်ဆွေအနေနဲ့ ကတော့ ကျွန်တော်ပြောပြထားသလို နှာခေါင်းမှာ လာလာထိ နေတဲ့ ၀င်လေထွက်လေလေးကိုပဲ စောင့်ကြည့်နေပါ၊ နည်းနည်းလေး ပိုဂရုစိုက်ပေးပါ။

ပြီးယင် မေးခွန်းလေးလည်း ဖြေကြည့်ပေးပါ။

အလုပ်ပေါ်မှာ သေချာ ဂရုတစိုက် လုပ်နေပါရဲ့လား ?

“———-” (လုပ်မလုပ်ကတော့ ဓမ္မမိတ်ဆွေသာ သိမှာ၊ ဂရုစိုက် လုပ်ရမယ်နော်။)

ဒီလိုဆို သမ္မာဝါယမဖြစ်နေပါပြီ။

ကြိုးစားအားထုတ်မှုကြောင့် အထူးသဖြင့် သတိထား အားထုတ်မှုကြောင့် နှာခေါင်းပေါက်မှာပဲ ဖြစ်ဖြစ်၊ အပေါ် နှုတ်ခမ်း အထက်မှာပဲဖြစ်ဖြစ် လေလေးထိဝင်တိုင်း ထိထွက်တိုင်း သိနေပါသလား?

“————” ( သတိမလွတ်မှ ရမှာနော် )

ဒီလိုဆို သမ္မာသတိဖြစ်နေပါပြီ။

ထိတဲ့နေရာလေးမှာ စိတ်ကတည်နေပြီး၊ တပို့တပါးကိုရော စိတ်လွင့်နေပါသေးလား။

“————” ( ဟိုတွေး ဒီတွေး လုံးဝ မတွေးနဲ့နော်၊ သတိ၊သတိ)

ဒီလိုဆို သမ္မာသမာဓိ ဖြစ်နေပါပြီ။

ဒီ ဒုတိယအဆင့်ကတော့ ဓမ္မမိတ်ဆွေ ခုချက်ခြင်းတော့ ဘယ်ဖြစ်ပါ့မလဲ။ တဖြည်းဖြည်း လေ့ကျင့်ရင်း ဖြစ်လာမှာပါ။ သမ္မာ ဆိုတဲ့ ပါဠိတော်ရဲ့ အဓိပ္ပါယ်ဟာ စိတ် စေတသိက် ရုပ် ဆိုတဲ့ ပရမတ် တရားတွေ အပေါ်မှာ ရှုမှတ်ခြင်းလို့ တဖြည်းဖြည်းသိလာပါလိမ့်မယ်။ ထိမှု သိမှုဖြစ်စဉ်မှာနှာခေါင်းကို လေတိုးတာ ငါသိတာလို့ မဟုတ်စေရပဲ၊ ရုပ်တွေ ထိထိနေတာကို နာမ်ဆိုတဲ့ သိစိတ်က သိနေတာလို့ ရှေးရှုထားဖို့ လိုပါတယ်။

မကောင်းမှု ပြုတာ အလွန်လွယ်ပါတယ်။

ကောင်းမှုဆိုတာက အလွန်ပြုနိုင်ခဲပါတယ်။

အကျိုးပေးခြင်းလည်း လွန်စွာကွာခြားကြပါတယ်။ ဒါကြောင့် ကြိုးစားမယ်လို့ စိတ်ကိုမွေးပါ၊

မြတ်ဗုဒ္ဓက- သတ္တာနံ ၀ိသုဒ္ဓိယာ၊ သောက ပရိဒေ၀ါနံ သမတိက္ကမာယ၊ ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဥာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ-

လို့အတိအလင်းဖွင့်ဆိုခဲ့တဲ့ထူးကဲလွန်မြတ်တဲ့ကောင်းကျိုးတွေကိုမှန်းဆပြီးခွန်အားမွေးပါ။ နောက်တော့ လည်း လွယ်သားပဲ ဖြစ်လာပါလိမ့်မယ်။

ငါ အမှန် မွန်မြတ်တဲ့အကျင့်တွေ ကျင့်နေတာပါလားလို့လည်း ယုံကြည်စိတ်ချစွာ ခံယူထားပါ ဓမ္မမိတ်ဆွေ။

× × ×

နောက်ဆုံးအဆင့် ပညာပိုင်း တက်ကြပါစို့။

ဓမ္မမိတ်ဆွေ အနေနဲ့တော့ ထူးထူးဆန်းဆန်း အပိုတွေ လုပ်စရာ မလိုပါဘူး၊ နှာခေါင်းမှာ ထိနေတဲ့ လေကလေး ထိမှုကို သတိကောင်းကောင်းနဲ့ သိနေရုံပါပဲ။

မေးခွန်းလေးလည်း မေးကြည့်ပါရစေဦး။

ဥာဏ်လေးနည်းနည်း ပြောင်းတော့မယ်။

လေဆိုတဲ့ ရုပ်နဲ့ နှာခေါင်းဆိုတဲ့ ရုပ် နှစ်ခု ထိထိသွားတော့ ဓမ္မမိတ်ဆွေ ဘာဖြစ်သွားလဲ။

သိသိမသွား ပါဘူးလား။

“————” ( သိရုံတောင်မကပါဘူး၊ ဒီနားမှာ ၊ လှုပ်တာ၊ အေးတာ၊ ပူတာ တွေပါ သိလာ တယ်လို့ တဖြည်းဖြည်း ဖြစ်လာဦးမှာ)

ရုပ်နှစ်ခုထိတော့ သိတာပေါ့နော်။(လေရုပ်နဲ့နှာခေါင်းရုပ်)

“————” ( သိတာပေါ့ဗျာလို့ ပိုင်ပိုင်နိုင်နိုင် ဖြေနိုင်လာရင် )

ဒီနှစ်ခု အပြင် ဘာမှမရှိ၊ ထိတဲ့ရုပ်နဲ့ သိတဲ့နာမ်ဆိုတာပဲ တို့ခန္ဓာမှာ ရှိတာပါလားလို့ မထင် လာဘူးလား။ ( ခန္ဓာကိုယ်မှာ ဖြစ်သမျှ ကျန်တာအားလုံးလည်း ဒီသဘောပါပဲ) ဒီသဘောကို နားလည် လာတဲ့အခါ

ငါဆိုတာ— နာမ်နဲ့ရုပ်မျှပါလားလို့ သိလာပါလိမ့်မယ်။ (သမ္မာဒိဋ္ဌိပါပဲ။)

သေချာ ထပ်ထပ်ပြီး စေ့စေ့စပ်စပ် ရုပ်နဲ့နာမ်ပေါ်မှာပဲ သတိထား သုံးသပ်လာရင်-

ဟင်—– ထိ-သိပြီး ပျောက်၊ နောက်တစ်ခါ ထပ် ထိ-သိ-ပြီး-ပျောက်၊ ဒီရုပ်နာမ် ဆိုတာလည်း မမြဲတဲ့သဘော ပါလား။(သမ္မာသင်္ကပ္ပ၊ သမ္မာဒိဋ္ဌိ) ဖြစ်နေပါပြီ။

ငါ ဆိုတာနဲ့ လောဘဖြစ်တာပါပဲ။( ဟုတ် မဟုတ်တော့ မိမိစိတ်ကို ရိုးဖြောင့်စွာ ထားပြီး ဆုံးဖြတ်ပါ) ငါမဟုတ်ပါလား ဆိုတော့ လောဘစိတ်ကလည်း လျော့ လျော့လာတာပါပဲ။

ဒီလုပ်ငန်း(ရှုမှတ်မှု တစ်ချက်စီ တစ်ချက်စီတိုင်းကို) အထူး ဂရုစိုက်ပြီး၊ လုပ်တိုင်း လုပ်တိုင်း ဟာလည်း ဗောဓိပက္ခိယ တရား ၃၇ ပါးလုံး ပါဝင်နေတယ်ဆိုတာ ယုံကြည်ထားပြီး အားရှိပါစေ။

ရှုမှတ်မှုတိုင်းဟာလည်း ကုသိုလ်ဓာတ်တွေ ကိန်းကိန်းနေတယ်လို့ သိနေပါစေ။

ရှုမှတ် အားထုတ်မှု ကောင်းလာရင်

ရုပ်နဲ့နာမ်တို့ရဲ့ အကြောင်း ကောင်းကောင်းသိလာမှာပါ။ (ကျွန်တော်ပြောပြရင် ကျွန်တော်ပဲသိမှာ၊ ခင်ဗျားသိမှာ မဟုတ်ဘူး၊ ဒါဆိုရင် ခင်ဗျား ဥာဏ်မဟုတ်ဘူး၊ ဒါကြောင့် မပြောဘူးနော်)

ဝေဒနာ ပေါ်လာလိုက် ရှုမှတ်လိုက်။ (ကိလေသာ Virus ကို delete လုပ်ပြစ်နေတာလို့ နားလည်ပါ။)

မကောင်းတဲ့ ၊ ကောင်းတဲ့ စိတ်တွေ ပေါ်လာလိုက်၊ ရှုမှတ်လိုက်။ ရှုမှတ်တယ်ဆိုတာ သတိနဲ့ သိတာ၊ မကောင်းတဲ့စိတ်ပေါ် ပေါ်တယ်လို့သိတာ။ (ကိလေသာ Virus တွေကို delete လုပ်ပစ်နေတာလို့ ယုံကြည်ထားပါ)

× × ×

ဓမ္မမိတ်ဆွေ ၀ိပဿနာအစစ်ဟာ ရုပ်နာမ် ဖြစ်ပျက်မှုကိုပဲ ရှုတာပါ၊ တခြား ဘာတစ်ခုမှ မပါပါဘူး။

ရှုတော့ ရှုမှတ်နေပါ။

ရှုမှတ်မှုအားကောင်းလေ အကုသိုလ်ဓာတ် ပါးပါးသွားလေ ဖြစ်လာပြီး၊

ဓမ္မမိတ်ဆွေရဲ့ စိတ်တွေ ပြောင်းလာပါလိမ့်မယ်။

ဓမ္မနဲ့ အဓမ္မတရားဟာ ဘယ်လိုမှ ဆက်စပ်လို့ မရတာကြောင့် ဒီလို မွန်မြတ်တဲ့ သူတော်ကောင်း ဖြစ်စေမယ့် ဓမ္မတွေကို လေ့လာ လိုက်စားလာတဲ့ အခါမှာ

မျက်စေ့၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို သတိနဲ့ ထိန်းသိမ်းပါ။

အခြေခံ ငါးပါးသီလကို လုံခြုံအောင်လည်း သတိနဲ့ စောင့်ထိန်းပါ။

အရေးအပါဆုံးကတော့ သွားလာ နေထိုင်မှုတွေ အားလုံးမှာ သတိရှိနေခြင်းပါပဲ။

ကျွဲကူးရေပါ ဆိုတဲ့စကားပုံလိုပါပဲ၊ ကျွဲက အမွှေးများတော့ ရေအိုင်ဖြတ်ကူးပြီး ကုန်းပေါ် ရောက်လာရင် အမွှေးတွေမှာ ရေတွေစွပ်စိုပြီး ပါလာသလို-

လောကီကောင်းကျိုးတွေဟာလည်း အလိုလို ရလာမှာပါပဲ။

ပြီးခဲ့တဲ့ အမှားတွေ၊ စိတ်ထဲပေါ်လာရင် ရှုမှတ်ပြစ်လိုက်၊ မလာသေးတဲ့ အနာဂါတ်ကို တွေးမိရင်လည်း တွေးမိတာကို သိပြီး၊ ရှုမှတ်လိုက်၊ ခုတကယ် ပိုင်ဆိုင်နေတဲ့ ပစ္စုပ္ပန် အချိန်တိုင်း အချိန်တိုင်းမှာ ပေါ်လာသမျှ သတိကပ်ပြီး၊ အကောင်းဆုံး ရှုမှတ်နိုင်တာဟာ ကိုယ်နိုင်တဲ့ဝန် ကိုယ်ထမ်းနေတာပါ၊ လူတစ်ယောက်ဟာ ဒီထက်ပို မလုပ်နိုင်ပါဘူး။

လောဘကြောင့် အောင်မြင်ကြတာ မဟုတ်ပါဘူး။

အလုပ်လုပ်လို့ အောင်မြင်ကြတာပါ။

တနေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်ကစ အဓိဋ္ဌာန်ထား၊ မဖျက်နဲ့ တတ်နိုင်ရင် တတ်နိုင်သလောက်ကို အလုပ်မသွားမီ တစ်ချိန်၊ ဂရုစိုက် ရှုမှတ် အလုပ်ပြန်ရင် တစ်ချိန် ဂရုစိုက် ရှုမှတ် လေ့ကျင့်ပါများ ထုံပါများလာရင် ၀ါသနာ ညာဉ် စရိုက်အထိ ကူးပြောင်း သွားမှာပါ။ နောက်တော့ လွယ်သွားရော။

ရှုမှတ်တတ်လာရင် သွားရင်းလာရင်းလည်း ရှုမှတ်လို့ ရပါတယ်။

အလုပ်သွား၊ အလုပ်ပြန် ကားစီးရင် ဟိုဒီ မတွေးနဲ့ စိတ်ကို နှာသီးဝကပ်ထား (ကုသိုလ်တွေ၊ ကုသိုလ်တွေလို့ အားရ) အချိန်ပိုရင် စိတ်ကို ဒီမှာထား ရှုမှတ် (ကုသိုလ်စိတ်တွေ ကိန်းနေတာလို့ ၀မ်းသာ)

မြတ်ဗုဒ္ဓလက်ထက်တော်က သာဝတ္တိမြို့မှာ ကုလားကလည်း လယ်ထွန်ရင်း၊ ကုလားမကလည်း ဆန်ပြာရင်း၊ ထမင်းချက် ရင်း၊ သောတာပတ္တိမဂ်ဥာဏ်တွေ ရကုန်ကြသတဲ့။

ဓမ္မမိတ်ဆွေ တဖြည်းဖြည်း သိလာလိမ့်မယ်။

မကောင်းတာတွေ အကျိုးယုတ်တာတွေကို မလုပ်ချင်တော့ဘူး။

ကောင်းမွန်တာ အကျိုးရှိတာတွေ လုပ်ချင်လာလိမ့်မယ်။

သူတပါးအပေါ်လည်း မေတ္တာတွေ ရှိလာပြီး၊

ကိုယ်နဲ့ ဆက်ဆံရသူတွေမှာလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်လာကြပါလိမ့်မယ်။

Blog ဖတ်သူ ဓမ္မမိတ်ဆွေများခင်ဗျား။ ကိုယ်တိုင် ကျင့်သုံးကြည့်ပါ။

ဝေလည်းဝေမျှပေးကြပါ။

မြတ်ဗုဒ္ဓရဲ့ တရားစစ် တရားမှန် ၀ိပဿနာ တရားတော်များကို ကိုယ်စီ ကိုယ်စီ ကျင့်သုံးဆောက်တည်ကြပြီး-

မြန်မာဆိုတာ လူဆိုး၊ လူဆင်းရဲဆိုတဲ့ ဘ၀ကနေ မြန်မာဟာ ကမ္ဘာ့ကောင်းကျိုး၊ လူသား ကောင်းကျိုး ပြုနိုင်တဲ့ ဥာဏ်ပညာကြီးတဲ့ ဂုဏ်သိက္ခာရှိတဲ့၊ ကိုယ်ကျင့်တရားကောင်းတဲ့ သူတွေအဖြစ် ပြောင်းလဲ သွားအောင် တက် ညီ လက်ညီကြိုးစားကြပါစို့ခင်ဗျား။ လွတ်လပ်ရေးသာမကလွတ်မြောက်ရေးကိုပါကြံဆောင်နိုင်ကြပါစေ။

x x x

ကျွန်တော် ဤကဲ့သို့ လူငယ်လူလတ်များအတွက် ကောင်းကျိုးအမှန်ဖြစ်စေမယ့် တရားတော်များနှင့် ဗဟုသုတ များကို ဖြန့်ဝေနိုင်ရန်အတွက် ကောင်းစွာ အထောက်အကူ ရခဲ့သော

ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအား လည်းကောင်း၊

ဤဘ၀တွင် ဤအသိကို ရနိုင်ရန် ဥတုဆုံ၍ ကျွန်တော့်အား မွေးဖွားပေးခဲ့သော မိခင်ဖခင် ကျေးဇူးရှင်တို့အား လည်းကောင်း၊

ဗဟုသုတများ သင်ကြားပေး သိစေခဲ့သော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ အာစရိယ အပေါင်းတို့ အား လည်းကောင်း၊

ရိုသေညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏။

Blog နှင့် စတင် မိတ်ဆက်ပေးသော သားကြီး၊ Blog Design Display ပြင်ဆင်ပေးသော သမီးငယ်နှင့်၊ ကျွန်တော်ရေးသမျှ မညီးမညူ ကွန်ပြူတာ စာစီပေးသော ဇနီးသည်တို့အား၊ ဖော်မပြနိုင်သောကျေးဇူးတင်မှု ဖြင့် ကျေးဇူးတင် ပါကြောင်း။

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၇)

ဝိပဿနာ တရားအားထုတ်မည့် ပုဂ္ဂိုလ်တစ်ယောက်သည် မြတ်ဗုဒ္ဓ ဟောကြားထားသော အောက်ပါ အချက်များကို ကြိုတင်သိရှိ နားလည်ထားသင့်ပါသည်။

မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်များ အားလုံးကို သက်ဆိုင်ရာ အမျိုးအစားအလိုက် ခွဲခြားသော် ၀ိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာပိဋကတ် ဟူ၍ ပိဋကတ်သုံးပုံ ရှိပါသည်။

ယင်းပိဋကတ် သုံးပုံကို အနှစ်ထုတ်ယူသော် ဗောဓိပက္ခိယ (မဂ်ဉာဏ်၏အတွက် ဖြစ်သည့် သစ္စာ လေးပါးကို သိစေတတ်သော အရိယာမဂ်၏ အသင်းအပင်း) တရား ၃၇ ပါးရမည်။

ယင်း ဗောဓိပက္ခိယ တရား ၃၇ ပါးကို အနှစ်ထုတ်သော်၊ မဂ္ဂင် ရှစ်ပါး၊ မဂ္ဂင်ရှစ်ပါးကို အနှစ်ထုတ်သော်

သိက္ခာသုံးပါး- သီလ၊သမာဓိ၊ပညာ၊

သိက္ခာသုံးပါးကို အနှစ်ထုတ်သော် “သတိဖြင့်ရှုမှတ်မှုတချက်”ဟု ဆိုပါသည်။ ဧကောဓမ္မော ဟုဆိုနိုင်ပါသည်။

ရှုမှတ်မှု အလေ့အကျင့်များလာလျှင် ဘာလိုနေသည်၊ ဘာဖြည့်ဆည်းပေးရမည်၊ ဘာပိုနေသည်၊ ဘာထုတ်ပယ်ရမည် စသည်ဖြင့် သိနားလည် လာပါလိမ့်မည်။

အခြေခံ အားထုတ်မည့် ပုဂ္ဂိုလ်သည် ဗောဓိပက္ခိယ တရား ၃၇ ပါးအကြောင်းကို အကြမ်း ဖျင်း အားဖြင့် သိထားရန် လိုအပ်ပါသည်။

ဗောဓိပက္ခိယ ဆိုသော ပါဠိတော်၏ အနက်အဓိပ္ပါယ်ကပင် ဗောဓိဉာဏ် (အရိယသစ္စဉာဏ်)၏ ပက္ခိယ (အသင်းအပင်း) ဟု ဆိုထားသောကြောင့် တတွဲတည်း ပါဝင်နေသော တရားများဖြစ်ပါသည်။

ကျွန်တော်တို့ ၀ိပဿနာ တရားအားထုတ်မည့် သူများ၊ မရှင်းမလင်း ဖြစ်တတ်ကြသည့် အကြောင်းအရာ တစ်ခုကို တင်ပြလိုပါသည်။

ဧကောဓမ္မော သတိဖြင့် ရှုမှတ်မှုတစ်ချက် သည် အဆင့်ဆင့် ပြန်စစ်ဆေးလျှင် ပိဋကတ်သုံးပုံ ပြန်ရောက်သွားမည် ဖြစ်နေသောကြောင့် ၀ိပဿနာ ရှုမှတ်သူသည် ပိဋကတ်သုံးပုံလုံး ကျင့်သုံးရခြင်း ဖြစ်သည်ဟု ယူဆသွားနိုင်စရာ ရှိသည်။

ဤသို့ မဟုတ်ပါ။ မြတ်ဗုဒ္ဓ၏ တရားတော်များတွင် အသိနှင့်အကျင့် ဟူ၍ ရှိပါသည်။ အချို့တရားများ သည် သိနားလည်ထားရမည့် တရားများဖြစ်ပြီး၊ အချို့တရားများမှာ ကျင့်ရမည့် တရား ဖြစ်ပါသည်။

ဥပမာအားဖြင့်-

ပဋိစ္စသမုပ္ပါဒ်တရားတော်သည် သိနားလည်ထားရမည့် တရားဖြစ်ပါသည်။

ဘ၀(သံသရာ)၏ မူလအစသည် အ၀ိဇ္ဇာ(မသိမှု) နှင့် တဏှာ(လောဘ-လိုချင်မှု) တို့ကြောင့် ဖြစ်သည်။ ယခု ရထားသော ခန္ဓာသည် (ဒုက္ခသစ္စာ)ဖြစ်သည်။ ခံစားမှု(ဝေဒနာ)ကို မပါယ်သတ်နိုင်လျှင် တဏှာ(စွဲလန်းမှု) ဖြစ်မည်၊ ထိုမှဆက်၍ ဘ၀ အသစ်တစ်ခု ဆက်ဖြစ်မည်ဟု သိထားရသည်။

ဖြစ်တတ်သည့် သဘောများ (Process) ဟု နားလည်ထားရမည်၊ ကျင့်ရမည့် (Method) မဟုတ်ဟု နားလည်ထားရမည်။

ထို့အတူ ပဋ္ဌာန်း ၂၄ ပစ္စည်းတရားတော်သည်လည်း ဖြစ်တတ်သည့် သဘောတရား အကြောင်းကြောင့် အကျိုး (Cause and Effect) များဟု သိထားရမည်။ ဤသို့ ပြုလျှင် ဤသို့ ဧကန်ဖြစ်မည် ကို မြတ်ဗုဒ္ဓက သိစေလိုခြင်းဖြစ်ပါသည်။

တရားအားထုတ်မှု ရင့်ကျက်လာသည်နှင့် မိမိ၏ဉာဏ်တွင် မြတ်ဗုဒ္ဓ ဟောတာ မှန်လိုက်တာ၊ ဖြစ်စဉ်တွေဟာ ဒက်ထိ ကွက်တိပါပဲဟု အလိုလိုသိ၊ တရားတော်နှင့် ညှိကြည့်၊ ဟုတ် ဟုတ်၍နေသည်ကို နားလည် လာပါလိမ့်မည် လေ့ကျင့်မှု နည်းလမ်း(Method) ကလည်း မှန်လျှင် ပြည့်စုံပြီဖြစ်၏။

ထို့အတူပင် မေတ္တာသုတ်သည် တရားအားထုတ်သော ရဟန်းပုဂ္ဂိုလ်များ လိုက်နာရမည့် တရားလမ်းညွှန်များ ဟုလည်း နားလည်ထားရပါမည်။

သိရမည့်(Process) တရားတော်များနှင့် ကျင့်ရမည့်(Method) တရားတော်များကို ခွဲခြားသိမြင် ပြီးသော် သိစရာများကို သိအောင်လုပ်၍ ကျင့်စရာကို ကျင့်လျှင် လိုရာခရီးရောက်မည် ဖြစ်ပါသည်။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက လိမ်းဆေးကို သောက်ဆေး၊ သောက်ဆေးကို လိမ်းဆေးအဖြစ် မမှားစေရန် သတိပေးတော် မူလေ့ရှိပါသည်။

စာပြုသူ ကျွန်တော်က မိုးကုတ်ဆရာတော်ဘုရားကြီးဟု ညွှန်းသောကြောင့် စာဖတ်သူ လူငယ် လူလတ်များ သိလိုလိမ့်မည် ထင်သော အကြောင်းအရာတစ်ခုကို တင်ပြလိုပါသေးသည်။

မြတ်ဗုဒ္ဓဟောကြားသောဝိပဿနာတရားတော်သည်လွန်စွာကျယ်ပြန့်ပါသည်။အားထုတ် ရန်နည်းလမ်း ပေါင်းများးစွာရှိပါသည်၊ယင်းနည်းလမ်းများထဲမှမိမိကိုယ်တိုင် အားထုတ်ကြည့်ရင်း သဘောကျ နှစ်ခြိုက် ဉာဏ်အမြင် မှန်ကန်စွာ ရသောကြောင့် ဒီလိုလုပ်ကြည့်ဟု ခိုင်းသည်ကို အမည်ပညတ် လိုက်တပ်သောအခါ ဘာနည်း၊ ညာနည်း၊ ဖြစ်ကုန်ကြခြင်း ဖြစ်ပါသည်။

မည်သည့် သူတော်ကောင်း ပညာရှိ ဆရာတော်ကြီးများကမျှ “ငါ့ကိုယ်ပိုင်တရား” ဟု ပြောလိမ့်မည် မဟုတ်သည်ကို ယုံကြည်ထားကြစေလို ပါသည်။

ဥပမာပြောရလျှင် ခု စာရေးသူ ကျွန်တော်တို့လို ပါမွှားပင်လျှင် မြတ်ဗုဒ္ဓ၏ တရားတော်များကို လေ့လာ သင်ယူ ကျင့်သုံး၍ သဘော နည်းနည်းပေါက်ရုံမျှနှင့်ပင် မြတ်ဗုဒ္ဓ တရားတော်များကို မြတ်နိုးလာပါသည်။

လက်တွေ့ လွန်စွာအားထုတ်၍ ဉာဏ်အမြင် ရင့်သန်ကြကုန်သော သူတော်ကောင်း ပညာရှိများ ဆိုလျှင်ကား ဘာမျှဆိုစရာ မလိုတော့ပါ၊ ယောင်၍ပင် ငါ့နည်းလုပ်၍ ကျေးဇူးကန်းစကား ဆိုလိမ့်မည် မဟုတ် သည်ကို ယုံကြည်တော် မူကြပါ။

ဉာဏ်ပညာ နည်းပါးသူတို့၏ ကိုယ်နှုတ် မစောင့်စည်းမှုများကြောင့်သာ ဟိုနည်း၊ ဒီနည်း ပြောဝံ့နေကြ ခြင်းဖြစ်သည်ကို စာရှုသူတို့ ရှင်းလင်းသော ဉာဏ်အမြင် ရှိစေလိုပါသည်။

မြတ်ဗုဒ္ဓ၏ တရားတာ် အစစ်အမှန်များက သာလျှင် သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း သိစေ၍ အရိယမဂ်ကို ရစေမည်အမှန်ဟု ဒုန်းဒုန်းချ ယုံကြည်ထားစေလိုပါသည်။

စာရှုသူမိတ်ဆွေ-

သင့်ကိုတစုံတယောက်သောတရားပြပုဂ္ဂိုလ်ကဤ၀ိပဿနာကျင့်သုံးနည်းကားငါကိုယ်တိုင်ဖော်ထုတ် ထား သောနည်းအမှန်ဖြစ်ပေသည်-ဟုဆိုလာလျှင်ခနမဆိုင်း အလျင်အမြန် ထိုသူ ထံ မှ ဝေးရာသို့သာ ပြေးထွက်ပါတော့။

သင် ဒုက္ခရောက်မည့် လမ်းကြောင်းကိုသာ ထိုပုဂ္ဂိုလ်က ညွှန်ပြတော့မည် ဧကန်ဖြစ်ပါသည်။

စာရှုသူ လူငယ်လူလတ်တို့ခင်ဗျာ-

မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်တစ်ပုဒ်ကို ထုတ်နှုတ် တင်ပြလိုပါသည်။

ပါဠိတော်အားဖြင့်-

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ၊ သတ္တာနံ ၀ိသုဒ္ဓယာ၊ သောက ပရိဒေ၀ါနံ သမတိက္ကမာယ, ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ, ဉာယဿ အဓိဂမာယ, နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။

အဓိပ္ပါယ်မှာကား ရဟန်းတို့ အလုံးစုံသော သတ္တ၀ါ အပေါင်းတို့၏ စိတ်အညစ်အကြေးမှ ကင်းဝေး စင်ကြယ်ခြင်းငှာ၊ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းတို့ကို လွန်မြောက်ခြင်းငှာ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့၏ ချုပ်ငြိမ်းပျောက်ကွယ်ခြင်းငှာ၊ အရိယမဂ်ကို ရခြင်းငှာ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဤသတိပဌာန် တရား(၄)ပါးသာလျှင် တစ်ခုတည်းသောလမ်း တစ်ကြောင်း တည်း သောလမ်းပေတည်း (အနှစ်အသား လုံးဝ အပျက်မခံ အကျဉ်းချုပ်၍ ပညာရှိကြီးများ ဘာသာပြန်ဆိုချက်ကို ဖော်ပြထားခြင်း ဖြစ်ပါသည်။) ဟုဟော ကြားခဲ့ပါသည်။

မြတ်ဗုဒ္ဓသည် ဆန့်ကျင်သော အနက်အဓိပ္ပါယ် ထွက်စေသည့်စကား မည်သည့်အခါမျှ ဟောကြားခဲ့ခြင်း မရှိပါ။

ဧကာယနော အယံ မဂ္ဂေါ – တစ်ကြောင်းတည်းသောလမ်းဟု ပြတ်သားစွာ ဆိုခဲ့ပါသည်။

မည်သို့ပင် ပညတ်အားဖြင့် အခေါ်အဝေါ် ကွဲပြား ကွဲပြား-

မဟာစည်ဆရာတော် ဘုရားကြီးကလည်း သတိပဋ္ဌာန်သာ ဟောသည်။

ဖြစ်ပျက် ဖြစ်ပျက်ဟု မိုးကုတ်ဆရာတော်ဘုရားကြီး တရားကို အလွယ်သာ အပေါ်ယံရှပ် နားလည်နေ ကြသော်လည်း၊ ဖြစ်ပျက်ကို “သတိ” မပါပဲ လုံးဝမသိနိုင်။

စွန်းလွန်းဆရာတော် ဘုရားကြီး၏ ထိ သိ သတိ သည်လည်း သတိပဋ္ဌာန်တရားပင် ဖြစ်ပါသည်။

လယ်တီဆရာတော်ကြီး၏ မဟာဘူတ ရုပ်ရှုခြင်းသည်လည်း သတိပဋ္ဌာန် တရား တော် ပင် ဖြစ်ပါသည်။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဖြစ်ပါသည်။

နောက်ဆုံး သတိအားကောင်းသူသာ အမှန်ကို သိလိမ့်မည်၊ အမှန်ကိုသိလျှင် အမှားကိုလည်း သိလိမ့်မည်၊ ထိုမှ ထိုသူ၏ အသိဉာဏ် လုံးဝပြောင်းလဲ သွားပေလိမ့်မည်၊ ယင်းကို လောကုတ္တရာဉာဏ် မဂ်ဉာဏ်ဟု ခေါ်ပါသည်။ သတိအားကောင်းစေရန် ကျင့်စေသော အခြေခံလေးများ ကွဲပြားခြင်းသာ ရှိပါသည်၊ မည်သို့ပင်ဆိုစေ သတိပဋ္ဌာန်တရား လေးပါးမှ မလွတ်သည်ကို

ရှင်းလင်းစွာ နားလည်ထားရန် လိုပါသည်။

x x x

ဗောဓိပက္ခိယတရား ၃၇ ပါး ကိုအကြမ်းဖျဉ်းအားဖြင့်သိထားရန်လည်းလိုပါသည်။

၎င်းတို့မှာ-

သတိပဋ္ဌာန်တရား (၄)ပါး- ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ။

သမ္မပ္ပဓါန် (၄)ပါး –

· ဖြစ်ပြီးအကုသိုလ်တို့ကို ပါယ်ရန်လုံ့လပြုခြင်း၊

· မဖြစ်သေးသော အကုသိုလ်တို့ကို မဖြစ်ခြင်းငှာ လုံ့လပြုခြင်း၊

· ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် လုံ့လပြုခြင်း၊

· မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်အောင် လုံ့လပြုခြင်း။

ဣဒ္ဓိပါဒ် (၄)ပါး – ဣဒ္ဓိပါဒ်၏ သဘောသည် ပြီးစီးပြည့်စုံခြင်း အနက်ကိုဆောင်၏၊ ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ စသည့် (၄)ပါး ဖြစ်၏။

ဣနြေ္ဒ (၅) ပါး – အစိုးရခြင်း ပိုင်နိုင်ခြင်း သဘောဆောင်၏

· သဒ္ဓိနြေ္ဒ – သဒ္ဓါစေတသိက် ကြည်လင်စူးစိုက်မှု အစိုးရခြင်း၊

· ၀ီရိယိနြေ္ဒ – ၀ီရိယစေတသိက် မဆုတ်နစ်အောင် ထောက်ကန်အားပေးမှု ကို အစိုးရခြင်း၊

· သတိနြေ္ဒ – သတိစေတသိက် သိမှုကို အစိုးရခြင်း၊

· သမာဓိနြေ္ဒ – တခုတည်းသော အာရုံတွင် တည်ကြည်စေမှုကို အစိုးရခြင်း၊

· ပညိနြေ္ဒ – အာရုံ၏သဘောအမှန်ကို ထိုးထွင်းသိမှု၌ အစိုးရခြင်း။

ဗိုလ် (၅)ပါး –

· သဒ္ဓါဗိုလ် – အားကြီးသော သဒ္ဓါစေတသိက် ယုံကြည်မှု၊

· ၀ီရိယဗိုလ် – အားကြီးသော ၀ီရိယ လုံ့လ ၊ ရဲရင့်ခြင်း၊

· သတိဗိုလ် – အားကြီးသော သတိစေတသိက် ခေါင်းဆောင်တရား၊

· သမာဓိဗိုလ် – အားကြီးသောသတိ ဧကဂ္ဂတာ စေတသိက်၊

· ပညာဗိုလ် – အားကြီးသောပညာ။

ဗောဇ္ဈင်(၇)ပါး –

· သတိသဗ္ဗောဇ္ဈင် – သစ္စာလေးပါးကို သိကြောင်း အောက်မေ့မှုသတိ၊

· ဓမ္မ၀ိဇယသဗ္ဗောဇ္ဈင်- စီစစ်တတ်သည့် ပညာ၊

· ၀ီရိယ သဗ္ဗောဇ္ဈင်- အားထုတ်မှု ၀ီရိယ၊

· ပီတိ သဗ္ဗောဇ္ဈင်- နှစ်သက်ရွှင်လန်းမှု ပီတိ၊

· ပဿဒ္ဓိသဗ္ဗောဇ္ဈင်- ငြိမ်းအေးခြင်း၊

· သမာဓိသဗ္ဗောဇ္ဈင်- တည်ကြည်ခြင်း ဧကဂ္ဂတာ၊

· ဥပေက္ခာသဗ္ဗောဇ္ဈင်- လျစ်လျူရှုမှု စေတသိက်၊

မဂ္ဂင် (၈)ပါး

· သမာဒိဋ္ဌိ ကောင်းမွန်မှန်ကန်စွာ သိမှု၊

· သမ္မာသင်္ကပ္ပ ကောင်းမွန် မှန်ကန်စွာ ကြံစည်မှု၊

· သမ္မာ ၀ါယမ ကောင်းမွန် မှန်ကန်စွာ အားထုတ်မှု၊

· သမ္မာသတိ ကောင်းမွန် မှန်ကန်စွာ အောက်မေ့မှု၊

· သမ္မာ သမာဓိ ကောင်းမွန် မှန်ကန်စွာ တည်ကြည်မှု၊

· သမ္မာ ၀ါစာ ကောင်းမွန် မှန်ကန်စွာ ပြောဆိုမှု၊

· သမ္မာ ကမ္မန္တ ကောင်းမွန် မှန်ကန်စွာ ပြုလုပ်မှု၊

· သမ္မာအာဇီဝ ကောင်းမွန် မှန်ကန်စွာ အသက်မွေးမှု။

ထို ဗောဓိပက္ခယတရား ၃၇ ပါးကို အနှစ်ချုပ်သော်၊ မဂ္ဂင် ၈ ပါးသာရသည်၊ ထိုမဂ္ဂင် ၈ ပါး ကိုအနှစ် ချုပ်သော် သီလ၊ သမာဓိ၊ ပညာ သိက္ခာ (၃)ပါးရသည်။ (အောက်မှ အထက်တက်ပါ)။ ဗောဓိပက္ခိယတရား ၃၇ ပါး အကျယ်ကို အချိန်ရလျှင် သင်တန်းများတက်၍ ဆရာတော်၊ လူပုဂ္ဂိုလ်များ ထံမှ ကောင်းစွာ သင်ယူသင့်ပါသည်။

ထို့ထက် အနှစ်ချုပ်သော် ရှုမှတ်မှုတစ်ချက်တွင် အကုန်လုံး အကြုံးဝင်ကြောင်းကို နောက်ဆုံးခန်း ၀ိပဿနာ တရားအားထုတ်ပုံတွင် တင်ပြပါမည်။

ပိုင်းလော့ဆရာတော်ကြီး(သို့မဟုတ်) ဆရာတော် အရှင်ဇေယျပဏ္ဍိတ၏ ဥပမာဖြင့် ပေးရသော်၊ ဘောပင်တစ်ချောင်း၏ ကိုယ်ထည်သည် ဗောဓိပက္ခယ တရား ၃၇ ပါးဖြစ်၍၊ စာရေးသော Ball point လေးသည် ရှုမှတ်မှုနှင့် တူသည်ဟု ရှင်းပြခဲ့သည်ကို ကျွန်တော်နာယူရင်း အလွန် ရှင်းလင်းစွာ သဘောပေါက်ဖူး ပါသည်။

Ball point လေး လှုပ်ရှားနေနိုင်ခြင်းမှာ ကိုယ်ထည်၏ အကြောင်း အထောက်အပံ့ ပါမှသာ ဖြစ်နိုင်ပါ သည်။

နောက်အခန်းရောက်လျှင် ဆောင်းပါးအားလုံး နိဂုံးချုပ်ပြီးစီး ပါတော့မည်။

သိစေလိုသည်များကတော့အများကြီးကျန်ပါသေးသည်။

ဆောင်းပါးရှည်နေသဖြင့်လည်းစာဖတ်သူများကိုအားနာပါသည်။

စိတ်ရှည်အချိန်ပေးဖတ်ရှုကြသည့်အလျှောက်အကျိုးလည်းရှိကြစေလိုပါသည်။

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၆)

ဝိပဿနာတရား အားထုတ်လျှင် လောကီ လောကုတ္တရာ နှစ်ဖြာသော ချမ်းသာမှုကို ရနိုင်သည်ဟု ဆိုသောအခါ သေချာအောင် မေးလာသူကို ကြုံရသေး၏။

လောကီဆိုတော့ ဥစ္စာစီးပွားချမ်းသာမှု၊ ဘ၀အောင်မြင်ရေး၊ အိမ်ထောင်ရေး စသည်ဖြင့် ပါမှာပေါ့နော်-ဟု ဆိုလာသူရှိ၏။

ကောင်းပါသည်။

ရှင်းမှလင်းမည်မဟုတ်ပါလော။

မြတ်ဗုဒ္ဓ ဟောညွှန်ပြသော တရားတော်များကို အကိုးအကားပြု၍၄င်း၊ လက်တွေ့မြင်ရသော လူသားတို့၏ ပကတိဘ၀ကို ကြည့်၍၄င်း၊ ဖြေကြားရသော် ဥစ္စာစီးပွား ချမ်းသာမှု၊ ဘ၀အောင်မြင်ရေး၊ အိမ်ထောင်ရေး အဆင်ပြေမှု စသည်ဖြင့် အားလုံး ပါဝင်ပါသည်-ဟု ဖြေဆို ရပါလိမ့်မည်။

ဤအဖြေကိုရသော Blog စာမျက်နှာပေါ်မှ လူငယ်လူလတ်များ အနေဖြင့်-

“ပြန်ပြောလို့ မရလို့ပေါ့ကွာ၊ တကယ် လက်တွေ့နဲ့တော့ တခြားစီပါပဲ၊ ကောင်းတာလုပ် မကောင်းတာဖြစ်၊ မကောင်းတာလုပ် ကောင်းတာဖြစ်၊ ဖြစ်ချင်ရာ ဖြစ်နေတာပါ ဗုဒ္ဓကရော ဘာများ တတ်နိုင် တာ မှတ်လို့” ဟု

မိမိတို့ စိတ်ဝယ် ခံစားမှု ဖြစ်ပေါ်လာနိုင်သော လူငယ်လူလတ် ၉၀% လောက်ထိ ရှိနိုင်ပါသည်။

“လက်တွေ့မပါတဲ့ စာတွေပါဗျာ”

“သီအိုရီနဲ့ လက်တွေ့ မကိုက်ပါဘူး” ဆိုသော စိတ်ထားများ ဖြစ်ပေါ်လာနိုင်သလို ယုံကြည်မှု သိပ်အားနည်းသွားလျှင် မြတ်ဗုဒ္ဓ၏ တရားတော်များကိုပင်ပြစ်ပါယ်ချင်ပြစ်ပါယ်သွားနိုင်ကြပါသေးသည်။

ကျွန်တော့်အနေဖြင့် အထူးစိုးရိမ်သည်မှာလည်း ဤအချက် ဖြစ်ပါသည်။

မယုံလျှင် မရဲတင်းတော့ပါ။

မရဲတင်းတော့လျှင် အခက်အခဲများကို မျက်နှာလွှဲကြ ပါလိမ့်မည်။

ရင်မဆိုင်ဘူး ဆိုကတည်းက အရှုံးပေးလိုစိတ် ကြီးစိုးလာပါလိမ့်မယ်။

အရှုံးပေးလိုစိတ်သည် အရှုံးမှလွဲ၍ ဘာကိုမျှ ပေးမည်မဟုတ်ပါ။

ဤနေရာတွင် ကျွန်တော်ငယ်ငယ်က ဖြစ်ခဲ့ဖူးသော အတွေ့အကြုံလေး တစ်ခု တင်ပြချင်ပါသည်။

တနေ့ မနက်အစောကြီးမှာ ကျွန်တော့်မေမေက ဘုန်းကြီးကျောင်းကို အရုဏ်ဆွမ်း သွားပို့တယ်၊ ကျွန်တော်က အဖော် လိုက်ရတယ်။

ဘုန်းကြီးကျောင်း သွားရတဲ့လမ်းက သင်းချိုင်းကုန်းတစ်ခုကို ဖြတ်သွားရတာပါ၊ ကျွန်တော်က ရှိလှ ၉ နှစ်ပေါ့။

ကြောက်ပါတယ်၊ ဒါပေမယ့် မေမေ့အတွက်အဖော် ကျွန်တော်ပဲရှိတာမို့ လက်က ၀ါးခြမ်းပြား လေးကိုင် ချိုင့်တစ်ချိုင့် လက်ဆွဲပြီး၊ မေမေ့နောက်က လိုက်ရတယ်။

မေမေကတော့ တကယ့် ဆွမ်းအုပ်နီနီကြီးကို ရွက်လို့ပေါ့။

တကယ့်ကို ကြောက်ပါတယ်ဆိုမှ မေမေ့ဘေး မလှမ်းမကမ်း မြေပုံတစ်ခုပေါ်မှာ-

“အမယ်လေးဗျာ” မအော်ရုံ တမယ်၊ ဘာတွေ့တယ် ထင်ပါသလဲ။

ဆံပင်ဖားလျားနဲ့ ခေါင်းပြတ်ကြီးတစ်လုံးဗျာ။

ကျွန်တော် အော်ပစ်ချင်လိုက်တာ အရမ်းပဲ၊ ဒါပေမယ့် ကျွန်တော်အော်ရင် မေမေလည်းလန့်ပြီး၊ ပြေးရင်ပြေးမှာ၊ မေမေချော်လဲမှာကို ကျွန်တော် စိုးရိမ်စိတ်လည်း တဆက်တည်း ပေါ်လာတယ်။

မရိုသေ့စကား၊ ရှူးတော့ ထွက်မကျဘူး၊ ကြက်သီးတွေ တဖြန်းဖြန်းပါပဲ၊ ကျွန်တော် စိတ်တင်း လိုက်တယ်။

ဆံပင် ဖားလျား ခေါင်းပြတ်ကြီးဆီကလွဲပြီး၊ ကျွန်တော့်မျက်လုံးကို မရွေ့တော့ဘူး၊ သေချာ စိုက်ကြည့် တယ်၊ မျက်နှာမလွှဲဘူး။

ဟော- ကြည့်ရင်းကြည့်ရင်းနဲ့ တဖြည်းဖြည်း ခေါင်းပြတ်ကြီးကနေ “မှတ်တိုင်” ဖြစ်သွားတယ်။

ကျွန်တော် သတ္တိတွေ ပြန်ရှိလာတယ်။

“ဟားဟား မှတ်တိုင်ကြီးပါကွာ ဘာရမလဲ” လို့ စိတ်ထဲက ဖြစ်နေတုန်း-

မေမေက ကျွန်တော့်ကို လှည့်ကြည့်ပြီး၊

“သား လာလေ ရပ်ပြီးဘာလုပ်နေတာလဲ” ဆိုတော့မှ-

ကျွန်တော် မေမေ့ဆီ အပြေးလေးသွားပြီး၊ အဲ့ဒီ မှတ်တိုင်ကို လက်ထဲက တုတ်လေးနဲ့တောင် တစ်ချက် ရိုက်လိုက် သေးတယ်။

x x x

ကျွန်တော် ရည်ညွှန်းနေတဲ့ Blog ဖတ်သူ လူငယ်လူလတ်များခင်ဗျာ-

ရဲရဲကြည့်လိုက်ပါ၊ စေ့စေ့ စပ်စပ် ကြည့်လိုက်ပါ၊ ပေတံတွေ ထုတ်သုံးလိုက်ကြပါ။

မြတ်ဗုဒ္ဓရဲ့ တရားတော်တွေဟာ အကောင်းအဆိုး အကြောင်းအကျိုး တိုင်းတာဖို့ အားကိုးထိုက်တဲ့ ပေတံတွေပါ။စိတ်မလျော့လိုက်ကြပါနဲ့။ ကိုယ်တိုင် သိအောင် လုပ်ကြည့်ကြပါ။

ပြီးယင် ကျွန်တော်တို့ သိလာရင် မသိသေးသူများကိုလည်း ကူညီကြရအောင်ပါ။

“ကြောက်ရင် သေချာကြည့်ကြပါ” လို့ပြောပါရစေ။

ဝိပဿနာတရား အားထုတ်နိုင်ကြရန် သိထားသင့်တာလေးတွေ ဆက်ဖတ်လိုက်ပါဦး။

x x x

မြတ်ဗုဒ္ဓရဲ့ တရားတော်များကို ပရိယတ်နဲ့ ပဋိပတ်ဆိုပြီးလည်း ခွဲခြားနိုင်ပါသေးတယ်၊

ပရိယတ်က မြတ်ဗုဒ္ဓ၀စန (မြတ်ဗုဒ္ဓ နှုတ်တော်မှ ဟောကြားသော တရားတော် အလုံးစုံ)ကို သင်ကြား ပို့ချ၊ သင်ယူခြင်းပါ။

ပဋိပတ်ဆိုတာကသင်ယူနားလည်ထားသည်တို့ကိုကျင့်သုံးခြင်း ဖြစ်ပါတယ်။ (၀ိပဿနာ တရား ဆိုတာ ပဋိပတ်ဖြစ် ပါတယ်။)

ကျွန်တော်က ၀ိပဿနာကို ဦးတည်ထားတာကြောင့် ၀ိပဿနာ တရားလုပ်ငန်းကို မှန်ကန်စွာ လုပ်နိုင်အောင် လိုအပ်သလောက် ထုတ်နှုတ်ပြီး မြတ်ဗုဒ္ဓ တရားတော်တွေကို ယုံကြည်မှုရှိဖို့နဲ့ ကောင်းမွန်၊ မှန်ကန်၊ လေးနက်ကြောင်းတွေကို ရှေ့ပိုင်းမှာ လိုအပ်မယ် ထင်တာလေးတွေ အကျဉ်းခြုံးပြီး၊ တင်ပြ ခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ အရေးအကြီးဆုံး သိထားရမှာကတော့ မြတ်ဗုဒ္ဓ၏ တရားတော်များကို မြတ်ဗုဒ္ဓက တဦးတည်းမူပိုင်လုပ်ထားတာ မဟုတ်ဘူး ဆိုတာပါပဲ။

မြတ်ဗုဒ္ဓရဲ့ ဉာဏ်တော်မှာ လူမျိုးခွဲခြားမှု မရှိပါဘူး၊ ဘာသာခွဲခြားမှု မရှိပါဘူး၊ နိုင်ငံလည်း မခွဲခြားပါဘူး၊ ကမ္ဘာပေါ်ရှိ လူသားလောက်အတွက်လည်း မဟုတ်သေးပါဘူး၊ စက်ြဝဠာအနန္တ (၃၁)ဘုံလုံး အတွက် ဟောတဲ့ တရားပါ။

စိတ်၊ စေတသိက်၊ ရုပ် ဆိုတဲ့ သင်္ခတ ပရမတ်တွေရဲ့ သဘောသဘာဝတွေ အလုံးစုံကို ဟောကြားတဲ့ အပြင် နိဗ္ဗာန်ဆိုတဲ့ အသင်္ခတ ပရမတ်တရားအထိ ပါဝင်ပါတယ်။

စက်ြဝဠာအနန္တအထိလည်း ပါဝင်ပြီး ဖြစ်နေပါပြီ။

မြတ်ဗုဒ္ဓရဲ့ ဉာဏ်တော်နဲ့ သိလာတဲ့ မဖောက်မပြန် အမြဲမှန်တဲ့ သဘာဝတရားကြီး အကြောင်းကို ဟောတာဖြစ်ပါတယ်။

မြန်မာလူဟာလည်း ခန္ဓာငါးပါး (ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိဉာက္ခန္ဓာ) ပဲ ရှိပါတယ်။

ကုလားလူ၊ တရုတ်လူ၊ အင်္ဂလိပ်လူ၊ အာဖရိကလူ၊ အာစီယံကလူ၊ အီးယူကလူ၊ အမေရိကန် ကလူ၊ လူမှန်ရင် ခန္ဓာငါးပါးပါပဲ။

ခန္ဓာငါးပါးရဲ့ သဘာဝတရားအမှန်ကို သိလို့ ဟောခဲ့တာဆိုတော့-

ဗမာကို အပ်နဲ့ ထိုးရင် အမလေးလို့ အော်ပြီး၊

ကုလားကို အပ်နဲ့ထိုးရင် အာရိုးရိုးလို့ အော်တာပဲ ကွာပါတယ်။

ဒုက္ခဝေဒနာကတော့ အတူတူပါပဲ။ဆိုတာကိုသိမြင်တော်မူပြီးသားပါ။

လိမ်ပြောတာ မလုပ်နဲ့ ကောင်းကျိုးမပေးဘူးလို့ ဗုဒ္ဓက ဟောတယ်၊ ဒီတရားဟာ ဗုဒ္ဓ ဘာသာ ၀င်နဲ့တင် ဆိုင်တာ မဟုတ်ပါဘူး၊ ခရစ်ယန်၊ အစ္စလမ်၊ ဗြဟ္မာဏစတဲ့ဘာသာအားလုံး နဲ့ အကုန် ပတ်သက် တဲ့ အမှန်တရားပါ။

လိမ်ပြော၊ ကတိမတည်တဲ့သူရဲ့ စီးပွားရေး အောင်မြင် ခနပေါ့၊ အယုံအကြည်ကင်းမဲ့သွားရင် စီးပွါးရေး ရေရှည်မခံပါဘူး ပျက်မှာပါပဲ။

အဓမ္မနည်းနဲ့ ငွေတွေ ဘာတွေရှိနေတာကို ချမ်းသာတယ်ဆိုပြီး၊ ငွေတခုထဲပေါ်မှာတော့ ကြည့်မပြော နဲ့ပေါ့၊ လူ့သမိုင်းမှာ ချမ်းသာတာကို ငွေတခုတည်းနဲ့ တိုင်းရင်တော့ တိုင်းတာသူရဲ့ ဉာဏ်ပညာ အလျောက်ပဲ ၀မ်းနည်းစရာပေါ့။

မြတ်ဗုဒ္ဓဉာဏ်တော်မှာ ထင်ရှားပေါ်လွင်တဲ့ ချမ်းသာခြင်းက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ပြည့်စုံရင် ချမ်းသာတာပါ။

မယုံမရှိပါနဲ့၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ တကယ်ပြည့်စုံတဲ့သူကို လူငယ်လူလတ်တို့ ရှာကြည့်စမ်းပါ။

တွေ့ခဲ့ပြီဆိုရင် အဲ့ဒီလူ လောကီမှာ ဆင်းရဲဒုက္ခရောက်တဲ့သူ မဖြစ်စေရဘူးလို့ ကျွန်တော် လုံးဝအာမခံ ပါတယ်။

စူးစမ်းကြည့်ကြပါ။

မြတ်ဗုဒ္ဓဟာ သဘာဝတရားတွေကို ထုတ်ဖော်ဟောကြားတာပါ၊ ဥပမာပြောရရင်-

စာရှုသူ လူငယ်လူလတ်တို့ ဗုဒ္ဓဟောတဲ့ ငါးပါးသီလကို လုံအောင်စောင့်ထိန်းကြည့်စမ်းပါ၊ မချမ်းသာ ရင်ပြော ကျွန်တော်ကြွေးထားပါမယ်။ တကယ်လုံခြုံသွားတဲ့သူကလည်းသူများ အလကားကြွေး လည်း မစားတော့ ပါ ဘူး။

လွယ်တယ်တော့ မမှတ်လိုက်ပါနဲ့။

ပေါ့သေးသေး တရားလေးလို့လည်း မထင်ပါနဲ့။

ငါးပါးသီလကို လုံးဝမှ လုံးဝ တစွန်းတစ မကျိုးပေါက်အောင် နေနိုင်တဲ့လူ (ပုထုဇဉ်)မှာ မရှိပါဘူး။

နည်းတဲ့သတိတရားလားခင်ဗျာ။

နည်းတဲ့ ထိန်းသိမ်းမှုလားခင်ဗျာ။

သေချာ စေ့စေ့တွေးလေ ရေးရေးပေါ်လေ ဖြစ်လာမှာပါ၊ ထိန်းသိမ်းနိုင်ရင် ထိန်းသိမ်း နိုင် သလောက် အကျိုးများပါတယ်။

ပုထုဇဉ် ၂ မျိုးရှိပါတယ်။

ငါ့ဖို့မှငါ့ဖို့ဆိုတာက အန္ဓ၊

ငါ့ဖို့သူ့ဖို့နှစ်ဖက်မျှကြည့်တတ်တာက ကလျာဏ၊ ဖြစ်ပါတယ်။

ဝိပဿနာတရားတော်ကို ယုံကြည်စွာ အားထုတ်နေတဲ့သူဟာ ပထမအဆင့် ကလျာဏပုထုဇဉ် ဖြစ်လာပါလိမ့်မယ်။

အနောက်နိုင်ငံ ပေတံနဲ့ကြည့်ရင် ကလျာဏပုထုဇဉ်ဆိုတာ သူတို့ရဲ့ Gentleman ပါပဲ ။

သူတို့ဆီမှာ Gentleman ဖြစ်ဖို့ ကြိုးစားတာဟာ ကျွန်တော်တို့ဆီမှာ ကလျာဏပုထုဇဉ်ဖြစ်ဖို့ အားထုတ်နေကြတာနဲ့ ဆင်တူပါတယ်။

မိမိကြောင့် သူတစ်ပါး မထိခိုက်စေရ၊

မိမိဝန် မိမိထမ်းမယ်၊

သူတစ်ပါးကို ကူညီမယ်၊

ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းမယ်၊

ဆိုတဲ့ ခံယူချက်တွေဟာ Gentleman ဖြစ်လိုသူတွေရဲ့ ကျင့်သုံး ရမယ့် လမ်းစဉ်တွေပါပဲ။

မြတ်ဗုဒ္ဓဟောတဲ့ တရားတွေနဲ့ အတူတူပဲဆိုတာ သတိထားမိကြပါ လိမ့်မယ်။

အထူးသတိထားဖို့ကတော့-့

မြတ်ဗုဒ္ဓရဲ့ တရားတော်တွေဟာ ကျင့်သုံးရမယ့် တရားတွေပါ၊ သိရုံမျှလေး၊ ပါဠိတော်လေး ရွတ်ဆိုရုံမျှ လေးနဲ့ အကျိုးပေးတဲ့ တရားတော်များ မဟုတ်ကြပါဘူး။

ကျွန်တော် ဦးတည်နေတာက ၀ိပဿနာဆိုတော့ ၀ိပဿနာကို တကယ် မှန်ကန်စွာ ကျင့်သုံးလို့ လမ်းကြောင်း မှန်၊ အကျင့်မှန်ရင် ဘာမှ စိတ်မပူပါနဲ့တော့။

သူတပါးအပေါ်မှာ မေတ္တာထား၊ ကောင်းစွာစောင့်ရှောက်တဲ့သူကို မုန်းတီးပါတယ်ဆိုတာ ရှိပါ့မလား၊ ရှိတယ်လို့ ဖြေလာရင် အဲ့ဒီမုန်းတီးတဲ့သူဟာလည်း လူဆိုးလူမိုက်က လွဲလို့၊ တခြား မဖြစ်နိုင်ပါဘူး၊ စာရင်းထဲကို မထည့်ပါနဲ့တော့။

သူယုတ်မာတစ်ယောက်ဥစ္စာပစ္စည်း ဘယ်လောက်ချမ်းသာ ချမ်းသာ သူတော်ကောင်း ဖြစ်မလာပါဘူး။

သူတော်ကောင်းတစ်ယောက် ဟာလည်း၊ ဘယ်လိုနည်းနဲ့မှ မစင်ကြယ်တဲ့ ချမ်းသာမှုမျိုးကို အလို မရှိတတ်ပါဘူး။

ကျွန်တော်တို့ လူဖြစ်လာကြတာ ဘာအတွက်ပါလဲ၊ တကယ်ကို လေးလေးနက်နက် တွေးရမယ့် အကြောင်းအရာပါ။

ဒီနေရာမှာ အလျဉ်းသင့် လာပြန်လို့ ၀ိပဿနာတရား အားထတ်ခြင်းဟာ ဘယ်လောက် အကျိုးများလည်း ဆိုတာကို သိစေချင်လို့-

အဖြစ်မှန်လေးတစ်ခု ပြောပြချင်ပါတယ်။

ဂုရုကြီး ဦးဂိုအင်ကာ မဖြစ်မီ၊ ငယ်စဉ်က ကိုဂိုအင်ကာပေါ့ဗျာ၊ ခေါင်းကိုက်ရောဂါကြီး ဖြစ်လာလို့ ကမ္ဘာလှည့် ဆေးကု ပေမယ့် မပျောက်လို့၊ နောက်ဆုံး ဆရာကြီး ဦးဘခင်ဆီ ရောက်လာပြီး၊ တရားအားထုတ် ကြည့်ဖို့ ကြိုးစားပါတယ်။ ဂုရုကြီးက ငယ်စဉ်ကတည်းက ရိုးသားတော့ အမှန်အတိုင်းပဲ ဆရာကြီးဦးဘခင်ကို ပြောပြပါတယ်၊ တရားရဖို့ထက် ရောဂါပျောက်ချင်လို့ လာကြောင်းပေါ့။

ဆရာကြီးက ပထမတော့ စိတ်ဆိုးပြီး၊ ၀ိပဿနာတရား စခန်းဟာ ဆေးရုံမဟုတ်ဘူး၊ ဘာညာပေါ့၊ ပြောသေးတယ်။

နောက်တော့ ဂုရုကြီးရဲ့ ရိုးသားမှုနဲ့ မှန်တာပြောတာကို ထောက်ညှာပြီး၊ ဂုရုကြီး နားလည်အောင် သကြားစက် ဥပမာတစ်ခုနဲ့ ရှင်းပြခဲ့တယ်။

“ခင်ဗျား သကြားစက်ထောင်မယ်ဆိုရင် ဘာအတွက် ထောင်မှာလဲ”

“သကြားလိုချင်လို့ပါ”

“သကြားစက်ရဲ့ ဘေးထွက်ပစ္စည်း တင်လဲရည်ကို အလိုလို ရမလာနိုင်ဘူးလား”

“ရနိုင်ပါတယ်”

“ဒီလိုဆို တင်လဲရည် ရဖို့လောက်နဲ့ သကြားစက်ထောင်စရာ မလိုဘူး၊ ဒီသဘောပါပဲ၊ အမြင့်မြတ်ဆုံး တရားကိုသာ ကျင့်ပါ၊ ရောဂါပျောက်ရေး ဆိုတာ၊ တင်လဲရည်လောက် သဘောပါပဲ၊ ပျောက်ချင်လည်း သူ့ဟာသူ ပျောက်သွားမှာပဲ၊ မပျောက်လည်း ဘာဖြစ်လဲ၊ မြင့်မြတ်တဲ့ တရားကို သိရ၊ ကျင့်ရတာ အမြတ်ပဲလို့” ရှင်းပြတယ်။

ဂုရုကြီးလည်း ဆရာကြီးရှင်းပြတာ သဘောပေါက်ပြီး၊ ယုံကြည်စွာနဲ့တရားအားထုတ်ပါတယ်။ဲ ခေါင်းကိုက်ရောဂါကြီး လည်း လုံးဝပျောက်ကင်းပြီး၊ ခုချိန်ထိ ပြန်ပေါ် မလာတော့ပါဘူး။

ဒီဥပမာကိုပဲ ကျွန်တော်က ထပ်ဆင့် ပြောရရင် ဘွဲ့ရပါပြီဆိုမှ ၁၀တန်းအောင်ဖို့ ပူစရာမလိုတော့သလို ပါပဲ။

လောကီချမ်းသာဆိုတာ ၀ိပဿနာ တရားအားထုတ်မှလည်း မဟုတ်ပါဘူး၊ ချမ်းသာအောင် လုပ်ရင်၊ ချမ်းသာကြတာပါပဲ (အတိတ်ကံ၊ ပစ္စုပ္ပန်အားထုတ်မှု)ကို လိုက်ပြီး ဖြစ်ကြတာပါ။

ဝိပဿနာတရား အားထုတ်ရင်တော့ မချမ်းသာရင်လည်း၊ ချမ်းသာတော့တာပါပဲ။

ကျွဲကူး ရေပါ ဆိုတဲ့ စကားပုံ သုံးရင် သင့်မယ်ထင်ပါရဲ့။

ဒီတော့ စာဖတ်သူ လူငယ်လူလတ်တွေ ရှင်းအောင် ဘယ်လိုပြောရမလဲ ဆိုတော့-

ဝိပဿနာ တရားအားမထုတ်လည်း ဗုဒ္ဓတရားတော်တွေနဲ့ သွားကိုက်ညီနေရင် လောကီချမ်းသာ လောက်ကတော့ ချမ်းသာမှာပဲ။

ဒါကြောင့် လောကီချမ်းသာကို ၁၀ တန်းလို သဘောထား၊ ၀ိပဿနာ တရားအား ထုတ် တာ ကတော့ ဘွဲ့ရဖို့ အထိ ရည်ရွယ်ချက်ထားခြင်းပါလို့ ဆိုရင် သဘောကျလောက်ကြပြီထင်ပါတယ်။

ရှေ့အခန်းမှာ သိအပ်သော ဗုဒ္ဓတရားတော်များကိုထပ်ပြီး ရှင်းပြပါဦးမယ်။

မြတ်ဗုဒ္ဓ ဆိုလိုရင်းတွေကို အနှစ်အသားထိရောက်အောင်

အမြင်ကျယ်ကျယ် ကြည့်တတ်၊ မြင်တတ်ကြဖို့လိုပါတယ်။

ကျွန်တော်တို့တတွေဟာ တခါတလေ ပြောစရာဖြစ်လောက်အောင်ကို မေ့မေ့နေတတ်ကြတယ်

မြတ်ဗုဒ္ဓကိုယ်တော်တိုင် မြန်မာလူမျိုး မဟုတ်ဘူးဆိုတာကိုပေါ့ခင်ဗျာ ။ ။

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း (၅)

ကျွန်တော်ရေးခဲ့တာတွေ တော်တော်လေး များသွားပြီ ထင်ပါတယ်။

ပထမပိုင်းမှာ ကိုယ်ကိုးကွယ် အားထားတဲ့ဘုရား ဘယ်လိုပုဂ္ဂိုလ်ပါလဲ၊ လေးစားထိုက်ရဲ့လား၊ ဉာဏ်ပညာကြီးရဲ့လား၊ ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြောင်းကို ညွှန်ပြနိုင်လောက်တဲ့ ပုဂ္ဂိုလ် ဟုတ်ပါရဲ့လား ဆိုတာကို လူငယ်လူလတ်တွေ သုံးသပ်နိုင်အောင် တင်ပြခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဒီသဘောသွားတွေ ပါပါတယ်။

တတိယပိုင်း(က)(ခ)(ဂ) တွေမှာတော့ ညွှန်ကြားတာကတခြား၊ လုပ်ကြတာကတခြား ဖြစ်နေတဲ့ အနေ အထားတွေ တရားစစ် တရားမှန်ကို မကျင့်သုံးကြပဲ အလွယ်လမ်းလိုက်နေကြပုံတွေ ဆရာတော် ဘုရားကြီး များရဲ့ ညွှန်ပြမှုတွေကို တင်ပြခဲ့ပါတယ်။

စတုတ္ထပိုင်းမှာတော့ ငါတို့ လူဆိုတာ ဘယ်လိုလဲလို့ ကိုယ့်ကို ကိုယ်သိအောင် လူငယ်လူလတ်တိုင်း လိုလို ကျွမ်းဝင် ရင်းနှီးကြတဲ့ ကွန်ပြူတာနဲ့ လူကို နှိုင်းယှဉ် ဖော်ပြပြီး၊ မြတ်ဗုဒ္ဓ ညွှန်ပြခဲ့တဲ့ စိတ်တစ်ခုဖြစ်ပုံ “စိတ်”က ထိန်းကြောင်း မောင်းနှင် နေပုံတို့ကို တင်ပြပြီး၊ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ တရားတချို့ကို မိတ်ဆက်ပေးခဲ့ သလို မိမိသည်သာ မိမိ၏ အရှင်သခင်ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။

အခု တင်ပြချင်တာက အပိုင်း(၅)ပါ။

အပိုင်း(၅) မတင်ဆက်ခင်မှာ Blog ကို အချိန်ပေးပြီး၊ ဖတ်ကြရတဲ့ လူငယ်လူလတ်တွေ ဒီBlog ကို ဖတ်ပြီး၊ ဘယ်လို အကျိုးရှိနိုင်မှာလည်း ဆိုတာ သိစေချင်ပါတယ်။

တင်ဆက်သူ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ပေါ့လေ။

ရည်မှန်းချက်ကို လွယ်လွယ်ပေါ့ပေါ့ ဒက်ကနဲ တင်ပြနိုင်စွမ်း မရှိသလို၊ တချို့ စာသဘောကိုက သိုင်းရ ၀ိုင်းရတဲ့ သဘောလေးတွေ ရှိတတ်တာကြောင့် ရည်ရွယ်ချက် ပန်းတိုင် မပျောက်ရအောင် နည်းနည်းတော့ Remind လုပ်မှ သင့်မယ်ထင်လို့ပါ။

ကျွန်တော်တို့ လက်ရှိအခြေအနေ မိမိ ၊ မိသားစု၊ ပတ်ဝန်းကျင်၊ ရပ်ကွက်၊ မြို့၊ နိုင်ငံ၊ ကမ္ဘာ စသည်ဖြင့် ဖြန့်ကျက် ကြည့်လိုက်ရင် ဘာတွေ တွေ့ရမလဲဆိုတော့-

ညင်းမရတာက အကြပ်အတည်းတွေပါ၊

ကျွန်တော်တို့အားလုံး သဘောတူညီနိုင်ကြမယ် ထင်ပါတယ်။

ရင်ဆိုင်နေရတာ အားလုံး အကြပ်အတည်းတွေပါ၊ အဆင်မပြေမှုတွေပါ၊ ဆင်းရဲမှုတွေပါ။

အလုပ်ရှိသူမှာလည်း အလုပ်မပြုတ်ရအောင်-

ရတဲ့လုပ်ခနဲ့ လူနေမှု စရိတ်စက မကာမိလို့ ပူပန်မှုတွေ-

တိုးတက်ပါတယ် (ရုပ်ဝတ္ထုတွေ) ဆိုတဲ့ ခေတ်ကြီး ရောက်ရောက်လာလေ၊ လူတွက ပိုပင်ပန်း လာလေ။ ပိုစိတ်ဆင်းရဲ လာကြလေပါပဲ။

အလုပ်လက်မဲ့တွေကလည်း တပုံတပင်။

ပညာ တပိုင်းတစနဲ့ ကျောင်းကိုထွက်ခွါခဲ့ရသူတွေလည်း မရေမတွက်နိုင်။

အနာဂါတ်ရဲ့ ခေါင်းဆောင်ဖြစ်မယ့် လူငယ်တွေရော ဘာဖြစ်နေကြလဲ ?

ကျွန်တော် အင်တာနက်ဆိုင် ရောက်တဲ့အခါတိုင်းလိုမှာ ကျွန်တော့်အနီးအပါး ထိုင်တဲ့ လူငယ်တွေ အများစုဟာ Chat နေကြတာများတယ်။ တခါတလေ စိတ်လွတ် ကိုယ်လွတ်ဖြစ်ပြီး၊ အော်ဆဲချင် ဆဲနေကြ သေးတယ်။

Cafe နဲ့ ရင်းနှီးလာလို့ မေးကြည့်တဲ့အခါ-

လူငယ် တော်တော်များများဟာ Entertainment တွေ ဖက်ပဲ စိတ်သန်နေကြတယ်၊ Internet ဆိုတဲ့ ကမ္ဘာ့စွယ်စုံကျမ်းကြီးကို အသုံးချပြီး ကိုယ့်ဘ၀ တိုးတက်အောင် ဘယ်လို လုပ်ကြမယ်လို့ စဉ်းစားကြပုံ မရပါဘူး လို့ပြောပါတယ်။

ကျွန်တော် သူတို့ကို အပြစ်တင်မယ် မထင်ပါနဲ့၊

လုံးဝ အပြစ်မတင်ပါဘူး။

သူတို့မှာ ကောင်းမွန်တဲ့ နှလုံးသား ရှိချင်ရှိမှာပါ၊

ဒါပေမယ့် သူတို့မှာ အားနည်းနေတာ “အသိတရား” ပါ၊ “ခံစားမှု” ပါ။

ကျွန်တော် ရှေးဦးမဆွ ဆိုခဲ့ပါတယ်။

လူတစ်ယောက်ဘ၀ တိုးတက်မှု၊ ချမ်းသာမှု၊ အောင်မြင်မှု၊ နောက်ဆုံး သံသရာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်းအထိ အားလုံးဟာ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံ (နားလည်လွယ်အောင် ပြောရရင် ဗီဇနဲ့ ပတ်ဝန်း ကျင်) ပေါ် မူတည်ပါတယ်။

အတိတ်ကံကောင်းလို့ လူရယ်လို့ ဖြစ်လာပေမယ့်လည်း-

ပစ္စုပ္ပန်ကံရဲ့ ကောင်းစွာ အထောက်အပံ့ မရရင်လည်း အောင်မြင်သင့်သလောက် မအောင် မြင် ပါဘူး။

ပစ္စုပ္ပန်ကံမှာမှ မိမိကိုယ်တိုင် အားထုတ်မှုနဲ့ မိမိအားထုတ်မှု မှန်ကန်အောင် လမ်းညွှန်ပေးနိုင်မှု ဆိုတဲ့၊ မှီခိုရတဲ့အရာ နှစ်ခုရှိပါတယ်၊ လူရယ်လို့ဖြစ်လာ ကတည်းက ပတ်ဝန်းကျင် ပံ့ပိုးပေးမှုက ပိုအရေးကြီးပါတယ်။

ကျေးညီနောင် ဇာတ်ဟာ အထင်အရှားပါပဲ။

“သညာ” ကမှတ်ထားရင် မှတ်ထားပါများရင် သတ္တိကိန်းလာပြီး၊ ကံမြောက်တော့တာပဲ၊ ဒီကံတွေဟာ အကြောင်းတိုက်ဆိုင်ရင် ထွက်ပေါ်လာပြီး အလုပ်လုပ်ကြတာပဲ။

မှားတာ မှတ်သားထားပြီးရင် အလုပ်အဖြစ် အကောင်အထည် ဖော်တဲ့အခါမှာ အမှားကိုပဲ အကောင် အထည် ဖော်တော့တာပါပဲ။သင်ယူ သိမှတ် ခံစားထားရတာတွေ မှန်သမျှ ၀ီထိစိတ် ဖြစ်တဲ့အခါ ဇောဝီထိကျလောက်တဲ့ မှတ်သိ ခံစားမှုဖြစ်တိုင်း Registered လုပ်ပြီး၊ သိမ်းပိုက်လိုက်တော့တာပါ။

“ပုထုဇဉ် ဘယ်သူ တစ်စုံတစ်ယောက်မျှ မှားတယ်ထင်ပြီး၊ လုပ်ကြတာ မရှိပါ”

မှန်တယ်ထင်ပြီး၊ လုပ်ကြတာချည်း ပါပဲလို့- အာသောကကျောက်စာ ရေးထိုးခဲ့သလို ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲ့ဒီအတိုင်းပဲ လုပ်နေကြတာ ပါပဲ။

မှန်တယ်ထင်ပြီး၊ လုပ်ကြတာချည်း ပါပဲ။

အဖြေထွက်မှသာ မှန်တာ၊ မှားတာ ထင်ရှားပေါ်လွင် လာကြတာပါ။

ဒါကြောင့် လူဆိုတာ ကောင်းစွာသင်ကြားပေးဖို့ လိုတဲ့ သတ္တ၀ါတစ်မျိုးလို့ ဆိုလို့ရပါတယ်။

တိရစ္ဆာန်တစ်ကောင်ဟာ မူလစွမ်းရည် ရှိပြီးသားပါ။ လူမှာတော့ မရှိပါ။

ခွေးလေးတစ်ကောင် ခွေးမကြီးက မွေးပြီးပြီးချင်း၊ သူ့အာဟာရအတွက် နို့ကို သူကိုယ်တိုင် ဖက်တွယ် စို့ယူနိုင်စွမ်း ရှိပါတယ်၊ လူမှာ အဲ့ဒီလောက်ပင် စွမ်းရည် မရှိပါဘူး၊ မိခင်က ထွေးပွေ့တိုက်ကျွေးမှ စို့ယူခွင့်ရတာပါ။

ဒါပေမယ့် တိရစ္ဆာန်ဟာ ဘယ်လောက်ပဲသင်သင် အတိုင်းအတာတစ်ခုရောက်ရင် ရပ်တန့် သွားပေမယ့် လူမှာတော့ သင်ပေးရင် သင်ပေးသလောက် လက်ခံ ယူနိုင်စွမ်း ရှိကြပါတယ်။

ဒီလိုဆိုရင် ကျွန်တော့်တို့ ကောင်းစွာ သင်ကြားပေး ခံရပါသလား?

လူငယ်လူလတ်များ အလေးအနက် စဉ်းစားပါ။

သင်ကြားပေးမယ့် သူတွေ တတ်မြောက်ထားတဲ့ ပညာတွေက တွက်နည်းအမှားနဲ့ တွက်ချက် ရထားတဲ့ ပညာ တွေဖြ စ် နေ ရင်-

ကျွန်တော်တို့လည်း အမှားတွေပဲ ရမှာပါပဲ။

ပိုဆိုးပြီပေါ့။

ကတိဆိုတာ လူသားရဲ့ ဂုဏ်သိက္ခာကွ-

ရိုးသားဖြောင့်မတ်မှုဟာ ဘ၀အောင်မြင်ရေးရဲ့ သော့ချက်ကွ-

အရှက်အကြောက် တရားနှစ်ပါးဟာ ကမ္ဘာစောင့်တရားကွ-

အသိဉာဏ် ပညာရှိသူသာ ဘေးကင်းစွာ ဘ၀ကို ဖြတ်သန်းနိုင်မှာကွ-

ပညာသင်ကြားရယူရမှာပဲ ဖြစ်ဖြစ်၊ အလုပ် လုပ်ကိုင်ရာမှာပဲ ဖြစ်ဖြစ်၊ စွမ်းစွမ်းတမံ အားထုတ်မှု (Utmost ability) ဟာ ဘ၀ အောင်မြင်ရေးကွ-

စိတ်ကောင်းစေတနာ ရှိမှုဟာ လူယဉ်ကျေးမှုကွ-

စသည်ဖြင့် တကယ် တန်ဖိုးရှိတဲ့ အသိတရားတွေ ကျွန်တော်တို့ ရကြပါသလား။

မြတ်ဗုဒ္ဓ ဟောခဲ့တဲ့ လူတွေအတွက် အောင်မြင်ရေး လမ်းညွှန် ၃၈ဖြာ မင်္ဂလာကို သိလည်း သိအောင်၊ ကျင့်သုံးနိုင်အောင် လည်း လမ်းဖွင့်ပေးမယ့်သူ တော်တော်မှ တော်တော့်ကို ရှားပါးလာမှတော့-

လူငယ်တွေကို ဘယ်လို ပြောရမလဲ။ ဘယ်လို အပြစ်တင်ရက်ပါ့မလဲ။

မယုံမရှိပါနဲ့၊ ဟီရိ သြတ္တပ္ပ ဆိုတဲ့ ကမ္ဘာစောင့် တရားဖြစ်တဲ့ အရှက် အကြောက်သာ ကင်းမဲ့သွားရင်တော့ ကမ္ဘာပျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ စာရင်းထဲက ထုတ်ပစ်ရမယ့် အကြောင်းအရာ တစ်ခုဖြစ်လာမှာပါ။

နမူနာလေး တစ်ခုပြောရရင်-

ကိုယ့်အသက် ကိုယ်အသေခံပြီး၊ သူများတွေပါ သေအောင် ဗုံးခွဲသတ်ဖြတ်ရဲတဲ့၊ သတ်ဖြတ် ရက်တဲ့ သူတွေ ပေါ်လာတာ အထင်အရှားပဲ မဟုတ်ပါလား။

အပြစ်မဲ့တဲ့ အရပ်သားတွေ အလုပ်လုပ်နေတဲ့ Twin Tower ကြီးကိုရော၊ အပြစ်မဲ့ လေယာဉ်စီး ခရီးသည်တွေကိုရော မိမိကိုယ်တိုင်ကိုပါ သေကြေပျက်စီး ဆုံးရှုံးစေတဲ့ စိတ်ဓါတ်တွေ ဘယ်က ရလာပါသလဲ။

ကျွန်တော်တို့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေအရတော့ အဖြေရှိပြီးသားပါ။

အတိတ်ကံ အားနည်းသူကို ပစ္စုပ္ပန်မှာ မကောင်းမှုတွေ အကုသိုလ်စိတ်တွေ ထပ်ပြန်တလဲလဲ ကိန်းလာအောင် စေ့ဆော်ပါများတော့- တရားသဘောနဲ့ ပြောရရင် မကောင်းမှုအာရုံတွေနဲ့ ဒွါရခြောက်ပါးနဲ့ အတင်း ထိတွေ့ပေးနေတော့ ဇောကျလောက်တဲ့ ၀ီထိစိတ်တွေကျ၊ ပထမဇော အားကောင်းလွန်း လောက်အောင် သွေးထိုး ၊ လွန်ကဲလာတဲ့အခါမှာ သတ်ရဲ သေရဲ ဖြစ်ကုန်ကြတော့တာပါပဲ။

ကြည့်ကြပါဗျာ။

ဘုရားဖူးသွားတဲ့ ယာဉ်တွေ မှောက်ကြ သေကြတယ်။

ဘုရားဖူးလှေ သင်္ဘောတွေ မှောက်ကြတယ်။

ဘုရားဖူးလာတဲ့ သူတွေ တစ်ယောက်နဲ့တစ်ယောက် နင်းမိပြီး၊ သေကြတယ်။

ဘုရားက အဲ့ဒီ ဒုက္ခတွေက မကယ်နိုင်ဘူးဆိုတာ ရှင်းမနေဘူးလား၊ ဒါပေမယ့်လည်း မမှတ်ကြသေး ဘူး၊ နောက် တစ်နှစ် လုပ်ကြပြန်တာပဲ၊ သေကြပြန်တာပဲ။

အဲ့ဒီ အဖြစ်အပျက်တွေကို ကြည့်ရုံနဲ့ လူတွေဟာ မှန်ကန်စွာ မသိမမြင်နိုင်ကြဘူးဆိုတာ ထင်ရှား နေတာပဲ မဟုတ်လား။

ရုပ်ဝတ္ထုတွေ တိုးတက်သလောက် စိတ်ဝတ္ထုတွေ နိမ့်ကျလာတာ အထင်အရှားပါပဲ။

တခြား ဘုရားတွေတော့ ဘာတွေဟောလို့ ဘယ်လိုကယ်မ,မယ် မသိပေမယ့်၊ ကျွန်တော်တို့ မြတ်ဗုဒ္ဓ ကတော့ သက်တော်ထင်ရှား ရှိစဉ်ကတည်းကိုက ဘုရားနား လာကပ်နေတဲ့ ရဟန်းကိုတောင် မောင်းထုတ် ခဲ့ဖူး ပါတယ်။

ငါ့ကို ဖူးမြှော်နေလို့ အလကားပဲ၊ ငါဟောတဲ့ တရားကိုသာ ကျင့်ကြံအားထုတ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တဲ့ မြတ်ဗုဒ္ဓပါ။ကျွန်တော်တို့ရဲ့ မြတ်ဗုဒ္ဓဆိုတာ ဟင်းစားပေးတဲ့သူ မဟုတ်ပါ၊ ကွန်ချက်ပါ ပြခဲ့သူပါ။ (ကျွန်တော့်မှာ တခြား ဥပမာပေးစရာ မတတ်လို့ ကျွန်တော့်ရဲ့ စာပေအားနည်းချက်ပါ၊ သည်းခံတော်မူကြပါ။)

အဲ့ဒါကို ရလာမယ့်ဟင်းစား ( ချက်စားစရာလေးတွေ ) မြှော်ပြီးသာ နေကြဦးမယ် ဆိုရင်တော့-

ကိုယ်တကယ် အကျိုးရှိစေမယ့် ကွန်ချက် (ကွန်ပစ်တတ်မှု) မသိပဲ၊ ဆင်းရဲတွင်း နက်ပြီးရင်း နက်နေကြ ရဦးမှာပါ။

ဒီတော့ လူငယ်တွေ လူလတ်တွေ စွမ်းအားရှိလာအောင်၊ တန်ဖိုးရှိလာအောင် ကျွန်တော် တို့ ဘယ်လို ထုတ်ဆောင် ကြမှာလဲ။

အဲ့ဒါဟာ ဒီ Blog ကို ရေးရခြင်းရဲ့ ကျွန်တော်ရဲ့ မူလ ရည်ရွယ်ချက်ပါ။

မြတ်ဗုဒ္ဓရဲ့ ကျေးဇူးတော်ကြောင့် ဘ၀အောင်မြင်ရေး၊ သံသရာ ဆင်းရဲဒုက္ခမှ အပြီးတိုင် လွတ်မြောက် ရေးအထိ တရားစစ် တရားမှန်တွေ လမ်းညွှန်ချက်တွေ ရှိပြီးသားပါ။

လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ကြရင်

ကိုယ့်ကိုမှာ ကိန်းနေတဲ့ မကောင်းမှုဓာတ် (ပါပဓာတ်)တွေ ပါးသွားပါလိမ့်မယ်၊ နောက် ကုသိုလ်ဓါတ် (ဓမ္မဓာတ်)တွေ ကိန်း-ကိန်းလာပါလိမ့်မယ်၊ အဲ့ဒီအခါမှာ လောကီအောင်မြင်မှုတွေ ရလာပါလိမ့်မယ်။

ကိုယ့်မှာ ရှိမှ သူများကို ပေးနိုင်မှာပါ။

ကိုယ် အရင် အောင်မြင်အောင် ကြိုးစား၊ နောက်တော့ မျှဝေ၊ မိမိရော သူတစ်ပါးပါ ချမ်းသာစေမယ့် လမ်းကြောင်းကို ရောက်လာမှာပါ။

စာဖတ်သူ ခံစားဖူးလိမ့်မယ် ထင်ပါတယ်။

“ကျွန်တော် မကောင်းမှန်းတော့ သိပါတယ်၊ စိတ်မထိန်းနိုင်လို့ပါ” ဆိုတဲ့ အတွေ့အကြုံတွေဟာ ကျွန်တော်တို့ ပုထုဇဉ်တွေမှာ အများကြီးပါ။

မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို မှန်ကန်စွာ သိလာပြီး၊ ကျင့်လာရင်-

“မကောင်းမှန်းလည်းသိတယ်၊ မလုပ်ပဲလည်း နေနိုင်တယ်”

“ကောင်းမှန်းလည်းသိတယ်၊ လုပ်လည်း လုပ်ဖြစ်တယ်”

ဆိုတဲ့ အနေအထားကို ရောက်လာမှာပါ။

“မိမိမှာ ရှိတဲ့ စွမ်းအားတွေ အကုန်ထုတ်သုံး နိုင်တဲ့သူ” ဖြစ်လာမှာပါ။

လောလောဆယ် ဂုရုကြီး ဦးဂိုအင်ကာကိုပဲ ကြည့်ပါ။

တရားတော်ရဲ့ သဘောအမှန်ကို ငယ်စဉ်(အသက် ၂၅ နှစ်အရွယ်)လောက်ထဲက သိခဲ့တော့ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုမှ ထင်နိုင်စရာ မရှိတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် နိုင်နေတာ လက်တွေ့ ပါပဲ။

ကျွန်တော်တို့ရဲ့ လူငယ်လူလတ်တွေရော ဘာဖြစ်လို့ ဖြစ်မလာရမှာလဲ?

ရှေ့ကိုလည်း ဆက်ဖတ်နိုင်ဖို့ အားမွေးပါဦး။

နောက်တခန်းမှာ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို လူငယ်လူလတ်တို့ နားလည်နိုင်လောက်အောင် ကျွန်တော် ကြိုးစား တင်ဆက်ပါမယ်။

ပြီးရင် နောက်ဆုံးအခန်းမှာ ၀ိပဿနာ တရားတော် အားထုတ်နည်း ဖော်ပြပါမယ်။ ဇန်န၀ါရီလ (၄)ရက်နေ့မှာ နောက်ဆုံး အခန်း တင်ဆက်နိုင်အောင် ကျွန်တော်ကြိုးစားပါမယ်။

ကျွန်တော်သိလို့ တတ်လို့ မဟုတ်ပါ၊ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို ဉာဏ်မှီသမျှ ရှင်းပြနေတာပါ။

ဥပမာ ပြောရရင် ကျောင်းဆရာလိုပေါ့။

ဒေါ်လတန်ရဲ့ အက်တမ်သီအိုရီဟာ ဒေါ်လတန် ဖော်ထုတ်ထားတဲ့ သီအိုရီပါ။ အဲ့ဒီ သီအိုရီကို ဓာတုဗေဒ သင်တဲ့ဆရာက ကျောင်းသားတွေ နားလည်အောင် ရှင်းပြတဲ့ သဘောမျိုးပါ။

စာသင်ကောင်းတဲ့ ဆရာမျိုးဖြစ်အောင်တော့ ကျွန်တော် စွမ်းအားရှိသလောက်တော့ ကြိုးစားနေတာ ပါပဲ။

နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ မြတ်ဗုဒ္ဓ တရားကျေးဇူးနဲ့ အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်ကြပါ စို့လားခင်ဗျာ။

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း (၄)

Blog ဖတ်သူများခင်ဗျာ-

မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ဆုံးမှုများကို အားကိုးအားထားပြုပြီး ကျွန်တော့်သဘောပေါက်တဲ့ အတိုင်း တင် ဆက် နေတဲ့ ဒီ Blog ကို ဖတ်ရှုတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်ပြီး၊ ကျွန်တော်တို့မြန်မာနိုင်ငံတော် နယ်ချဲ့လက်အောက်က လွတ်မြောက်တဲ့နေ့ ဇန်န၀ါရီလ ၄ ရက်နေ့အပြီး၊ တင်ဆက်ဖို့ အားထုတ်ရတာမို့ အမှားအယွင်းများပါရင် ခွင့်လွှတ်ကြပါ။ စာအရေးအသား အားနည်းမှု၊ စကားလုံး အကျအပေါက် ရှိနိုင်မှုတွေ ဘယ်လိုပဲရှိရှိ တရားတော်နဲ့ စပ်တဲ့အရာတွေ လုံးဝမမှားရအောင် ဂရုပြု ရေးသားခဲ့ပါတယ်။ ဘယ်ဟာတွေ ဘယ်လို မှားမှား၊ (ကျွန်တော်ရဲ့ အတ္တနောမတိတွေ စွက်ပြီး၊ ဗုဒ္ဓရဲ့တရားတော်ကိုတော့ ကိုယ်လိုရာဆွဲ မလုပ်ပါ၊ အရှိ အရှိ အတိုင်းပါလို့ စိတ်ချစေချင်ပါတယ်။ တွေးခေါ်မြော်မြင်ရေးပါတဲ့ စာမို့၊ သေချာလည်း တွေးကြ စေချင်ပါတယ်။ အမှားပါတယ်လို့ ယူဆရင်လည်း ငြိမ်မနေပဲ (လွှတ်မပေးပဲ) မှတ်ချက်(comment)ရေး၍ ဆုံးမပေးကြပါ၊ ထင်မြင်ချက်ကို လွတ်လပ်စွာ မညှာမတာ ရေးကြစေလိုပါသည်။

ဒီအပိုင်းမှာတော့ Blogဖတ်သူများဟာ Internet နဲ့ ရင်းနှီးကျွမ်းဝင်ကြသူတွေ ဖြစ်ပါတယ်။ အင်တာနက်ဆိုတာ ကွန်ပြူတာကိုသုံးပြီး၊ ဖော်ဆောင်ရတဲ့ လုပ်ငန်း သတင်းဌာနကြီး ဖြစ်တာကြောင့် အင်တာနက် သုံးစွဲသူတွေဟာ ကွန်ပြူတာနဲ့ ရင်းနှီးသူတွေလို့လည်း ယူဆပါတယ်။ လူတိုင်း နားလည်နိုင်တဲ့ ကွန်ပြူတာ ပစ္စည်းတွေနဲ့ နှိုင်းယှဉ်ပြီး၊ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာတရားတွေကို ကျွန်တော်သိသမျှထဲက သင့်လျော် တဲ့ အပိုင်းလေးတွေကို တင်ပြလိုပါတယ်။

ဥပမာတစ်ခုပေးတယ်ဆိုတာ ရင်းနှီးကျွမ်းဝင်ပြီးသားနဲ့ ပေးရင် ပိုသိလွယ်လို့ ကွန်ပြူတာကို ဥပမာလုပ်ပြီး ရှင်းပြလိုခြင်းသာ ဖြစ်ပါတယ်။

အထူးအဆန်းဖြစ်အောင် စာဖွဲ့တာမဟုတ်ပါလို့ သိစေလိုပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအထိ ဖတ်ရှုအားပေး လာတာကို ကျေးဇူးအထူး တင်ပါတယ်။

ကဲဗျာ နိဒါန်းတွေ ခနရပ်ပြီး၊ ၀ိပဿနာလိုရင်းရောက်အောင် ဖြတ်သန်းကြပါဦးစို့။

သိပ္ပံပညာရှင်များ အားလုံးလိုလိုဟာ အောက်ပါပုံစံတွေကို အခြေခံပြီး၊ တီထွင်မှုပြုလုပ် ကြတယ်လို့ ကျွန်တော်ယူဆပါတယ်-

– မူလရှိပြီးသား အခြေခံကို ထပ်ဆင့် တိုးသွားအောင်လုပ်ခြင်း၊

– မတော်တဆ တွေ့ရှိခြင်း နဲ့

– အတုယူ တီထွင်ခြင်းတို့ ရှိနိုင်ပါတယ်။

အဲ့ဒီထဲက အတုယူ တီထွင်ခြင်းမှာ လေယာဉ်ပျံကတော့ ထင်ရှားပါတယ်။ ငှက်တွေကို အတုယူပြီး လေယာဉ်ပျံ ဖြစ်တည်လာခဲ့တာပါ။

ကွန်ပြူတာ တီထွင်တဲ့သူတွေလည်း လူတွေကို အတုယူပြီး၊ တီထွင်တယ်လို့ ကျွန်တော် ထင်ပါတယ်။

ဟုတ် မဟုတ်တော့ သေချာ မသိပါဘူး။

ကွန်ပြူတာရဲ့အခြေခံ လျှပ်စစ်ပစ္စည်းက ထရန်စစ္စတာဖြစ်ပြီး၊ သင်္ချာအခြေခံကတော့ တရုတ် ပေသီး တွက်ချက်မှုကို အခြေခံတာပါ။

ဒီနေရာမှာ ကွန်ပြူတာနဲ့လူနဲ့တူပုံလေး ကျွန်တော်တင်ပြချင်ပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓဟောကြားတဲ့ အဘိဓမ္မာစကားလေးတွေ ထည့်သုံးခွင့်ပြုပါ။

လူမှာစိတ်(သိမှု)၊ စေတသိက်(လှုံ့ဆော်မှု)၊ ရုပ်အဋ္ဌကလာပရှစ်ပါး(ဓာတ်ကြီးလေးပါး-ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောနှင့် ၀ဏ္ဏ၊ ဂန္ဓ၊ သြဇာ၊ ရသ)တို့ ရှိပါတယ်။

စေတသိက်များမှ ဝေဒနာ၊ သညာ၊ သင်္ခါရလို့ ထပ်ခွဲလို့ရပါတယ်။

လူနဲ့ကွန်ပြူတာကို နှိုင်းယှဉ်ကြည့်ရင် ( ကျွန်တော့်အလို ) ကိုယ်ခန္ဓာ (သေးလွှတ် သွေးပြန် သွေးဆံခြည်မျှင်များ အပါအ၀င်) ဟာ Mother board နဲ့တူပါတယ်။

သညာဆိုတဲ့ မှတ်သားမှုက (Application Software)နဲ့ တူပါတယ်။

လူ့ဦးနှောက်က RAM( Random Access Memory) နဲ့ Hard disk ပေါင်းစပ်ထားမှုနဲ့ တူပါတယ်။

မျက်စေ့ နား နှာခေါင်း လျှာ ကိုယ် စတာတွေက Data input လုပ်တဲ့ Camera, Mouse, Keyboard, Microphone, Speaker စတာတွေနဲ့ ဆင်တူပါတယ်။

လူ့နှလုံးသားကတော့ CPU (Central Processing Unit) လို့ ယူဆလို့ရပါတယ်၊ သိမှုကတော့ (Operation System)နဲ့ တူပြီး၊ အသက်ရှင်ခြင်းကတော့ လျှပ်စစ်ဓါတ် ရရှိနေမှု၊ မွေးဖွားခြင်းကတော့ Power On လိုက်တဲ့ ခလုပ်နှိပ်မှု၊ လူကို Control လုပ်နေတာ (ပစ္စုပ္ပန်ကံ ၊ အတိတ်ကံ) Computer မှာတော့ User(ကုလားထိုင်မှာ ထိုင်ပြီး LCD မျက်နှာပြင်ကို မျက်နှာမူပြီးကွန်ပြူတာရဲ့ခလုပ်တွေနှိပ်နေသူ) ပေါ့။

အလိုအလျောက် တုန့်ပြန်စနစ်တွေ (တကယ်တော့ ကျွန်တော်တို့ မသိတဲ့ အမိန့်တွေကို Programs တွေရေးပြီး ခိုင်းထားပြီးသားပါ) ကတော့ သင်္ခါရက္ခန္ဓာ စေတသိက်တွေနဲ့ ခပ်ဆင်ဆင်ရယ် ပါပဲ။

(လူကိုကြည့်ပြီး ကွန်ပြူတာကို လုပ်ထားတာလားလို့ ပညာရှင်တွေနဲ့ ကြုံရင် မေးကြည့်ကြပေါ့ဗျာ)

ကျွန်တော် ဘာကြောင့် ရှည်ရှည်လျားလျား ဒါတွေကို ရှင်းပြနေရလည်းဆိုတော့-

ဘယ်လောက်ပဲ လူနဲ့တူတယ်ပြောပြော၊ ကွန်ပြူတာတစ်လုံးဟာ သူနဲ့ချိတ်ဆက်ပြီး သုံးနေတဲ့ ကွန်ပြူတာတစ်လုံး ပျက်သွားလို့ (သေသွားလို့ရှိရင်) မငိုကြဘူးဗျ၊ လူတွေက ငိုကြတယ်၊ ဘေးချင်း ကပ်ထားတဲ့ ကွန်ပြူတာကလည်း တစ်လုံးနဲ့တစ်လုံး ထပြီး ရန်မဖြစ်ကြဘူး၊ လူတွေက ဖြစ်ကြတယ်။

OS မြင့်တဲ့ ကွန်ပြူတာက OS နိမ့်တဲ့ ကွန်ပြူတာကို အထင်မသေးကြဘူး၊ သူနိုင်သလောက် သူလုပ် ကိုယ်နိုင်သလောက် ကိုယ်လုပ်ပဲ။ ဒီကွန်ပြူတာက ဟိုကွန်ပြူတာကို ဒီဟာမလုပ်နဲ့၊ ဟိုဟာ မလုပ်နဲ့လို့ ချုပ်ချယ်ပြီး အာဏာမပြကြဘူး၊ လူတွေက ပြတယ်ဗျာ။ အဲအဲ-ဒါပေမယ့် User ဆိုတဲ့ လူက ၀င်ရှုပ်လိုက်ရင် တော့ ကွန်ပြူတာအချင်းချင်းတောင် ပြဿနာတက်အောင် လုပ်တတ်ကြပါတယ်။

ကွန်ပြူတာကိုတော့ User က ထိန်းချုပ်နေတာလို့ ယူဆပါတယ်။

လူကို တော့ ကံ (ပစ္စုပ္ပန်၊ အတိတ်) တွေက ထိန်းချု့ပ်နေတာလို့ ယူဆပါတယ်။

Application Program တွေနဲ့ လူရဲ့ သညာ တူပုံလေး ကြည့်ရအောင်၊ သင်္ချာပညာ တတ်မထားရင် ဂဏန်းမတွက် တတ်ဘူး၊ ကွန်ပြူတာထဲမှာ သင်္ချာတွက်တဲ့ Program (Excel လို တခြား သင်္ချာတွက် Program တွေ) ထည့်မထားရင် ကွန်ပြူတာ ဖြစ်ပေမယ့် သင်္ချာတွက်တတ်မှာ မဟုတ်ဘူး။

ကွန်ပြူတာက ပရိုဂရမ်ထည့်ထားမှ လုပ်တတ်တယ်၊ လူက သင်ထားမှ တတ်တယ် (မသင်လည်း တတ်ပါတယ် မထင်နဲ့နော်၊ ကြားဆရာ မြင်ဆရာ သင်ဆရာ၊ စာပေဖတ်မှု ၊ ဟိုကြည့် ဒီကြည့်နဲ့ တတ် တာတွေပါ)။

လူ့ခန္ဓာမှာ အသက်ရှင်စေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို သွေးတွေပေးပို့ပြီး၊ လိုအပ်တဲ့ function တွေ လုပ်စေသလိုပဲ Mother Board မှာလည်း အလုပ်လုပ်ဖို့ လိုအပ်သမျှ လျှစ်စစ်ပစ္စည်းအားလုံး (electronic ပစ္စည်းတွေ) ဆီကို လျှပ်စစ်ဓာတ်ကို ပို့လွှတ်ပြီး အလုပ်လုပ်ရတယ်။

စိတ်(သိမှု)က စိတ္တဇရုပ်မှန်သမျှကို တွန်းအားပေးဖို့ ပို့လွှတ်နေသလိုပဲ Operation System ဟာလည်း Hardware အားလုံးအပေါ်မှာ Multitasking, Multithreading တွေ လုပ်ခိုင်း နေတာပါပဲ။

လုပ်ငန်း ဖော်ဆောင်ရန် Data အချက်အလက်တွေကို RAM ပေါ်မှာ တစ်မျိုး၊ Hard disk ထဲမှာ Virtual Memory လုပ်ပြီးတစ်မျိုး၊ အသင့်ပြုလုပ်ထားသလိုပဲ လူ့ဦးနှောက်ကလည်း Data တွေ အသင့် သိုလှောင် သိမ်းဆည်းပေးထားတယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ မြတ်ဗုဒ္ဓရဲ့ ဟောကြားမှုနဲ့ သိပ္ပံပညာရှင်တွေရဲ့ အယူအဆ သိသိသာသာ ကွာခြားပုံ တစ်ခု ကတော့ ခန္ဓာဗေဒ ဆေးသိပ္ပံ ပညာရှင်များက လူရဲ့စိတ်ဟာ ဦးနှောက်က ဖြစ်တယ်လို့ ယုံကြည် လက်ခံ ထားကြပြီး၊ မြတ်ဗုဒ္ဓကတော့ နှလုံး(ဟဒယ)က ဖြစ်တယ်လို့ အတိအလင်း ဟောကြားပါတယ်။

ကျွန်တော်ကတော့ မြတ်ဗုဒ္ဓဟောတာကို ယုံကြည်ပါတယ်၊ ခု-ကွန်ပြူတာတွေ ပေါ်လာတော့ သက်သေထင်ရှား ပိုပို ဖြစ်လာလို့ ၀မ်းမြောက်ပါတယ်။

ကျွန်တော့်အမြင်မှာတော့ သူတို့ပြောတဲ့ ဦးနှောက်ဟာ RAM နဲ့ Hard disk ရဲ့အစိတ်အပိုင်း (Virtual Memory) ပဲဖြစ်ပြီး၊ CPU (Central Processing Unit) ကမှ နှလုံးနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ ဒါပေမယ့် နှလုံးလောက်တော့ အလုပ်မလုပ်နိုင်ပါဘူး။

စိတ်က လက်ဖျစ်တတွတ်မှာ ကုဋေတစ်သိန်းဆိုတော့၊ အမြန်ဆုံး PC (3.06 GHz နဲ့တွက်ရင်) တွေရဲ့ CPU တွေက ၃၀၆ ကုဋေ Frequency (Hz) လောက်ပဲ ရှိသေးတယ်ဆိုတော့ နောက်ထပ် စိတ်မြန်နှုံးကို မှီဖို့ အဆသုံးရာ ကျော်လောက် ထပ်မြန်ဖို့ လိုပါသေးတယ်။

ကွန်ပြူတာပညာရှင် တစ်ယောက်ကို ကျွန်တော် မေးကြည့်ခဲ့ ဖူးတယ်၊ အဲ့ဒီလောက် နောက်ထပ် အဆ ၃၀၀ ကျော် ထပ်မြန်မဲ့ ကွန်ပြူတာဆိုတာ ဖြစ်လာနိုင်လားလို့ မေးကြည့်တော့ သတ္တုအခြေခံပြီး၊ မပေါ်ပေါက်နိုင်ဘူး၊ (ဒြပ်စင်အခြေခံပြီး မပေါ်ပေါက်နိုင်ဘူး၊ ဒြပ်စင်တစ်ခုထဲပါတဲ့ အီလက်ထရွန်ကို သုံးရင် တော့ မသိဘူးလို့ ဖြေပါတယ်။)

ဟုတ်မှာပေါ့ ကွန်ပြူတာဟာ ဘယ်လိုမှ လူတစ်ယောက်လို အပြည့်အစုံ အဆင့်မြင့်နိုင်ပါ့မလဲ၊ လူက တီထွင်ထားတဲ့ ပစ္စည်းပဲလေ၊ ဒါကြောင့် ကျွန်တော်တို့က ကွန်ပြူတာကို ကိုးကွယ် အားထားရာလို့ မယူမှတ်ပဲ၊ အသုံးချစရာ ပစ္စည်းတစ်ခုလို နားလည်ထားရင် အမှန်အတိုင်း နားလည်လက်ခံမှုလို့ ဆိုစရာ ရှိပါတယ်။

ပုံသေ တွက်ချက်နည်းတွေနဲ့ ဖော်ဆောင်တဲ့ ကိရိယာပါ၊ AI (Artificial Intelligent) ဆိုတာလည်း အဆင့်မြင့် Program တွေ ပါဝင်သော ကွန်ပြူတာထက် မပိုပါဘူး။

လူက ပိုလည်တယ်လေ၊ တစ်ခုခိုင်းပြီး အများကြီးလုပ်ပေးစေချင်လို့ ပေါ်လာတဲ့ ပစ္စည်းပါပဲ၊ ဒါပါပဲ။

ကွန်ပြူတာကို လူကထိုင်ပြီး ခိုင်းမနေပဲ အလုပ်တွေ လုပ်နေတာဟာလည်း ကြိုတင်ပြီး ခိုင်းထားလို့ (လူမခိုင်းပဲ လုပ်နေတယ် ထင်ရတာပါ) လုပ်နေတာပါ- လို့ ကျွန်တော်တို့ ရှင်းရှင်းသိထားရင် ကွန်ပြူတာဟာ အသုံးချစရာပစ္စည်း တစ်ခုမျှသာဆိုတာ ထင်ရှားပါတယ်။(စွဲလန်းစရာမဟုတ်ခြင်းကို ဆိုလို ပါတယ်)

လူရော ဘာထူးလို့လည်းဆိုတော့ လူကို နောက်က ကြိုးကိုင်နေတာ စိတ်ပါပဲ၊ ဒီ စိတ်တွေက ကံတွေ (အတိတ်နဲ့ ပစ္စုပ္ပန် ရဲ့ Program) တွေပါပဲ၊ အသက်ရှုနေတာလည်း ရုပ်ကြီးက ရှူနေပေမယ့် ဟဲ့ ရှူလိုက် ထုတ်လိုက်လို့ ခိုင်းနေတာ စိတ်ပါပဲ၊ စိတ္တဇရုပ် (စိတ်ကြောင့်ဖြစ်သောရုပ်) တွေပါပဲ။

မယုံရင် နှာခေါင်းကို လက်နဲ့ ပိတ်ထားကြည့်ပါလား။

အသက်ရှူချင် ထုတ်ချင်တဲ့စိတ်ကလေး ပေါ်လာတာကို သတိထားမိလိမ့်မယ်။

စိတ်က ရှူဆိုလို့ ရှူတာ ထုတ်တာပါ။

စိတ်က ပြော-ဆိုလို့ ပြောတာပါ။

စိတ်က သွား-ဆိုလို့ သွားတာပါ။

စိတ်က ရိုက်ကွာ-ဆို၊ ရုပ်ကြီးက ရိုက်လိုက်တာပဲ၊ ထောင်ကျတော့ ရုပ်ကြီးက ထောင်ကျ၊ ဆင်းရဲ၊ အရိုက်အနှက်ခံရ ဖြစ်တာပေါ့။ စိတ်လည်း သူ့အပြစ်နဲ့သူ ဆင်းရဲတော့တာပါပဲ။

နာမ်မလိမ်မာရင် ရုပ်ဆင်းရဲရုံမက နာမ်လည်းဆင်းရဲတာပါ။

ကွန်ပြူတာကို လျှပ်စစ်ဓါတ်က ခိုင်းသလို လူမှာလည်း “စိတ်-ဓာတ်” က ခိုင်းနေတာပါပဲ။

“စိတ်ဓာတ်”က လျှပ်စစ်ဓာတ်ထက် ပိုမြန်တယ်။

ယခု စာဖတ်သူ ခနလေးရပ်ပြီး စိတ်ကို ကမ္ဘာပတ်ခိုင်းကြည့်ပါ၊ တစ်ပတ်ဆို တစ်ပတ် ပတ်ပြီးပြီ၊အပတ် တစ်ထောင် အပတ်တစ်သောင်းလို့ ညွှတ်လိုက်တာနဲ့ ပြီးပြီ ဆိုတဲ့ အဖြေရပါမယ်။

ချစ်သူ မုန်းသူ မျက်နှာလေးကိုစိတ်ညွှတ်ကြည့်လိုက်ပါ၊ အာရုံထဲမှာ ထင်းကနဲ မဟုတ်လား၊ ဂြိုလ်တု စလောင်း ကလာတဲ့ ပုံရိပ်တွက ကြာနေသေးတယ်။

ကွန်ပြူတာပညာရှင်တွေကို ကျွန်တော် အလွန် ကျေးဇူးတင်ပါတယ်။ မြတ်ဗုဒ္ဓရဲ့တရားတော်တွေ မှန်ကန်ကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း သိနိုင်လာဖို့ ဥပမာပြစရာ ပစ္စည်းအဖြစ်တွေ ဖြစ်ဖြစ် လာ နေလို့ပါ၊

ရှေ့ပိုင်းမှာ ပြောခဲ့ပါပြီ၊ နက္ခတ်ဗေဒပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ များများဖော်ထုတ်နိုင်လေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၀ ကျော်က ဗုဒ္ဓဟောခဲ့တဲ့ စကြ်ာဝဠာအနန္တဆိုတာ ပိုထင်ရှားလာလေပါပဲ။

အခုလည်း ဒီလိုပါပဲ။

စိတ်တစ်ခုရဲ့ ဖြစ်စဉ် (အဘိဓမ္မာတရားတော်မှာတော့ ၀ီထိလို့ ခေါ်ပါတယ်)ကို မြတ်ဗုဒ္ဓရဲ့ ဉာဏ်တော်နဲ့ ၊ စိတ်ဟာ ဘယ်လိုသဘောရှိတယ်၊ အလွန်လျင်မြန်စွာ ဖြစ်ပေါ်နေတဲ့ စိတ်တစ်ခုရဲ့ ဖြစ်စဉ်ဟာ ဘယ်လိုလို့ အသေးစိတ် တစ်ခုချင်း ဟောပြနိုင်ခဲ့ပါတယ်။

သာမန် ပြောရင် ယုံနိုင်စရာ မရှိဘူး။ (ရှေ့ပိုင်းမှာ ကျွန်တော်တင်ပြခဲ့တဲ့ မိမိကိုယ်ကို သိရင် စက်ြဝဠာကို သိပါတယ် ဆိုတာရဲ့ သက်သေပြချက်ပါပဲ။)

ခု-ကွန်ပြူတာတွေ ပေါ်လာတော့မှ အင်း ဒီစိတ်ဖြစ်စဉ် (၀ီထိ)ဟာ မှန်နိုင်ပါလားလို့၊ လူငယ် လူလတ် တွေ လက်တွေ့ သိခွင့်ရတော့မှာ ဖြစ်ပါတယ်။ ၀မ်းသာစရာပါ။

မြတ်ဗုဒ္ဓရဲ့ တရားတော်တွေထဲက အဘိဓမ္မာပိဋကတ် (ထူးမြတ်လွန်ကဲသောတရား၊ အလွန်မြတ် သော တရား၊ ပရမတ္ထတရားတွေ စုစည်းထားတဲ့ ခြင်းတောင်း) မှာ စိတ်တစ်ခုရဲ့ ဖြစ်စဉ်ကို ဒီလို ဟောပြ ထား ပါတယ်။

စိတ်တွေဟာ ပဉ္စဒွါရာဝဇ္ဇာန်းစိတ် (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် နဲ့ အာရုံတစ်ခုခု တိုက်လိုက်လို့ ဖြစ်တတ်တဲ့စိတ်နဲ့) မနောဒွါရ၀ဇ္ဇာန်း (မနောဒွါရ= စိတ်တံခါးပေါက်နဲ့ အတွေးအာရုံ ထိတွေ့ပြီး ဖြစ်တဲ့စိတ်) လို့ ခွဲခြားပြထားပါတယ်။

ကျွန်တော်တို့ ပြောလေ့ရှိကြတဲ့ သိစိတ်၊ မသိစိတ်ဆိုတာ ၀ီထိစိတ်နဲ့ ဘ၀င်စိတ်လို့ ဆိုပါတယ်။

(ဒီထက် ပိုကျယ်ပြန့်တဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာတရားများကို လေ့လာချင်ရင်တော့ သင်တန်းတွေ၊ စာပေတွေ ရှိပါတယ်၊ ဒီဆောင်းပါးကတော့ ကျွန်တော်တို့ လိုအပ်တဲ့ အခြေခံတွေကိုသာ ထုတ်ပြရမှာပါ၊ ဒီထက်ပိုရင် ရှုပ်ကုန်မှာ စိုးလို့ပါ။)

ကြည့်ပါ- မြတ်ဗုဒ္ဓက

မျက်စေ့ဆိုပါတော့ မျက်စေ့နဲ့ မြင်တွေ့စရာ အာရုံ တိုက်ဆိုင်လာရင် (ပဉ္စဒွါရာဝဇ္ဇန်း= ငါးခုသော တံခါးပေါက်၌ ထင်သောအာရုံကို ဆင်ခြင်ခြင်း) ဖြစ်တယ်လို့ ဟောပါတယ်၊ ဖြစ်ပေါ်ပုံ အဆင့်ဆင့်ကိုလည်း၊ သဗ္ဗညုတဉာဏ်တော်နဲ့ ဟောပါတယ်။

မျက်စေ့နဲ့ မြင်စရာ မတိုက်ဆိုင်ခင်လေးမှာ –

ဘ၀င်စိတ် ဖြစ်နေပါတယ်။(မသိစိတ် ဖြစ်နေပါတယ်။)

တိုက်လည်း တိုက်ဆိုင်ရော-

အတီတဘ၀င် (အာရုံမထင်မီ မသိစိတ်လွန်)

ဘ၀င်္ဂစလန (အာရုံထင်လာသောကြောင့် မသိစိတ်လှုပ်ရှား)

ဘ၀ဂုင်္ပစ္ဆေဒ (မသိစိတ်အစဉ်ပြတ်)

ပဉ္စဒွါရ၀ဇ္ဇန်း (ငါးဒွါရ တံခါးပေါက် တစ်ပေါက်ပေါက်၌ ထင်လာသော အာရုံကို ဆင်ခြင်)

စက္ခုဝိညာဉ် (ရူပါရုံကို မြင်သောစိတ် ဤနေရာ၌ တံခါးပေါက်ကို မျက်စေ့ဟု သတ်မှတ်ဖော်ပြခြင်း ဖြစ်သည်။)

သမ္ပဋိဇ္ဆိုင်း (အာရုံကို ထိန်းသိမ်းလက်ခံ)

သန္တီရဏ (အာရုံကို စုံစမ်း)

ဝုဋ္ဌော (အာရုံပေါ်တွင် ဆုံးဖြတ်)

၎င်းနောက် အာရုံကို ခံစားသော ဇော ၇ ကြိမ်၊ ခံစားပြီးနောက်

သိမ်းဆည်းသော တဒါရုံ ၂ ကြိမ်တို့ ဖြစ်သည်ဟု

စိတ်အစဉ်ဖြစ်ပုံကို မြတ်ဗုဒ္ဓက ဟောကြားခဲ့သည်။ (ယခုဖော်ပြချက်သည် အကြမ်းဖျဉ်းမျှသာ ဖြစ်၍ စိတ်ဝင်စားလာပါက ကျွမ်းကျင်သော ဆရာတော်၊ လူပုဂ္ဂိုလ်များထံမှ ပြည့်စုံစွာ သင်ယူမှတ်သား သင့်ပါသည်။)

အလွန်စိတ်ဝင်စားစရာ ကောင်းသောအချက်မှာ တဒါရုံဖြစ်ပါသည်။ ယင်းတဒါရုံကို အင်္ဂလိပ်စာနှင့် ဘာသာပြန်ပါက Registered ဟု ဘာသာပြန်ပါသည်။

ကွန်ပြူတာတွင် အလုံးစုံ လုပ်ငန်းပြီးမြောက်ပါက File ကို Save လုပ်သည်နှင့် တူပါသည်။

Data file တခုကို Save လုပ်သည့်အခါ Hard disk ၏ မည်သည့် Track ၊ မည်သည့် Sector မည်သည့် Cluster တွင် ၄င်းကို သိမ်းထားပါသည်ဟု မှတ်တမ်းတင်ထားရပါသည်။File Allocation Table (FAT) ဖြစ်ပါသည်။

ဤသို့ဆိုလျှင် ကျွနု်ပ်တို့၏ စိတ်ကြောင့် ကံတွေဖြစ်ပြီး သိမ်းထားသည်မှာ အငြင်းပွားဖွယ် မရှိဟု ထင်ပါသည်။

ကွန်ပြူတာတွင် Virus များ သိမ်းဆည်းထားမိပါက ကွန်ပြူတာ ဒုက္ခရောက်သလို ကျွန်ုပ် တို့တွင်လည်း မကောင်းမှု အကုသိုလ် (လောဘ၊ ဒေါသ၊ မောဟ) ကိလေသာများ သိမ်းဆည်းထားမိပါက ဒုက္ခရောက်တတ်သော သဘောမျိုး ဆင်တူ ပါသည်။

လူတွင် မည်သည့်နေရာ၌ သိမ်းထားသနည်းဆိုသော် ဟဒယ၀တ္ထု (သွေး-ဟုဆိုသော် ရအံ့ ထင်ပါသည်) တွင် သိမ်းဆည်းထားသည်ဟု လေ့လာဖူးပါသည်။

ကွန်ပြူတာတစ်ခုတွင် သိမ်းထားသော Data File တစ်ခုကို ဖွင့်လျှင် ပွင့်လာသလို (User ၏ ဆန္ဒပေါ် မူတည်၍ ) ခန္ဓာကိုယ်တွင် သိမ်းထားသော ကံမြောက်စေခဲ့သည့် အရာများသည်လည်း အကြောင်း တိုက်ဆိုင် လျှင် (ကံတိုက်ဆိုင်လျှင်) ပွင့်လာတတ်သည်သာ ဖြစ်ပါသည်။

ဤနေရာတွင် အလျဉ်းသင့်သောကြောင့် မြတ်ဗုဒ္ဓ၏ တရားတော် မှန်ကန်ကြောင်းကို အထောက် အကူ ပြုစေသော လက်တွေ့ဖြစ်ရပ်တစ်ခုကို တင်ပြလိုပါသည်။

တစ်ရက်တွင် ကျွန်တော် လမ်းဘေးမီးတိုင်တစ်ခုတွင် မီးချောင်းလဲနေစဉ် အစ်ကိုကြီးကဲ့သို့ ခင်မင်ရသော သူငယ်ချင်းကြီးတစ်ယောက် ရောက်လာပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ကလည်း Screw Driver တစ်ခု အောက်ကို ပြုတ်ကျသွားသည့် အချိန်နှင့် တိုက်ဆိုင်ပါသည်။

အစ်ကိုကြီးက မဆိုင်းမတွပင် ငါရှာပေးမယ်-ဟု ပြောရင်း၊ ဓာတ်တိုင်အောက် ချုံပုတ်အတွင်း ၀င်ရှာပါသည်။

ထိုနောက် သူက ကျွန်တော့်ကို စကားတစ်ခွန်းပြောပါသည်။

“ငါ့စိတ်ထဲ ဘာဖြစ်သွားသလဲသိလား၊ သိပ်ထူးဆန်းတယ်”

“ပြောပါဦး” ဟု ကျွန်တော်က ပြောသောအခါ-

သူ အသက်ရှစ်နှစ်သားအရွယ်က ကျောက်စစ် ကျောက်ဒိုးတစ်လုံးကို ပြန်ရှာတွေ့ခဲ့၍၀မ်းသာခဲ့ရပုံ ပြန်သတိရလာ သည် ဟု ပြောပါသည်။

ချုံပုတ်ဟူသော အကြောင်း တိုက်ဆိုင်သည်နှင့် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ခံစား ခဲ့ဖူးသော ခံစားချက်သည် အသစ်တဖန် ပြန်လည်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

အကြောင်းတိုက်ဆိုင်တိုင်း ပြုခဲ့သော ကံများ ပေါ်ထွက်လာတတ်ခြင်း၏ သာဓကဖြစ်ပါသည်။

ယခု Blog ဖတ်နေသူများလည်း ကြုံဖူးကြမည် ထင်ပါသည်။

x x x

ယခုအပိုင်းတွင် ကွန်ပြူတာနှင့်လူ နှိုင်းယှဉ် ဥပမာပေး၍ အဓိက ဖော်ပြရခြင်းမှာ-

ကွန်ပြူတာတွင် သိမ်းဆည်းထားသော Data များကို User ကထိန်းချုပ်နိုင်သလို ပြုပြင် ဖန်တီးနိုင်သလို ကျွန်တော်တို့သည်လည်း ကျွန်တော်တို့၏ ကံများကို ကျွန်တော်တို့ ကိုယ်တိုင် ပြုပြင် ထိန်းသိမ်းနိုင်သည်ကို သိစေလိုခြင်း ဖြစ်ပါသည်။

အမှားကြောင့် ၀မ်းနည်းစရာ မလိုသလို၊

အမှန်ကြောင့်လည်း မာန်တက်ရန်မဟုတ်။

ကောင်းစွာ ပြုပြင်ထိန်းသိမ်းတတ်လျှင်-

ယခု လက်တွေ့လည်း ချမ်းသာ၊ သေဖို့လည်း ၀န်မလေး၊ အကြောင်းကြောင့် ဖြစ်လာမယ့် အကျိုးဖြစ်သော သံသရာအတွက်လည်း အားငယ်စရာ မလိုသည်များကို၊

ကျွန်ုပ်တို့၏ မြတ်ဗုဒ္ဓက ပြည့်စုံစွာ ဟောကြားပြီး ခဲ့ပြီ ဖြစ်သည်။

မြတ်ဗုဒ္ဓ ဟောကြားခဲ့သော တရားတော်များကို စုပေါင်းသော် ပိဋကတ်သုံးပုံ ရှိပါသည်။ ယင်းပိဋကတ် သုံးပုံကို အကျယ်ဖွင့်သော (အနက်ဖွင့်သော) စာများလည်း ရှိပါသည်။ ယင်းကို အဋ္ဌကထာဟု ခေါ်ပါသည်။

အဋ္ဌကထာ ကျမ်းပြုဆရာတော် ဘုရားကြီးများမှာလည်း ပေါ့သေးသေး ဉာဏ်ပညာ မဟုတ်ပါ။

ထို့ထက် ကျွန်တော်တို့၏ ကျေးဇူးတော်ရှင် ရဟန်းပညာရှိကြီးတစ်ပါး ဖြစ်တော်မူသော သပြေကန် ဆရာတော်ကြီးက အဋ္ဌကထာ ဆရာတော်၏ အယူအဆတစ်ခုကို ပြတ်သားစွာ ထောက်ပြခဲ့ဖူးပါသည်။

“အဋ္ဌကထာဆရာက လူတို့သည် အတိတ်က ပြုခဲ့သော ကံအတိုင်းသာလျှင် ဖြစ်ကြသည်၊ မိဘကောင်း၊ ဆရာကောင်း၊ ဒေသကောင်း၊ ပတ်ဝန်းကျင်ကောင်း ဟူသမျှ တရားရဖို့ကအစ အတိတ်ကံပေါ် တွင် မူတည်သည်”- ဆိုသောစကားကို သပြေကန်ဆရာတော် ဘုရားကြီးက အဋ္ဌကထာဆရာ၏ အဆိုသည် ပစ္ဆိမဘ၀ိက (ဒီတစ်ဘ၀သာလျှင် ၃၁ ဘုံ၌ နောက်ဆုံးရှိတော့မည့် ပုဂ္ဂိုလ်) အတွက်သာ မှန်သည်၊ ကျန်သော သူများအတွက် မမှန်ပါဟု ဆိုခဲ့ပါသည်။

သပြေကန် ဆရာတော်ဘုရားကြီးက အကိုးအကား သက်သေနှင့်တကွ ရှင်းပြပါသည်။

ဆရာတော် ဘုရားကြီး၏ သက်သေမှာ ဒေ၀ဒတ်ဖြစ်ပါသည်။

ဒေ၀ဒတ်သည် ရှေးအတိတ်ကံ အလွန်ကောင်းခဲ့၏။ ဘုရင့်သားတော် ဖြစ်ရ၏၊ မြတ်ဗုဒ္ဓ၏ ယောက္ဖတော်လည်း ဖြစ်ရ၏၊ လောကီဈာန် အဘိညာဉ်တို့လည်း ရ၏၊ မြတ်ဗုဒ္ဓ၏ သာသနာတော်နှင့်လည်း ကြုံတွေ့ရ၏၊ ရဟန်းဘ၀လည်း ဖြစ်၏၊ အတိတ်ကံ မည်မျှကောင်းပါသနည်း။

သို့သော် “အတ္တသမ္မာ ပဏိဓိ” ဟုဆိုသော ပစ္စုပ္ပန်ကံ (မိမိကိုယ်တိုင် စောင့်ရှောက်နိုင်စွမ်းသော အားထုတ်မှု၊ ဉာဏ်ပညာ) အားနည်းမှုကြောင့် ရသင့်ရထိုက်သော အခွင့်အရေး အားလုံး ဆုံးရှုံးယုံမျှမက အ၀ီစိ ငရဲသို့ပင် ရောက်ခဲ့ရသည်ကို ဆရာတော်ဘုရားကြီးက ထောက်ပြခဲ့သည်။

Blog ဖတ်သူ လူငယ်လူလတ်များ ခင်ဗျား-

ကျွန်ုပ်တို့သည် ယခု ပစ္စုပ္ပန်ကာလကို ပိုင်ဆိုင်နေသူများ ဖြစ်ကြပါသည်။

အတိတ်ကား လွန်ခဲ့ပြီ၊ အစိုးမရနိုင်။

အနာဂါတ်ကား မလာသေး၊ အစိုးမရနိုင်-

ယခု ပိုင်ဆိုင်နေသော ပစ္စုပ္ပန်ကို ကောင်းစွာ အသုံးချနိုင်ပါက အကြောင်းကြောင့် ဖြစ်သော အကျိုးသည် မလွဲဧကန် ဖြစ်သောကြောင့်-

ယနေ့ ပစ္စုပ္ပန် ကောင်းမှုသည် မနက်ဖန် အနာဂါတ်ကောင်းကျိုးအတွက် သေချာနေပြီ ဖြစ်ပါ သည်။

ကျွန်တော်တို့အတွက် အမှန်တကယ် တတ်နိုင်သော အရာမှာ ယခုအချိန်သာ ဖြစ်ပါသည်။

ယနေ့ ပြုသော ကောင်းကံသည် မနက်ဖန်အတွက် ကောင်းကျိုးနှင့် ယနေ့ပြုသော မကောင်း မှု သည် မနက်ဖန်အတွက် ဆိုးကျိုးသာ ဖြစ်ပါလိမ့်မည်။

ယနေ့ ကောင်းကံကို ဘေးအန္တရာယ် ကင်းရှင်းစွာ အမှားမပါစေပဲ ပြုနိုင်ရန်အတွက် ၀ိပဿနာ ပညာက လွန်စွာ ထောက် ကူပေးပါသည်။

လောကီ လောကုတ္တရာ နှစ်ဖြာ အကျိုးပေးစေသော ၀ိပဿနပညာကို တတ်သိ နား လည် ခြင်းကြောင့်

ကောင်းကံကို ပြုရင်း၊ ကောင်းကျိုးမင်္ဂလာ ဟူသမျှ ဖြစ်ပေါ်လာပါလိမ့်မည်။

မြတ်ဗုဒ္ဓ၏ ဉာဏ်ပညာကို ယုံကြည်ခြင်း၊

မြတ်ဗုဒ္ဓ ဆိုလိုရင်းကို ထိမိ မှန်ကန်စွာ သဘောပေါက်ခြင်း၊

သဘောပေါက်၍ လိုက်နာ ကျင့်သုံးခြင်းဖြင့်

အတ္တသမ္မာပဏိဓိ မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်နိုင်ကြလိမ့်မည် ဖြစ်ပါသည်။



မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၃-ဂ)

“ငါ့အသိတစ်ယောက် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့သူက ငါ့နဲ့ ပြောမနာဆိုမနာဆိုတော့ ငါ့ကို ပြောတာလေး တစ်ခုရှိတယ်၊ သူမေးတဲ့ကိစ္စကို မင်းကိုပြန်ပြောရမှာလည်း အားနာတယ်၊ ဘာသာရေးကို ထိခိုက်သလို ဖြစ်နေလို့”

“မင်းစိတ်ထဲမှာရော ရှင်းရှင်းလင်းလင်း ဖြစ်နေပြီလား”

“မဖြစ်ဘူးကွ”

“အေး-မဖြစ်ရင်တော့ ပြောသာပြောပါကွာ၊ ငါက ဗုဒ္ဓကို လေးစားမြတ်နိုးနေတော့ ဗုဒ္ဓရဲ့လမ်းစဉ်ကို ဉာဏ်မီသလောက် လိုက်နေတာပဲ၊ ဗုဒ္ဓကိုယ်တိုင်က မရှင်းမလင်း၊ အကြိတ်အခဲကို မနှစ်သက်ဘူး၊ ပရိနိဗ္ဗာန် မပြုခင်မှာ မရှင်းလင်းတာ မေးစရာရှိတာ အကြွင်းအကျန်မထားဘို့ မှာခဲ့ဖူးတယ်-လို့ ငါဖတ်မှတ်ဖူးတယ်၊ မင်း မရှင်းတာကို ငါအကုန်ရှင်းနိုင်ပါတယ်လို့ အာမတော့ မခံနိုင်ပေမယ့် ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေထဲက ငါဖတ်မှတ်သိဖူး ကြားဖူးတာနဲ့ နှီးနွယ်နေရင်တော့ ရှင်းပြနိုင်ကောင်းရဲ့ပေါ့၊ ပြောသာပြောပါ”

“ဒီလိုကွ သူက ငါ့ကိုနောက်သလို ပြောင်သလိုပြောတာ၊ မင်းတို့ ဗုဒ္ဓဘာသာဝင်တွေ တော်တော် လောဘကြီးတာပဲတဲ့- သူကတော့ သူသေရင် သူပိုင်တာတွေ အကုန်ထားခဲ့မှာပဲ-တဲ့၊တို့ဗုဒ္ဓဘာသာဝင် တွေက တော့ နောင်ဘ၀အထိ ပါအောင်ယူရမယ်၊ နောင်ဘ၀အတွက် အထုပ်ကလေး ထုပ်ရမယ်၊ ဒါလေးပဲ ကိုယ့်နောက်ပါမှာ-ဆိုတော့ လောဘကြီးလွန်းသတဲ့၊ မင်း ဘယ်လိုသဘောရသလဲ”

“သူပြောတာမှန်သားပဲ”

“ဟင် မင်းက မချေပတော့ဘူးပေါ့”

“သူမှန်တာပြောတာပဲ၊ ဟုတ်တယ် ။ သူပြောသလို တို့ဗုဒ္ဓဘာသာဝင် အများစုဟာ အဲ့ဒီအတိုင်းပဲ”

“မင်းပြောတော့ ဗုဒ္ဓရဲ့တရားတော်တွေဟာ အမြင့်မြတ်ဆုံးပုံစံ ပြောပြီး၊ တို့ဗုဒ္ဓဘာသာဝင်တွေက လောဘကြီးတဲ့ မကောင်းတဲ့ စာရင်းဝင်နေတော့ ငါခေါင်းရှုပ်ချင်လာပြီ၊ ငါက မင်းရဲ့ကာကွယ်မှုကို နားထောင်ပြီး ဒီကောင့်ကို ပြန်တွယ်ချင်တာ၊ မင်းပြောပုံအရဆို သူကမှန်ပြီး၊ ငါတို့က ရှုံးရတော့မှာပေါ့“

“ငါတို့ ဗုဒ္ဓဘာသာဝင် လူငယ်လူလတ်တွေအတွက် ငါ Blog တစ်ခု ရေးနေတယ်၊ အဲ့ဒီအထဲမှာ ဗုဒ္ဓရဲ့ တရားတော်တွေဟာ အလွန်ရိုးရှင်းတယ်၊ နောက်ပြီး အလွန်နက်ရှိုင်းတယ်လို့ တင်ပြခဲ့ဖူးတယ်၊ စကား မစပ် မင်းနဲ့ငါ ပြောတာတွေ ကိုလည်း စာဖတ်သူတွေ ဗဟုသုတအတွက် Blog မှာ ရေးမှာနော်၊ မင်းကြေနပ်ရဲ့လား“

“ကြေနပ်ပါတယ်ကွာ”

“ဗုဒ္ဓရဲ့တရားတော်တွေဟာ အလွန်နှစ်သက် မြတ်နိုးဖွယ်ရှိတယ်၊ အလွန်ကိုရှင်းတယ်၊ အလွန် လေးနက် တယ်၊ ရိုးရှင်းတဲ့အတွက် အဓိပ္ပါယ်ကောက်သူတွေက ရိုးရိုးပဲကောက်ယူပြီး၊ ကျင့်ကြလုပ်ကြ ပြောကြပြန်တော့ အနှစ်အသားအထိ မရောက်ကြဘူး၊ ဒါကြောင့် ပေါ့ဆဆ အလွယ်တကူလုပ်ကြတယ်၊ ဗုဒ္ဓရဲ့ဆိုလိုရင်း အဓိပ္ပါယ် အထိ ရောက်အောင်မသွားကြဘူး၊ ဒီတော့ အကျိုးလည်း မများကြဘူး၊ အဲ့ဒီအခါမှာ အလွန်တန်ဖိုးရှိတဲ့ တရားတော် တွေကို ပြစ်ပါယ်ပြီး ဘာမဟုတ်တဲ့ တစ်ပွဲတိုး၊ တစ်နပ်စားတွေဖက် ကူးပြောင်း ပျော်မွေ့နေကြတာ၊ တကယ်ကို ၀မ်းနည်းစရာ ကောင်းပါတယ်။ စကားရိုင်းရိုင်းပြောရရင် အထက်တန်းပညာ လိုက်စားဖို့ ဉာဏ်မမီ၊ ကြိုးလည်း မကြိုးစား၊ နောက်ဆုံး ကျောင်းမပျော်ပဲကျောင်းထွက် သွားကြတဲ့ သူတွေနဲ့ ဥပမာနှိုင်းရမယ်“

“စိတ်ဝင်စားစရာပါလား”https://nayyee.wordpress.com/wp-includes/js/tinymce/plugins/wordpress/img/trans.gif

“ကျောင်းပညာဆိုတာ သိပ်အခက်ကြီး မဟုတ်ပါဘူးကွာ၊ “သညာ” ခေါ်တာပေါ့၊ မှတ်ရတာ၊ သားရတာ၊ လေ့ကျင့် ရတာပါပဲ။ ကျောင်းမှာ ဆရာကလည်းရှိပြီးသားပဲ၊ နားမလည်ရင် နားလည်သူထံ ချဉ်းကပ်မယ်၊ အခု ကျူရှင်တွေ ယူနေသလိုပေါ့ကွာ၊ ကိုယ်သာ တကယ်ကြိုးစားမယ်ဆိုရင် ဒီလောက် ခက်ခဲနက်နဲတဲ့ အရာတွေ မဟုတ်ပါဘူး၊ တချို့မိဘတွေခမျာ ဆင်းရဲကြလို့ သားသမီးတွေ ကျောင်းပညာရေး မပံ့ပိုးပေးနိုင်လို့ ကျောင်းထွက် အလုပ်လုပ်ကြရရှာတဲ့ ကလေးတွေကို ငါအပြစ်မတင်ပါဘူး၊ သနားစရာပါ”

“ဟုတ်ပါတယ်ကွာ”

“တချို့ကြတော့ ကိုယ်ပျင်းတာ၊ မကြိုးစားချင်တာ တခြားအပျော်အပါးတွေဘက် စိတ်ရောက် နေတာနဲ့ မိဘကတော့ ပံ့ပိုးပါရဲ့ သူတို့ရဲ့ အပျင်းအဖျင်းစရိုက်နဲ့ သင်ယူရတဲ့ “သညာ”က ဆန့်ကျင်ဖက် မဟုတ်လား၊ ဖတ်ရမယ်၊ မှတ်ရမယ်၊ ထပ်ပြန်တလဲလဲ လေ့ကျင့်ရမှာတွေကို မလုပ်တော့ ဘယ်နား လည်တော့မလဲ၊ ဒီတော့ ဘာလုပ်ကြလဲ စာမလိုက်နိုင်ဘူး၊ မပျော်ဘူး၊ ကျောင်းထွက်မယ်ဆို ထွက် ပစ် လိုက်ကြတယ်”

“ကျောင်းကပေးတဲ့“သညာ”နဲ့ ကျောင်းကသတ်မှတ်တဲ့ အဆင့်အတန်းပေါ် မူတည်ပြီး၊ အသက်မွေး ၀မ်းကျောင်း ကြရတာဆိုတော့ စိတ်ပျက်၊ အလွယ်တကူဆုံးဖြတ်၊ အခက်အခဲကို နည်းနည်းရှေ့ထပ်တိုး ကြည့်မယ် စိတ်မကူးပဲ၊ အလွယ်တကူ အရှုံးပေးပြီး၊ ကျောင်းကိုပစ်ခွါတော့ ကြီးလေ ပင်ပမ်းလေ ဖြစ်ရတဲ့ ဥပမာ လိုပါပဲ၊ တို့ ဗုဒ္ဓရဲ့လေးနက်တဲ့ လမ်းညွန်မှုတွေကို မလိုက်နာချင်တဲ့ အခါကြတော့ အလွယ်လိုက်ပြီး၊ ပေါ့ပေါ့လေး လုပ်ကြတယ့် အကျိုးမများတဲ့အခါ စာတွေခက်လို့ သူဆင်းရဲ ရတာလို့ အပြစ်တင်ချင်သလိုပေါ့ကွာ၊ ဗုဒ္ဓတရားတော်ကို နားလည်အောင်မလုပ်၊ ထင်ရာလုပ်တာတွေ များလာတော့၊ နောက်ဆုံးတော့ ဗုဒ္ဓဘာသာဝင်တွေ လောဘကြီးတယ် ဆိုတဲ့ စကားဖြစ်လာရတာပဲ”

“ရှင်းအောင် ဆိုစမ်းပါဦးကွာ”

“မင်းပဲ စဉ်းစားကြည့်လေ၊ တို့မြတ်ဗုဒ္ဓက ဆင်းရဲခြင်းတွေ မပြတ်တာ၊ ဒုက္ခသံသရာမှာ လည်နေ ရတာ အ၀ိဇ္ဖာ(မသိမှု)နဲ့တဏှာ(လောဘ)ကြောင့်ပါလို့ အတိအလင်းဟောထားခဲ့ရဲ့နဲ့ ဟိုလောဘလေးက တော့ ကောင်း မှာပါ၊ ဒီလောဘလေးကတော့ ရှိဦးမှလို့ လောဘကို ကိုယ်လိုချင်ရာ အရောင်ခြယ်ပြီး ဗုဒ္ဓထက် ပိုတော် ပိုတတ် နေကြတော့ မခက်ဘူးလား၊ စာတတ်တဲ့ သူတွေကလည်း ပညာလွန်ရင်ကွန့်ဆိုသလို ကွန့်ကြ ညွန့်ကြ ကိုယ် လိုရာဆွဲသီအိုရီနဲ့ တရားတော်အတိုင်း မလိုက်နာ မကျင့်သုံးကြ၊ ဉာဏ်တိမ်တဲ့သူတွေမှာလည်း အပေါ်ယံလေးသိ၊ အဟုတ်မှတ်၊ ထင်ရာလုပ်နဲ့၊ ရှုပ်ကုန်တော့တာပဲ၊ အဲ့ဒီတော့ သူများပြောစရာတွေ ဖြစ်လာတော့တာပဲ။”

“ဥပမာလေးတစ်ခုနဲ့ ပြောပြပါလား”

“ဆိုပါတော့ကွာ၊ ဗုဒ္ဓရဲ့ ညွှန်ပြမှုတစ်ခု ဒါနတောဘောဂ၀ါ ဆိုတဲ့ ဓမ္မကလေးတစ်ကြောင်း ဆိုပါတော့ကွာ”

“အဓိပ္ပါယ်က-”

“လှူတန်းခြင်း စွန့်ခြင်းပြုခြင်းကြောင့် ဥစ္စာပစ္စည်း ချမ်းသာ၏-တဲ့၊ ဉာဏ်တိမ်တဲ့ လူတွေက ချမ်းသာ ခြင်တယ်၊ တို့လှူမယ်- ဆိုပြီး လုပ်ကြတယ်၊ မချမ်းသာပဲ မွဲသွားတော့ ဗုဒ္ဓကို လက်ညှိုး ထိုးကြပြန်တယ်၊ အတိုင်း အဆမရှိ၊ စည်းမဲ့ကမ်းမဲ့ သင့်-မသင့် မစဉ်းစားပဲ လုပ်ကြတယ်”

“နောက် ဉာဏ်မတိမ်တဲ့ သူတွေကရော”

“သူတို့ကြ ကွန့်ကြတယ်၊ အမြတ်ဆုံးရွေးလှူရမယ်၊ ဒါမှ မြတ်မှာ၊ ဘာလှူရင် ဘာဖြစ်မယ် ဆိုတာမျိုး၊ ဖိနပ်လှူရင် ကားရမယ်၊ အခုလှူရင် နောက်ဘ၀ပါ ချမ်းသာမှာ၊ အထုပ်ထုပ်ကြ-ဆိုတာ အဲ့ဒီလူတွေပေါ့၊ ဒီကြား ထဲ အပိုထပ်ကွန့်ကြတော့ သံသရာမှာပေါ်မျောလေး မျောမယ် ဆိုတာတွေအထိ လုပ်လာကြတယ်”

“မင်းဆိုလိုတာက အဲ့ဒါတွေ မမှန်ဘူးပေါ့”

“တက်တက်စင်ကို လွဲနေတာပဲသူငယ်ချင်း၊ မင်းစ,လိုက်တဲ့ မေးခွန်းတစ်ခုကြောင့် ငါစကား တော်တော် ပြောရတော့မယ် ထင်တယ် မင်းလည်း နားထောင်ချင်တယ် ဆိုရင်ပေါ့”

“ငါက သိချင်တာလေ၊ မင်းက ရှင်းပြမယ်ဆိုရင် နားမထောင်နိုင်စရာ မရှိပါဘူး၊ ရပါတယ်၊ ဆက်ပါ”

“တို့ ဗုဒ္ဓဟောတဲ့ ဒါနတော ဘောဂ၀ါဆိုတာရဲ့ အဓိပ္ပါယ်က အလွန်လေးနက်တယ်၊ ဒီစကားရဲ့ နောက်ကွယ်မှာ အဓိပ္ပါယ်တွေ အများကြီး ရှိတယ်၊ အလျဉ်းသင့်ရင်တော့ တရားတော်တွေ ထုတ်နှုတ် ပြောရမှာမို့ သေချာနားထောင်ကြည့်ပေါ့ကွာ၊ မရှင်းရင်လည်းမေးပေါ့၊ အတွေးအခေါ်လေးလည်းပါမှာ ဆိုတော့ စိတ်ရှည်ရှည် လေး ထားပြီးနားထောင်ပေါ့ကွာ”

“——-”

“ဒါန-ဆိုတာ စွန့်တာ၊ တရားကိုယ်ကောက်ပြောရရင် အလောဘ မေတ္တာတရားနဲ့ ယှဉ်တယ်၊ လောဘက မကောင်းကျိုးပေးတယ်၊ အလောဘကကောင်းကျိုးပေးတယ်၊ စည်းစိမ်ချမ်းသာဆိုတာ ကောင်းကျိုးပဲ၊ အလောဘရဲ့ သတ္တိက သံသရာဝဋ်ဒုက္ခကိုပါ ပြတ်တောက်စေနိုင်တဲ့ သဘောရှိတယ်၊ ဒါကြောင့် “ဒါနတော” ပေးလှူခြင်း၊ စွန့်ခြင်း ပြုကြလို့-ဟောတာ”

“အေးလေ-သူတို့လည်း အဲ့ဒီအတိုင်းပဲ လုပ်နေကြတာပဲ မဟုတ်လား”

“မဟုတ်ဘူး”

“ဘာ မဟုတ်တာလည်း”

“အဲ့ဒါပြောတာပေါ့ကွာ၊ တိမ်တိမ်လေးကြည့်ရင် ဒီမှာရပ်နေမှာပေါ့၊ ဗုဒ္ဓက စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ ၊ စေတနာ(စိတ်ထားမှုက) ကံတွေ (ကောင်းကျိုး၊ဆိုးကျိုးတွေ)ကို ဖြစ်စေ၏ ဆိုတာကို နားလည်မှ လှူတတ်မယ်၊ လှူတတ် စွန့်တတ်မှလည်း အကျိုးပေးမယ်၊ အကျိုးဆိုတာ လုပ်ယူလို့ရတာ မဟုတ်ဘူး၊ ပြုတဲ့ အကြောင်းကြောင့် ဖြစ်တာ၊ ကိုယ်နဲ့ဆိုင်တာက ဗုဒ္ဓစကားနားထောင်ပြီး၊ အကြောင်း ကိုပြုယုံပဲ ဆိုင်တယ်”

“ရှင်းပါဦး”

“ဒါနတော၊ပေးခြင်း၊ စွန့်ခြင်းကို ပြုတဲ့အခါ စေတနာထားတတ်ရတယ်၊ သူချမ်းသာပါစေ ဆိုမှ စေတနာ မြောက်တယ်၊ ငါချမ်းသာဖို့ ရည်ရွယ်ပြီးလှူရင် စေတနာမမြောက်ဘူး၊ ကံမမြောက်ဘူး၊ ကံမမြောက်ရင် အကျိုး မပေးဘူး၊ ဒါပဲ၊ ဒါနဆိုတဲ့ အလောဘမစစ်ပဲ လောဘပါနေတော့ ကောင်းကျိုးမပေးပဲ ဆိုးကျိုးပေးမှာပဲ သေချာပဲ၊ နောက်တော့ အလကားပါကွာ ဆိုတာတွေ လုပ်လာကြပါလိမ့်မယ်”

“ကွန့်တဲ့သူတွေရဲ့ အမှားကိုလည်း ပြောပါဦး”

“တို့ ကိုးကွယ်ဆည်းကပ် ယုံကြည်ပါတယ်ဆိုတဲ့ ဗုဒ္ဓကိုယ်တော်တိုင်က သံသရာလည်ပြီး အသစ် အသစ် သော ဘ၀တွေ (၃၁)ဘုံလုံး ဒုက္ခသစ္စာပါလို့၊ ရိုးရိုးဒုက္ခမဟုတ်ဘူး၊ ဒုက္ခသစ္စာပါလို့ ဟောထားရက်နဲ့ နောင်ဘ၀ ကောင်းစားရေး ဆိုတာကတော့ ဗုဒ္ဓကို ဗြောင်ဆန့်ကျင်ကြတာပဲ၊ အဲ့ဒါ ဗုဒ္ဓ ဘာသာ ၀င်အမည်ခံပြီး၊ ထင်ရာစိုင်းနေကြသူတွေပဲ၊ ဗုဒ္ဓထက်ကို ပိုတော်ပိုတတ်နေတဲ့ သူတွေလို့ ပါးစပ် က မပြောပေမယ့် လက်တွေ့လုပ် နေသူတွေပေါ့ကွာ၊ ဗုဒ္ဓက ချမ်းသာကြောင်း ညွှန်ပြတယ်၊ ဗုဒ္ဓနဲ့ဆန့်ကျင်ဖက် လုပ်တယ်ဆိုတော့ ချမ်းသာမလား၊ ဆင်းရဲမလား မင်းပဲစဉ်းစား၊ စိတ်မကောင်းစရာက အလွန်မွန်မြတ်တဲ့ တရားတော်တွေကို အယုံအကြည် နည်းလာ ကြတာပဲ”

“ဟုတ်တယ်နော်-ငါ အပြောခံရတာလည်း ဒါမျိုးပဲ”

“မင်း ပိုရှင်းအောင် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကို တကူးတကန့်ကို လာရောက်ဖူးမြှော် လှူဒါန်းလာကြတဲ့ ဒကာ-ဒကာမတချို့ကို ဟောပြော ဆုံးမပုံလေး ပြောပြချင်တယ်”

“မဟာဗောဓိမြိုင် ဆရာတော်ဆိုတာ-”

“ဆရာတော်ကြီးက တောနေရဟန်းတော်ကြီး တစ်ပါးပဲ၊ ၁၉၈၇ ခုနစ်လောက်က ရန်ကုန်ကို တစ်ခါကြွ လာတယ်၊ မှတ်မှတ်ရရ ၀ိပဿနာနဲ့ဆိုင်တဲ့ တရားတစ်ပုဒ်ဟောပြီး ပြန်ကြွသွားတယ်၊ သီတင်း သုံးရင် ရပ်ရွာတွေနဲ့ ဝေးရာမှာပဲ သီတင်းသုံးတယ်၊ ဝေးလံ သီခေါင်တဲ့ အရပ်တွေမှာ သီတင်းသုံး လေ့ ရှိ တယ်၊ မြတ်ဗုဒ္ဓရဲ့ တရားတော် စစ်စစ်ကလွဲပြီး၊ ဘာအကြောင်းမှ မပြောဘူး၊ မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို ခေတ်လူတွေ နားလည်အောင် ကောင်း ကောင်းရှင်းပြနိုင်တယ်၊ ဗဟုသုတလည်း အလွန်ကြွယ်ဝတယ်၊ တောထဲနေပြီး၊ တရားတော်နဲ့စပ်တဲ့ စာအုပ်တွေ အများကြီးရေးတယ်၊ စာဖတ်ပြီး ကျင့်ကြံလို့ ရအောင်လည်း၊ ရေးပြီး ချီးမြှောက်တယ်၊ တရားစခန်း(၄)ကြိမ် ဖွင့်ပြီး၊ ၁၉၉၉ ခုနစ်ကနေ အခုထိ မုံရွာကနေ တောတွင်းကို ၁၅၃ မိုင်လောက်ဝေးကွာတဲ့ အရပ်၊ မဟာမြိုင်တော ခေါ်တာပေါ့ကွာ၊ အဲ့ဒီ တောကြီးထဲမှာ သီတင်းသုံးတယ်၊ ၁၀ နှစ် လုံးလုံး ဧည့်သည် လက်မခံ၊ မတွေ့ပဲ သီတင်းသုံးပြီး၊ ၂၀၀၉ ခုနစ်ဆန်း မတ်လလောက်မှ ဧည့်သည် ဒကာ-ဒကာမတွေ လာခွင့်ပြုခဲ့တယ်”

“တရားရဖို့က အဲ့ဒီလောက်တောင် ကျင့်ရလား”

“ငါ့အထင်တော့ တရားရဖို့ထက် လူတွေကို ကြောက်လို့လို့ပို ထင်တယ်၊ ဆရာတော်ကြီးဟောတဲ့ တရားတွေက စာတွေက မြတ်ဗုဒ္ဓဟောကြားတဲ့ အနှစ်သာရကို သိပြီးကြောင်း၊ ကျင့်ပြီးကြောင်း အထင် အရှားပါပဲ၊ ငါ ပထမပိုင်း ပြောခဲ့သလို တို့ဗုဒ္ဓဘာသာဝင်တွေဟာ လောကုတ္တရာဆိုတဲ့ တကယ်ဆင်းရဲဒုက္ခမှ လွတ်မြောက် ကြောင်းထက်၊ ဆင်းရဲဒုက္ခတောထဲ ပိုပိုတိုးဝင် ချင်တဲ့သူက များတယ်၊ အဲ့ဒီလို လူတွေ များတော့ သူတို့ ကိုယ်ပိုင်လောကီစီးပွါးတွေ အတွက်လောက်ပဲ ဆရာတော်ကြီးကို ချဉ်းကပ်ချင်တဲ့ သူက များတယ်လေ၊ သူတော်ကောင်းကြီးများနဲ့ မအပ်စပ်တာတွေ များတော့ ရှောင်တဲ့သဘောက ပိုများမယ် ထင်ပါတယ်”

“တရားရော မဟောဘူးလား”

“သိစရာ မှတ်စရာ ကျင့်စရာတွေ အစုံ ရေးလည်းရေး၊ ဟောလည်းဟောပြီးလို့ ကြောင့် ကြမဲ့နေတာပါ၊ သူတော်ကောင်း မှန်သမျှ အများအကျိုး မလုပ်ပဲကို မနေကြပါဘူး။ ဒီလောက်ဆို ဆရာတော်ကြီးအကြောင်း အကြမ်းဖျဉ်းလောက်တော့ မင်းသိရောပေါ့”

“သိပါပြီကွာ၊ ဟောတဲ့ တရားလေးပြောပါဦး”

“ဆရာတော်ကြီးက ဗဟုသုတစုံသလို ဝေါဟာရလည်း အလွန်ကြွယ်တယ်၊ ထိမိတဲ့ ဥပမာတွေ၊ တိုရှင်းတဲ့ စကားတွေနဲ့ ဟောလေ့ရှိတယ်၊ သွက်တယ် ရွှင်တယ် ထက်တယ်ဆိုတဲ့ အရည်အချင်းတွေလည်း ရှိတယ်”

“——–”

“ဖူးမြှော်လှူဒါန်းလာကြတဲ့ဆရာတော်ကြီးအဆိုသံဃာပူဇော်ပွဲလာကြတဲ့လူအုပ်စုထဲက ရှေ့ဆုံးက ပုဂ္ဂိုလ် ကို ဆရာတော်ကြီးက မေးလိုက်တယ်၊ “ခု ခင်ဗျားတို့လှူတာ ခင်ဗျားတို့ မရဘူး၊ ကျေနပ်လား”- အဲ့ဒီလို မေးလိုက်တာကွ၊ လှူတဲ့လူကလည်း ကျေနပ်ပါတယ်ဘုရား-လို့ ပြန်ဖြေတာပေါ့ကွာ၊ ပြောတဲ့စကားကသာ တိုတိုလေး၊ ငါ့နားထဲမှာတော့ အလွန် အဓိပ္ပါယ်လေးနက်ပြီး၊ ကျယ်ဝန်း နက်ရှိုင်းလှတဲ့ စကားလေးတစ်ခွန်းပါပဲ၊ ဆရာတော်ကြီးက ဒဲ့ပြောခဲတယ်”

“လုပ်ပါဦး ဘယ်လို နက်ရှိုင်းတာလဲ ”

“ခု-ခင်ဗျားတို့လှူတာ ခင်ဗျားတို့ မရဘူး-ဆိုတဲ့စကားက ပရမတ်သဘောနဲ့ပြောရင် ခင်ဗျားမှမရှိပဲ၊ ငါတို့တွေ ထင်နေကြတဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ မှ မရှိပဲ၊ စိတ်, စေတသိက်, ရုပ်ပဲရှိတာ၊ အဲ့ဒီ သဘော တွေကလည်း အကောင်အထည် ကိုင်ပြလို့မှ မရတဲ့အရာတွေ လှူတဲ့အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးဆိုတာလည်း “အစွမ်းသတ္တိ” သဘောမျှလေးပဲ ရှိတာ၊ ဒါကို သိစေချင်တာ ပါမှာပေါ့၊ ဉာဏ်ပညာနဲ့လှူလို့ ဆိုလိုက်တဲ့ သဘောပါပဲ”

“ငါတော့ သိပ်နားမလည်ဘူး”

“စိတ်မပူပါနဲ့ကွာ၊ လမ်းမှန်ကို ရှာပြီး၊ မပြတ်လျှောက်နေဖို့သာ လိုတာပါ၊ တို့ စကားပုံရှိသားပဲ၊ လမ်းဆုံးရင် ရွာတွေ့မှာပါပဲ၊ မင်း တကယ် စိတ်ဝင်စားရင် အကုန်သိလာမှာပါ၊ တို့မြတ်ဗုဒ္ဓက ဆရာ စားမချန်ဘူး”

“အေးလေ- ခုမှ ငါက စ, ကြားဖူးသေးတာကိုး”

“အရင်းအနှီးက များပါဘူး၊ “သိချင်တာ”လေး တစ်ခုပဲလိုတာပါ၊ တကယ်သိချင်ရင် မသိတဲ့လူ မရှိပါဘူး”

“———-”

“နောက်တပိုဒ်ကတော့ လာရောက် ပူဇော် လှူဒါန်းတဲ့သူတွေကို အမြင့်မြတ်ဆုံး ချီးမြှောက် လိုက်တဲ့ စကားပဲကွ၊ “ကျေနပ်လား” ဆိုတဲ့စကားလေး သုံးလုံးပေမယ့် အလွန်လေးနက်ပါတယ်၊ “ကိုယ်လှူတာ ကိုယ် မရပါဘူး၊ သူများအတွက် ကျေကျေနပ်နပ်ကို ပေးပါတယ်” ဆိုတဲ့စိတ်ထားကမှ အလှူရဲ့အကျိုးပေး အပြည့်အစုံ အကြွင်း အကျန် မရှိရစေတတ်တာကို သူတော်ကောင်းကြီးတွေက သိလို့၊ ငါမရလည်း လှူမှာပဲ၊ ကျေကျေနပ်နပ် လှူမှာပဲ ဆိုတဲ့စိတ် ညွှတ်စေချင်လို့ လှူတဲ့သူ မသိသေးလို့ ‘ကျေနပ်လား’လို့ အလှုခံ ပုဂ္ဂိုလ်က လမ်းကြောင်းပြီး ချီးမြှောက်လိုက်တာပဲ တို့မြတ်ဗုဒ္ဓရဲ့ သာသနာမှာ ငါကျိုးမပါရဘူး၊ သူတပါး အကျိုးပဲ ပါရတယ်”

“ရှုပ်ကုန်ပါပြီကွာ”

“ဒါလေးတော့ မရှုပ်လိုက်ပါနဲ့ကွာ၊ ငါရှင်းပါ့မယ်၊ တကယ်ကို တန်ဖိုးရှိတဲ့ အနှစ်သာရမို့ပါ”

“နားထောင်ရတော့မှာပေါ့ကွာ”

“မင်းစဉ်းစား တို့တတွေ အများစုလှူတာ ငါ့ဖို့လား၊ သူ့ဖို့လား”

“ဒါကတော့ ရှင်းနေတာပဲကွာ၊ ကိုယ့်ပစ္စည်းလှူမှတော့ ကိုယ့်ဖို့ပေါ့”

“တို့တတွေ ချမ်းသာလား၊ ဆင်းရဲတာများလား”

“အင်း-ဆင်းရဲတာများတယ် ပြောရမှာပဲ”

“အဲ့ဒါဟာ ဆင်းရဲကြောင်းရဲ့ ပြဿနာ အရင်းအမြစ်ပဲကွ”

“ဘယ်ဟာလဲ”

“ငါ့ဖို့လှူတယ်ဆိုတာလေ၊ ဒီကြားထဲ ငါမရရင် မကျေနပ်ပြန်တော့ မကျေနပ်စိတ်လည်း ထွက်လာ ရော ဒေါသပါပါလာပြီးအားလုံးသဲထဲရေသွန်ဖြစ်ကြရတာပဲ၊ငါ့ဖို့လှူရင် ကောင်းကျိုးမရရုံမက ဆိုးကျိုးပါ လက်ဆောင်ထပ်ရ တတ်သေးတယ်၊ တကယ် အကျိုးပေးတာက စိတ်စေတနာ၊ ၀တ္ထုပစ္စည်းနဲ့ အလှူခံ ပုဂ္ဂိုလ်က အကျိုးပေးတာ မဟုတ်ဘူး နဲနဲတော့ ပါဝင်ပတ်သက်မှု ရှိတယ်ပေါ့ကွာ အသေးစိတ်တွေကို ထားပါ တော့ကွာ နောက်ပိုင်း ငါတင်ပြမဲ့ Blog ထဲရောက်မှ စိတ်ကနေ စေတနာကံဖြစ်ပုံ ဖတ်ကြည့်ပေါ့၊ ငါလည်း သူတော်ကောင်း မဟုတ်ပေမယ့် သူတော်ကောင်းကြီးတွေ စကားကို မှီးပြီး မင်းကို လက်ဆောင်တစ်ခုတော့ အကျိုးရှိအောင် ပေးချင်တယ်”

“ဘာ လက်ဆောင်လဲ ”

“စကားလက်ဆောင်ပေါ့ကွာ သူငယ်ချင်းရယ်၊ နောင်လှူရင် ဘယ်တော့မှ ငါကုသိုလ်ရဖို့ မလှူပါနဲ့၊ သူဆင်းရဲက လွတ်ပါစေဆိုပြီးတော့သာ လှူကြည့်စမ်းပါ၊ မင်းချက်ချင်း ကောင်းကျိုးခံစားရပါ လိမ့်မယ်”

“ဘယ်လို ခံစားရမှာလဲ ”

“မင်းပိုင်တဲ့ပစ္စည်းတစ်ခုခုကို သူတပါး အလှူခံပုဂ္ဂိုလ်ကို ပေးတဲ့၊ စွန့်တဲ့အခါ စိတ်ထဲကနေ ဒီအလှူအတွက် ငါကုသိုလ်မရရင်လည်း နေပါစေ၊ သူချမ်းသာပါစေ သုံးပါစေ ချို့ငဲ့ဆင်းရဲမှုမှ လွတ်ပါစေ-လို့ စိတ်ကလေးကို သတိထားပြီး ညွှတ်ကြည့်လိုက်၊ မင်းစိတ်ထဲမှာ အေးချမ်းမှုတစ်ခု ခံစားရလိမ့်မယ်၊ အဲ့ဒါ လက်ငင်းအကျိုးအမြတ်ပဲ၊ အဲ့ဒီပြုတဲ့ ကောင်းမှုရဲ့ နောက်ဆက်တွဲ အကျိုးတွေကို မင်းမစဉ်းစားနဲ့၊ သူ့ဟာသူ ဖြစ် လာလိမ့်မယ်၊ အကြောင်း တစ်ခုပြုရင် အဲ့ဒီအကြောင်းကြောင့် ဖြစ်တဲ့ အကျိုးဆိုတာ ရှိစမြဲ၊ မင်းမေ့ထားလည်း သူ့ဟာသူ ဖြစ်မှာ”

“အင်း-ဟုတ်လောက်တယ်”

“ဟုတ်ကို ဟုတ်တယ် သူငယ်ချင်း၊ ရိုးရိုးသားသားနဲ့ လုပ်ကိုင်ပြီး၊ ကြီးပွားချမ်းသာ တိုးတက်လာသူ တွေရဲ့ စိတ်ထားတွေကို လေ့လာကြည့်”

“မင်းပြောသလိုဆို ဥစ္စာပစ္စည်း ချမ်းသာရေးပါ ပါလာပြီ”

“မြတ်ဗုဒ္ဓရဲ့တရားပါကွာ၊ငါပြောလို့ငါ့စကားငါ့တရားလို့လုံးဝမမှတ်လိုက်ပါနဲ့၊ငါ့မှာဉာဏ်ပညာ ဒီလောက် မရှိပါဘူး၊မြတ်ဗုဒ္ဓရဲ့ကျေးဇူးပါ၊ငါပါရင်ပူတယ်သူငယ်ချင်း၊ သူပါမှအေးမှာ၊ကြီးကြီးမားမားဆုံးရှုံးမှုဖြစ်ပြီဆိုရင် မင်းတွေ့ အောင်သာရှာကြည့်၊လောဘဦးစီးတယ်၊ဒါမြတ်ဗုဒ္ဓဟောသလိုကိုယ့် ကို ကိုယ်မလိမ်ပဲ ဖြောင့်မတ်တဲ့ ရိုးသားတဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ် ကိုယ့်စိတ်ကိုပြန်သုံးသပ်ရင် လောက ပြဿနာရဲ့ အဖြေ တ၀က် လောက် ရှာတွေ့မှာ အသေအချာပဲ”

“ဒီလိုဆို တရားတော်အတိုင်း ကျင့်သုံးကြရင် မဆင်းရဲဘူးပေါ့”

“အေးပေါ့ကွာ တရားတော်ကိုတော့ အရောင်မဆိုးကြနဲ့၊ ကိုယ်လိုရာ မဆွဲကြနဲ့ပေါ့”

“မင်းပြောတဲ့သဘောက-”

“တို့မြတ်ဗုဒ္ဓက ဟောခဲ့တယ်၊ ပုထုဇဉ်ဆိုတာ အမိုက်အကန်း အရူးသဘောမျှ ရှိတာ၊ ဒီထဲမှာမှ ကလျာဏပုထုဇဉ်တွေ ရှိနေ ကျန်နေသေးလို့ ကမ္ဘာမပျက်သေးတာ၊ အာသောက ကျောက်စာဆိုတာ မင်းကြား ဖူးတယ် မဟုတ်လား၊ ငါလည်း အတိအကျတော့ ဖတ်ရတာမဟုတ်ဘူး၊ သဘောသွားနဲ့ပြောရရင် အသောက မင်းကြီးကျောက်စာက လူတွေဟာ-တဲ့ မကောင်းဘူး ထင်ပြီး လုပ်ကြတာ တစ်ခုမှ မရှိဘူးတဲ့၊ ကောင်းတယ်ထင်ပြီး လုပ်ကြတာချည်းပဲတဲ့ ၊ ဆိုလိုတဲ့ အဓိပ္ပါယ်က “ကိုယ်မှန်တယ် ထင်တာ ကိုယ်လုပ် ကြ တယ်” ပေါ့ကွာ၊ မင်းရော ငါရော အတူတူပဲလေ၊ “ဒီကိစ္စကတော့ မမှန်ပါဘူး၊ ငါ လုပ်လိုက်ဦးမယ်” ဆိုတာ ရှိလို့လား”

“ဟုတ်တော့ ဟုတ်သားကွ”

“တချို့တွေ ထင်ရာလုပ်တာက ကမ်းကုန်လာကြတယ်၊ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကိုတောင် ကိုယ်ပိုင် လုပ်ချင်တဲ့သူက ရှိသေး၊ ဟိုဟာစွက်၊ ဒီဟာဖြုတ်လည်း လုပ်ချင်လုပ်ကြတာပဲ၊ အဲ့ဒါ တို့ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ အနစ်နာဆုံးပဲ၊ အဆိပ်ကိုဆေးလို့ထင်ပြီး၊ မှီဝဲမိရင်တော့ ထိုင်နေရင် အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလိုပေါ့ကွာ၊ အမှန်မသိရတာ ဘာမှမဖြစ်ပေမယ့် အမှားကို အမှန်လုပ်မိရင် ဆိုးကျိုးပါ ရနိုင်တယ်၊ မလှူရင် ကုသိုလ်မရတာသာရှိမယ်၊ မလှူတတ်ရင် ငွေကုန်တဲ့အပြင် အကုသိုလ်ပါ အဆစ် ထပ်ရနိုင်သေးတယ်”

“ဘယ်သူတွေကများ ပြုဖို့ ပြင်ဖို့ စိတ်ကူးကြသလဲကွာ”

“ဘယ်သူရယ် မပြောချင်တော့ပါဘူး၊ တရားကိုယ်ကတော့ အ၀ိဇ္ဇာနဲ့တဏှာက တရားခံပါပဲ၊ မင်းကို ပြောရင်း ဂုရုကြီး ဦးဂိုအင်ကာရဲ့ ဆောင်းပါးလေးတစ်ခု သွားသတိရတယ်၊ အလွန် မှတ် ဖွယ်ကောင်းတဲ့ ဆောင်းပါး လေးပါပဲ၊ ငါအတိအကျတော့ မပြောတော့ဘူး၊ အတိုချုပ်ပြောရရင် ….. အမြိုက်ဆေးဆိုတဲ့ ဆေးတစ်မျိုးရှိသတဲ့၊ အဲ့ဒီဆေးက သောက်လိုက်ရင် အမောအပမ်းပြေ ရောဂါကင်း ခွန်အားလည်း တိုးစေသတဲ့ ဒါပေမယ့် ဆေးဆိုတော့ ဆေးသဘာဝ အရသာမရှိဘူး၊ ခါးလည်းခါးသတဲ့၊ အမောအပမ်းပြေ ရောဂါကင်း ခွန်အားတော့ တိုးချင် ဒါပေမယ့် ဆေးခါးတာကိုတော့ သည်းမခံနိုင်ပဲ ဆေးထဲကို သကြားစွက်သောက်တယ်၊သကြားစွက်ရင် ဒီဆေးအာနိသင်က သိပ်မထက်တော့ဘူး၊ ဒါပေမယ့် အချိုကြိုက်တဲ့သူက မသိဘူး၊ သကြားစွက် သောက်တယ်၊ နည်းနည်းခါးသေးရင် သကြားထပ်ထည့်တယ်၊ နောက်တော့ သကြားစွက်စွက်ပြီး သောက်တဲ့သူက သူများတွေကို လျှောက်ပြော သေးသတဲ့၊ အမြိုက်ဆေးက အစွမ်းမထက်ပါဘူး၊ ချောင်းဆိုး ရင်ကြပ်တောင် ဖြစ်သေးတယ်-တဲ့”

“ရီရတယ်နော်”

“မရီနဲ့သူငယ်ချင်း၊ ငါတို့ အများစုဟာ အဲ့ဒီအတိုင်းကို ဖြစ်နေကြတာ၊ တချို့တွေဆို တို့ မြတ်ဗုဒ္ဓ ဓါတ်တော် မွေတော် ရည်မှတ်တဲ့စေတီ ရုပ်ပွားတော်တွေရှေ့ သွားပြီး၊ ရှိခိုးကြ ဆုတောင်းကြတယ်၊ ဒီအလုပ် ကလေး အောင်မြင် ရပါလို၏- ဆိုတာတွေတောင် ပါတတ်ကြတယ်၊ ပြီးရင် မကောင်းမှုတွေကိုတော့ ပြုတယ်၊ မတော်တဆ တိုက်ဆိုင်လို့ ကိုယ်ပြုတဲ့ မကောင်းမှု အောင်မြင်သွားတဲ့အခါ ဘုရားရှေ့တခေါက်ပြန်လာပြီး၊ အရှင်ဘုရား အရှင်ဘုရားဟာ အမှန်ကို အားကိုးထိုက်ပါပေတယ်၊ တန်ခိုးတော် ကြီးမားပါပေတယ်-လို့ မျက်နှာတော်ကို စေ့စေ့ ကြည့်ပြီး၊ ဖူးမြှော်လိုက်ကြသေးတယ်၊ ပန်း၊ ရေချမ်း၊ ဆီမီးလည်း ကပ်လှူလိုက်ကြ သေးတယ်၊ သူ- မကောင်းမှု ပြုတာ ဒီဘုရားကြောင့် အောင်မြင်တယ် ဆိုတော့ သူကိုးကွယ်နေတဲ့ဘုရား ဘယ်ဘ၀ ဘယ်အဆင့် ရောက် သွား မလဲလို့ စဉ်းစားကြည့်စမ်းပါ၊ စဉ်းစားကြစမ်းပါလို့၊ ငါကတော့ ထပ်တိုက်တွန်း ချင်တာပါပဲ။”

“တော်တော့ကို အလေးအနက်ထားပြီး စဉ်းစားရမဲ့ ကိစ္စပဲနော်”

“တို့စကားဝိုင်းကတော့ နဲနဲများသွားပြီ ထင်တယ်”

“မင်း ပြောတာတွေတော့ ငါ ပိုပြီး နားလည်လာတယ် ထင်တယ်”

“ငါ ပြောတာတွေ မဟုတ်ဘူးနော် အဲ့ဒါ ဓမ္မအစစ်တွေ ကျင့်သုံးနိုင်လေ အကျိုးရှိလေဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ တန်ဖိုးရှိတဲ့ တရားတွေပါ”

“တို့ ဘယ်တော့ ဆုံကြဦးမလဲ”

“ဒီလိုလုပ်ကွာမင်းငါရေးနေတဲ့Blogမှာဝင်ဖတ် တစ်ခုတော့ရှိတယ် ပြောတာက ရှင်းပေမယ့် မရှင်းရင်လည်း မျက်နှာချင်းဆိုင်ဆိုတော့ ပြန်မေးလို့ရပေမယ့် Blog မှာ ကတော့ ဖတ်ယုံ ဖတ်ရမှာ ငါ့စာ အရေးအသားကလည်း စာရေးဆရာ ရင့်မကြီး မဟုတ်သေးတော့ မရှင်းတာရှိရင် မှတ်ချက်ပေးရမဲ့ နေရာမှာ ရေးသာထား အားမနာနဲ့”

“များများသိချင်ရင်ရောကွာ”

“ဆုံကြတာပေါ့ လောလောဆယ်သာ ငါ အလုပ်လေး နဲနဲများနေလို့ ရက်ဆက်မတွေ့နိုင်တာပါ၊ မင်းနဲ့ တွေ့ရတာလည်း ကောင်းပါတယ်။ မင်းက ဒဲ့ဒိုးမေးတတ်တော့ စာဖတ်သူကိုယ်စား မေးပြီးသား ဖြစ်တာပေါ့၊ မင်းနဲ့ငါ ပြောကြတာတွေ Blog ပေါ် တင်တော့လည်း သူများတွေ ဖတ်ရတာပေါ့”

“ဒီလိုဆို”

“ဒီလိုလုပ်ကွာ မင်းနဲ့ငါ ပြောကြတာကို ဖတ်ရတဲ့ Blog ဖတ်သူတွေ ကြိုက်မကြိုက်ပေါ် မူတည်ပြီး ဆုံကြတာပေါ့”

“ငါ ဆက်ရေးစရာလေးတွေ ရှိသေးလို့ ပြန်ဦးမယ်ကွာ”

မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း(၃-ခ)

“လူတွေဘာကြောင့် တရားအားထုတ်နေကြသလဲ၊ ရိပ်သာတွေသွားနေကြသလဲဆိုတဲ့ မင်းရဲ့ မေးခွန်း ကို ပြန်ကောက် ရအောင်”

“လုပ်စမ်းပါဦး”

“နည်းနည်းတော့ စိတ်ရှည်သည်းခံနားထောင်ပေါ့ကွာာ၊ မင်းနားမလည်ရင်လည်းမေးပေါ့”

“စိတ်သာချ၊ ငါ မသိရင်တော့ အကုန်မေးမှာ၊ မင်းစိတ်မတိုဖို့သာလိုတာ”

“ဓမ္မနဲ့ပတ်သက်လို့ မင်းဒီလောက်စိတ်ဝင်စားလာတာကို ငါကကျေးဇူးတင်ရဦးမှာ၊ ငါ့အတွေ့ အကြုံ အရ ပြောရရင် တချို့ များသောအားဖြင့် ဆိုပါတော့ကွာ စိတ်မ၀င်စားကြပါဘူး၊ ငွေမှငွေ ဒါလောက်ပဲ စိတ်ဝင် စား နေကြတာ”

“ငါ့လိုလား”

“မင်းကအများကြီးတော်သေးတာပေါ့”

“ဒီလိုဆိုလည်း- ”

“ဒီလိုကွ၊ တို့ရဲ့မြတ်ဗုဒ္ဓကဟောခဲ့တဲ့ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာရယ်လို့ ပိဋကတ်သုံးပုံထဲက အဘိဓမ္မာ ပိဋကတ် ထဲမှာ ပါတဲ့ ပဋ္ဌာန်းတရားတော်ထဲမှာ-”

“လူတွေခဏခဏပြောတေဲ့ ပဋ္ဌာန်းလား”

“ဟုတ်တယ်၊ ပဋ္ဌာန်း၂၄ ပစ္စည်းဆိုတာ မင်းကြားဖူးတယ်မဟုတ်လား”

“ကြားဖူးပါတယ်ကွာ၊ တန်ခိုးကြီးတယ်ဆို ရွတ်ရွတ်နေကြတာပဲ”

“ပဋ္ဌာန်းက တန်ခိုးကြီးတယ်ဆိုတာထက်၊ ပါဝင်တဲ့ တရားဓမ္မတွေက တန်ဖိုးရှိတာပါ၊ ရွတ်တာ ထက် ကျင့် သုံးနိုင်ရင် ပိုကျေးဇူးများတာပေါ့”

“လူတွေကတော့ ရွတ်ဖတ်နေကြတာပါပဲ”

“ကျင့်ဖို့ကခက်ပြီး၊ ရွတ်ဖို့ကလွယ်တော့လည်း လူ့သဘာဝပဲလေ၊ လောဘဆိုတာက ကိုယ် သက်သာ ချင် တာလည်း လောဘတမျိုးပဲ၊ သက်သာတဲ့လမ်းကို ရွေးချင်ကြတာလည်း သဘာဝပါပဲ”

“ဘယ်လိုကျင့်ရတာလည်း”

“မကျင့်ခင် သိအောင်လုပ်ပေါ့ကွာ၊ သိပြီးတော့မှ ကျင့်ရင် နည်းလမ်းမှန်မှန် တွေ့နိုင်တော့ ပိုအကျိုး ရှိတာပေါ့၊ကဲ-အဲဒီပဋ္ဌာန်း၂၄ပစ္စည်းပစ္စယနိဒ္ဒေသထဲမှာပထမဦးဆုံးစတာဟေတုပစ္စည်းပဲ၊ပါဠိလိုတော့ ဟေတုပစ္စယောတိ-ဟေတူဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော-လို့ ဟောတယ်”

“ဒီပါဠိကို ကျက်ထားရမှာလား”

“အလွတ်ကျက်မှတ်သိထားတော့ ကောင်းတာပေါ့၊ မင်းလည်းကြားဖူးတယ် မဟုတ်လား၊ အာဂုံရမှ အာဂလူ-ဆိုတဲ့ စကားလေ၊ တကယ်တော့ ပါဠိတော်ကို အလွတ်ရတာထက် အဓိပ္ပါယ်ကိုသိမှ ပိုအကျိုးရှိမှာ၊ ခု ငါပြောပြမဲ့ အဓိပ္ပါယ်ဟာ အနှစ်ချုပ် အဓိပ္ပါယ်လို့ မင်းနားလည်ထားပေးပါ၊ ဒီထက် အသေးစိတ် အဓိပ္ပါယ်ကိုတော့ တို့ဆရာသခင် ကျေးဇူးရှင် ပညာရှိဆရာတော်ကြီးများ၊ လူပညာရှိများ ဟောကြားတာကို မှတ်တမ်း တင်ထားတဲ့ စာအုပ်စာပေတွေ တပုံကြီးပဲ၊ ဒါပေမယ့် ခုချက်ချင်း လေ့လာလို့လည်း ဖြစ်မှာမဟုတ်သေးဘူး ၊ “နင်”နေမှာ ၊ တန်ဖိုးရှိ လေးနက်တဲ့စာတွေ အကြောင်း အရာတွေဆိုတော့ ဖြည်းဖြည်းလေ့လာရင် ပိုကောင်းတယ်”

“အဓိပ္ပါယ်က-”

“အဓိပ္ပါယ်ကတော့ ဟိတ်ခြောက်ပါးတို့သည် ဟိတ်ခြောက်ပါးတို့နှင့် ယှဉ်ကုန်သော စိတ် စေတသိက် တို့ကိုလည်းကောင်း၊ အဲ့ဒီ စိတ်စေတသိက်တို့ ဖြစ်စေတဲ့ စိတ္တဇရုပ် ပဋိသန္ဓေ ကမ္မဇရုပ်တို့ကို ဟေတုပစ္စယ သတ္တိဖြင့် ကျေးဇူးပြုတယ်တဲ့”

“ရှုပ်ကုန်ပြီ”

“မင်းကရှုပ်ကုန်ပြီဆိုတော့ ငါလည်း ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး၊ တကယ်ဖွင့်ရမယ့် အဓိပ္ပါယ် အပြည့်အစုံထဲက ဝေါဟာရတွေခြုံပြီး၊ တရားကိုယ် သဘောလောက်ကိုပဲ မင်းကိုပြောပြတာ၊ မင်း နားမလည် မှာ စိုး လို့ ငါ ချန်ထား တာတွေ အများကြီးကျန်သေးတယ်၊ ဒီတော့”

“မင်း အပင်ပမ်းခံပြောတော့လည်း ငါစိတ်ဝင်စားပါတယ်၊ ဒီထက်ပိုရှင်းအောင် ပြောလို့ရော ရသေးလား”

“အင်း- ပြောကြည့်တာပေါ့ကွာ အနှစ်အဓိပ္ပါယ် မပျက်ဖို့ကတော့ အရေးကြီးတယ်၊ ဒီလိုကွာ တို့မြတ်ဗုဒ္ဓက တို့လူတွေ ဟာတဲ့ “ဟိတ်” အရင်းအမြစ် အခြေခံလို့ခေါ်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ဟိတ်ခြောက်ပါးတို့ဟာ အဲ့ဒီဟိတ်ခြောက်ပါးနဲ့ ယှဉ်တွဲတဲ့စိတ်၊ စေတသိက် စိတ်ကြောင့်ဖြစ်တဲ့ ရုပ်၊ ပဋိသန္ဓေရုပ်တွေကို ကျေးဇူးပြုစေတယ်၊ မင်းနားလည်အောင် အတိုဆုံးပြောရရင် တို့ရဲ့“စိတ်တွေဖြစ်တဲ့ သိမှု၊ ခံစားမှုတွေနဲ့ စိတ်ကြောင့်ဖြစ်ရတဲ့ ရုပ်တွေကို ဒီတရား ခြောက်ပါးက ကျေးဇူးပြု နေသတဲ့” ဒီလိုဆိုရင်ရော နားလည်မလား”

“နည်းနည်းထပ်ပြီး လူတိုင်းနားလည်အောင် ပြောကြည့်ပါလား”

“အင်း-ဒီလိုဆို-စိတ်တွေ ရုပ်တွေဆိုတာ လူကိုပြောတာကွာ၊ ဒီတော့ လူကိုတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ တရားခြောက်ပါးက စိုးမိုးသတဲ့ကွာ၊ လူကို ကားလို သဘောထားပြီး ပြောရရင် လူကိုကားကြီးလို့ သဘောထား၊ ဟိတ်ခြောက်ပါးကို အင်ဂျင်လို့ သဘော ထား ကွာ၊ ဟိတ်ခြောက်ပါးက မောင်းနှင်အားပေါ့ ရှင်းပြီလား”

“ဒီလိုဆို တို့လူတွေမှာ အဓိကကျတာ ဟိတ် (၆)ပါးပေါ့”

“ဟုတ်ပါ့ကွာ တည့်တည့်ပါပဲ”

“အဲ့ဒီတော့”

“အဲ့ဒီဟိတ်ခြောက်ပါးမှာကုသိုလ်ဟိတ်က(၃)ပါး၊အလောဘ၊အဒေါသ၊အမောဟ၊အကုသိုလ်ဟိတ် က(၃) ပါး၊လောဘ၊ဒေါသ၊မောဟ၊ထပ်ပြီးအကျဉ်းချုပ်ပြောရင် လူကိုကုသိုလ်နဲ့ အကုသိုလ်တို့ ကသာ ကျေးဇူးပြုနေတာတဲ့”

“ဟုတ်ရဲ့လားကွာ”

“ဟုတ်သမှ ဟိုဘက်လွန်နေသေး၊ တို့တလောကလုံး မငြိမ်းချမ်းမငြိမ်သက်တာ အဆင် မပြေတာတွေ ဟာ လူကြောင့် မဟုတ်ဘူး၊ အဲ့ဒီ အကုသိုလ်ဟိတ် (၃)ပါးကြောင့်၊ အဆင်ပြေညီညွတ် မျှ တ ချမ်းသာကြတာလည်း၊ အဲ့ဒီ ကုသိုလ်ဟိတ်(၃) ပါးကြောင့်ပဲ၊ င့ါဉာဏ်ထဲမှာတော့ ရှင်းတယ်”

“ငါ့ဉာဏ်ထဲ မရှင်းဘူးကွ”

“မင်းအလုပ်ရှိသေးတယ် မဟုတ်လား၊ မီးက ဘယ်အချိန် ပြန်လာမှာလည်း”

“ရေရာသေချာတာ ဘာတစ်ခုမှမရှိဘူး ဘာဖြစ်လို့လဲ”

“မင်းနားလည်အောင်ဆို ငါက စကားရှည်ရဦးမှာလေ၊ မင်းအချိန်မရလို့ စိတ်ကတနေရာရောက် နေရင် ငါပြောတာ အလကားဖြစ်ကုန်မှာ”

“ငါ မီးကိုမေ့ထားလိုက်ပြီ၊ စိတ်ထဲ တစ်ခုခု နားလည်လာသလိုမို့ မင်းပြောတာထပ်ပြီး နားထောင် ကြည့်မယ်”

“ရတယ်မောင်၊ ငါကတော့ မျှဝေချင်နေတာ၊ လိုလိုလားလားဆိုလို့တော့ ဆက်ရန်များစွာ ရှိသေး သည် ပေါ့ကွာ၊ မင်းဉာဏ်ထဲမှာ ရှင်းအောင်ပြောရရင်တော့ ဥပမာလေး တစ်ခုနဲ့ ရှင်းပြမှရမှာ”

“ငါ အချိန်ရသွားပြီ”

“သာဓုဗျာ၊ သာဓု၊သာဓု။ ဒီလိုကွ ငါပဋ္ဌာန်းတရားတော်တွေကို သိချင်နားလည်ချင်လို့ ဆရာတော် ဦးဇောတိက(ညောင်တုန်း)ရဲ့ပဋ္ဌာန်းသင်တန်းမှာ ဆရာတော်ပြခဲ့တဲ့ ဥပမာလေးတစ်ခုပဲ ပြန်ပြောရမှာ“

“————-”

“ရွာတရွာမှာ သက်တော်ကြီးရင့်နေတဲ့ ဘုန်းကြီးအိုကြီးတစ်ပါးရှိတယ်၊ ဆွမ်းမခံနိုင်တော့ဘူး၊ ဒီတော့ရွာက ဆွမ်းဟင်း ချက်လှူတာကို ကိုရင်တစ်ပါးနဲ့ ကျောင်းသားတစ်ယောက်က နေ့စဉ်ရွာထဲ ဆွမ်းချိုင့် ယူရတယ်၊ တနေ့ကျတော့ တကာမကြီး တစ်ယောက်က ဆရာတော်ကြီး ကြိုက်တတ်တဲ့ ငါးပြေမဟင်း ချက်ပြီး ထည့်ပေး လိုက်တယ်၊ ကိုရင်နဲ့ကျောင်းသားကလည်း ငါးပြေမဟင်းဆိုတော့ ကြိုက်တော့ နှစ်ဦး တိုင်ပင်ပြီး လမ်းမှာတင် စားပစ်လိုက်ရော၊ နောက်တော့ သင့်တင့်တာတွေ တခြားဟင်းတွေနဲ့ ဆရာတော်ကြီးကို ဆွမ်းကပ်လိုက်တယ်”

“အဲ့ဒီတော့-”

“ဇာတ်လမ်းကအစပဲရှိသေးတာ၊မပြီးသေးဘူး၊ဆွမ်းဟင်းချက်လောင်းတဲ့ တကာမကြီးကလည်း သူလှူတာ ဆရာတော်ကြီးသိစေချင်တာရော၊ဆရာတော်ကြီးဘုန်းရတာကောင်းမကောင်းလည်းသိချင်လို့ကျောင်းရောက်လာ ရော”

“ဂွကျကုန်ရောပေါ့”

“အေးပေါ့ကွာ၊ တပည့်တော် ငါးပြေမဆွမ်းဟင်းလေး ကောင်းရဲ့လားပေါ့၊ ဒီတော့ ဆရာတော်ကြီးက ငါမစားရပါဘူး ဆိုတော့ နောက်ဆုံး ကိုရင်နဲ့ ကျောင်းသားခေါ်ပေါ့ကွာ၊ သက်သေခိုင်လုံနေတော့ ငြင်းမရတော့ဘူး၊ ဆရာတော်ကြီးက ကြိမ်လုံးဆွဲ၊ ကိုရင်နဲ့ကျောင်းသားက ပွတ်လောညံအောင်ငို၊ တင်ပါးပွတ်၊ ခြေသလုံးပွတ်ပေါ့”

“ပွဲကြမ်းကုန်တာပေါ့”

“အေးပေါ့ကွာ၊ အဲ့ဒီပွဲမှာ ပါဝင်ကပြရသူတွေ တစ်ယောက်မှ စိတ်မချမ်းသာကြရဘူး”

“အဲ့ဒီတော့-”

“မပြီးသေးဘူးကွ၊ နောက်တပွဲကြည့်ဦး”

“မင်းဥစ္စာတရားနဲ့ကောဆိုင်ရဲ့လား၊ စိတ်ဝင်စားဖို့တော့ ကောင်းသား”

“ဆိုင်လိုက်သမှ ဆိုင်-ဆိုင်-ဆိုင်ပေါ့ကွာ၊ နောက်တပွဲကတော့ ဒီလိုမဟုတ်ဘူး၊ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပိန္နဲပင်ကြီးတပင်ရှိသတဲ့၊ ပိန္နဲကလည်း မျိုးကောင်းတော့ သီးလိုက်ရင် တစ်လုံးတစ်လုံး လူကြီးလက် နှစ်ဖက်စာ နီးပါးကြီးသတဲ့၊ တနေ့တော့ အဲ့ဒီထဲက အကြီးဆုံး အလုံးကြီး ပျောက်ရော၊ ဆရာတော်က သိပေမယ့် ဘယ်သူ့မှမေးလားစမ်းလားမလုပ်ဘူး၊၂-ရက်လောက်ကြာတော့လူတစ်ယောက်ကုတ်ချောင်းချောင်းနဲ့ ကျောင်းဝင်းထဲ ၀င်လာပြီး၊ ဆရာတော်ကြီးကို ဦးလာချတယ်၊ ဆရာတော်ကြီးက ကိစ္စမေးတော့ ဆရာတော်ကြီးကျောင်းက ပိန္နဲသီးကြီးကို တပည့်တော် မနေနိုင်လို့ ခိုးမိပါတယ်၊ အပြစ်ခံယူဖို့ လာတာပါလို့ လျှောက်သတဲ့၊ ဆရာတော်ကြီးက မင်းခိုးတာ အမှန်ပဲလားဆိုတော့ အမှန်ပါလို့ ပြန်လျှောက်သတဲ့၊ ဆရာတော်ကြီးက အဲ့ဒီတကာကိုခေါ်သွားပြီး၊ အိမ်သာရေဆေးခိုင်းတယ်၊ ရေတွေဖြည့်ခိုင်းတယ်၊ ကျောင်းဝင်း အတွင်း တံမြက်စီးလှည်းခိုင်းတယ်၊ နောက်တော့ ဆရာတော်ကြီးက နောင်ဘယ်သူ့ပစ္စည်းမှ မခိုးနဲ့ ပြန်တော့-ဆိုပြီး ပြန်လွှတ်လိုက်သတဲ့”

“ကြားရတာကိုက စိတ်ချမ်းသာစရာပါလား”

“အဲ့ဒါပါပဲကွာ၊ ပထမဖြစ်စဉ်ရဲ့ အဓိကတရားခံက စားချင်တဲ့လောဘ ကိုယ်လှူတာကိုသိစေချင်တဲ့ လောဘ၊ ကိုယ်မစားရလို့ ဖြစ်ရတဲ့ဒေါသ၊ လောဘနဲ့ ဒေါသဖြစ်တိုင်းမှာ အမြဲတမ်း ကပ်ပါလာပြီး အားပေး အားမြှောက် ပြုတာက အသိတရား ကင်းလွတ်စေတဲ့ မောဟအဲ့ဒီ သုံးဦး ဇာတ်ကသွားကြတာပါ၊ ကိုရင်၊ ကျောင်းသား၊ တကာမကြီး၊ ဆရာတော်ကြီးတို့ကိုမမြင်နဲ့ သူတို့ကိုယ်စီမှာ ပေါက်ဖွားလာတဲ့ လောဘ၊ ဒေါသ၊ မောဟ ရဲ့ဆိုးကျိုးကို မြင်တတ်ရမယ်၊ ဒါကဘာမှမဟုတ်သေးတဲ့ အသေးအဖွဲပဲ၊ တစ်ယောက်နဲ့ တစ်ယောက် သတ်ကြဖြတ်ကြ၊ အော်ကြ၊ ဟစ်ကြ၊ ချောက်တွန်းကြ၊ နှိပ်စက်ကြ၊ နောက်ဆုံး အနိဋ္ဌာရုံနဲ့ ဇာတ်သိမ်းကြရတဲ့ တရားခံဟာ လောဘ၊ ဒေါသ၊ မောဟပဲလို့ တို့သိဖို့လိုတယ်”

“အင်း ရှင်းပါတယ်ကွာ”

“နောက်တပွဲမှာတော့ သူခိုးကခိုးတာမဟုတ်ဘူး၊ လောဘကခိုးတာကို လောဘကခိုးတာလို့ ဉာဏ်ပညာ ကြီးကြီးနဲ့ ကြည့်တတ်တဲ့အပြင် အကြောင်းတိုက်ဆိုင်ရင် ဖြစ်လာတတ်တဲ့ ဒေါသ၊မောဟကို ပါယ်နိုင်ပြီး၊ အဒေါသ၊ အမောဟနဲ့ တုန့်ပြန် လိုက်လို့ ဒီသူခိုးဟာ တော်တော် နောင်တရသွားလိမ့်မယ်။ နောင်တသက်လုံးတောင် သူများ ပစ္စည်း ခိုးချင်မှ ခိုးတော့မှာ ပညာရှိသူတော်ကောင်းနဲ့ ဆုံတွေ့ရခြင်းရဲ့ အကျိုးကျေးဇူးဟာ တော်တော် ကြီးမား ပါတယ် ဆရာတော်ကြီးကလည်း ဒီသူခိုးရဲ့ သံသရာပါမယ့် အပြစ်တွေကို ပေါ့စေအောင်၊ သူ့အတွက် မဟုတ်တဲ့ မေတ္တာ(အဒေါသ)နဲ့ ကျောင်းဝေယျာဝစ္စတွေ လုပ် ခိုင်းတယ်၊ ဒီပွဲတစ်ခုလုံးကို ကပြသွားတာ အလောဘ၊ အဒေါသ၊ အမောဟပဲ၊ အဲ့ဒီ ကုသိုလ်ဟိတ်သုံးပါး ပါဝင်ကပြခွင့် ရခဲ့တဲ့ပွဲလေးကတော့ ကြည်နူးချမ်းမြေ့ စရာပေါ့ကွာ”

“ကောင်းကောင်းရှင်းပါပြီကွာ”

“ငါရှင်းတာထက် ဆရာတော် ဦးဇောတိက(ညောင်တုန်း)ရဲ့ ရှင်းပြချက်ပါ ငါလည်းဒီတရားတွေနာ ရပြီး လောကကြီးကို ပဲ့ကိုင်နေတာ၊ ဒီဟိတ်ခြောက်ပါးပဲလို့ သိလာရုံမက လူဆိုတာအပြောမျှပဲ၊ တကယ့် နောက်ကွယ်က ကြိုးကိုင်နေတာ၊ ဒီဟိတ်ခြောက်ပါးသာရှိတယ်ဆိုတာရှင်းလင်းခဲ့တယ်။စကားနည်းနည်းလေးမြှင့်ပြောရရင် လူဆိုတာ တကယ်မရှိပါဘူး၊ပညတ်သဘောအနေနဲ့သာရှိတာပါ၊တကယ်ရှိတာကဟိတ်ခြောက်ပါးပါ၊ဒါကြောင့် ငါ့ဘာကောင် ထင်လဲ-တို့၊ဘယ်လိုလူစားမှတ်နေသလဲ-တို့ဆိုတဲ့အယူအဆတွေဟာကမ္ဘာပျက်မဲ့အယူအဆတွေပဲ၊ အနိဌာရုံ အားလုံး ရဲ့နိဒါန်းပဲမဟုတ်လား”

“တရားအားထုတ်တာက-”

“အေးတို့ရဲ့မြတ်ဗုဒ္ဓကအကုသိုလ်(၃)ပါးကိုပါယ်ကြ၊ကုသိုလ်ဟိတ်(၃)ပါးကိုဆောင်ကြလို့- ပထမအဆင့် ဟောတယ်ပေါ့ကွာ၊လောကီ၊လောကတ္တရာရေးရာချမ်းသာရေးအကျိုးရှိရေးပေါ့၊အဲ့ဒီအကုသိုလ်ဟိတ်(၃)ပါး၊ ကုသိုလ်ဟိတ်(၃)ပါးကလည်း ဓါးနဲ့လှီးထုတ်ပစ်လို့ ရတာတွေမဟုတ်ဘူး၊ သံသရာ အဆက်ဆက်က စိတ်တွေ စိတ်တွေကြောင့်ကံတွေအနေနဲ့စုဆောင်းစုပေါင်းထားတာတွေ၊ပစ္စုပ္ပန်ဒီဘ၀မှာပဲ မသိလို့ပြုမိခဲ့တဲ့အကုသိုလ် ကိလေ သာတရားတွေကလည်းနဲမှတ်ဆိုတော့သူတို့ကိုအကြွင်းမကျန်ပါယ်သတ်နိုင်ဖို့က၀ိပဿနာတရား အားထုတ်ခြင်းဖြင့် သာ ပါယ်လို့ရလို့ ဒီ မကောင်းတဲ့ အကုသိုလ်ဟိတ် တွေပါယ်ဖို့ တရား ရိပ်သာတွေဝင်ကြ၊ အားထုတ်ကြတာပါ၊ မင်းပြောသလို ရှုပ်နေတာ မဟုတ်ကြ ပါဘူး”

“ဆောရီးကွာ၊ ငါကအရင်ကသိမှမသိပဲ၊ စတန့်ထွင်နေတယ်ထင်တာပေါ့”

“ခုရော သိပြီလို့ဆိုချင်တာလား”

“သိပါတယ်ကွာ သိပါတယ်၊ မင်းဆရာတော်ဟောတဲ့ ဥပမာလေး အလွန်ထိရောက်ပါတယ်၊ ငါကိုယ် တိုင်လည်း ခနခန ဒေါသဖြစ်ဖူးတော့ ကိုယ်တွေ့ပဲလေ၊ ဆုံးရှုံးတာပိုများတယ်”

“ဒီတော့ ဘုရားရော ဘာကြောင့် ရှိခိုးရတယ်ဆိုတာ မင်းရှင်းလောက်ပြီပေါ့”

“ဘယ်လိုရှင်းမှာလဲ”

“ဒီလိုတရားတော်တွေကို တို့မြတ်ဗုဒ္ဓသာ ဟောကြားနိုင်တာ၊ ဟောကြားတော့ နာကြားခွင့်ရ၊ သိခွင့်ရတော့ တို့ မဆင်းရဲဘူး၊ ဒုက္ခမရောက်ဘူး၊ ဒီတော့ မြတ်ဗုဒ္ဓကို ကျေးဇူးတင်တာပေါ့”

“ဒီတော့-”

“ကျေးဇူးတင်လွန်းလို့၊ ရှိခိုးဦးတင်လုပ်ချင်လွန်းလို့၊ မြတ်ဗုဒ္ဓကိုရည်မှန်း ပုံတော်ထုလုပ် ကိုးကွယ် ရှိခိုးကြ တာ ပေါ့၊ တရားမြင်မှဘုရားမြင်တာကလား”

“နောက်ထပ်တရားတွေရောရှိသေးလား”

“ခု ငါပြောတာအခြေခံအစပဲရှိသေးတယ်၊ ပိဋကတ်သုံးပုံလုံးထဲပါတဲ့ တရားတိုင်း ဒီလို အနှစ်သာရနဲ့ ကျေးဇူးပြုတာချည်း ပါပဲ”

“ဒီလိုဆိုရင်တော့ ငါ့အသိတယောက် ငါ့ကိုမေးတဲ့မေးခွန်းတစ်ခုရှိတယ်၊ မေးခွန်းဆိုတာထက် အပြစ်တင်တာက ပိုပါတယ်၊ မနက်ဖန်တွေ့ ပြီးမင်းရှင်းပြနိုင်မလား”

“ငါက ပြဿနာမရှိပါဘူး၊ မင်းသာအလုပ်တဖက်နဲ့ဆိုတော့”

“ကျေးဇူးတင်တယ်သူငယ်ချင်း၊စိတ်ဆင်းရဲရတာ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ ငါ့ကိုယ်တွေ့၊ခုနည်း နည်းသိလာတော့စိတ်ဆင်းရဲလို့အကျိုးမရှိတာသိလာတယ်၊တကယ်တော့ငါ့ပုံနှိပ်စက်ကလည်းအလုပ်သမားတွေလုပ်ရတာပါ၊ငါကနည်းနည်း Guideလိုင်းလေးချပေးရတာပါ၊ငါစိတ်ထားတတ်လာပြီထင်ပါတယ်၊မနက်ဖန်ဆုံကြမယ်လေ”

“အေးကွာ မြတ်ဗုဒ္ဓရဲ့ ဆိုလိုရင်းတွေကို အချိန်တိုအတွင်း မင်းသဘောပေါက်တော့ ငါလည်းအားရှိ ပါတယ်။ မနက်ဖန်ပေါ့”

« Older entries