ဗေဒင်ဆရာကြီး ကောဏ္ဍညဗေဒင်ယုံပါသလား

“ဗေဒင်ဆိုတာ မှန်သလား” ဟု မေးလျှင် မှန်သည့်ဘက်က ပိုများသည်ဟု ဖြေရပေလိမ့်မည်။

ဤနေရာတွင် ကျွန်တော်ဆိုလိုသော ဗေဒင်မှာ “နက္ခတ်ဗေဒင်”ကို ဆိုလိုခြင်းဖြစ်ပါသည်။

အခြားတွက်ချက်ဟောပြောမှုများကိုမူကျွန်တော်ကိုယ်တိုင်လေ့လာဖူးသည်မဟုတ်သောကြောင့်မပြောလို၊ မှတ်ချက် မပေးလိုပါ။

အောက်ဖော်ပြပါ အကြောင်းအရာတို့ပေါ် မူတည်၍ ဗေဒင်မှန်ကြောင်းကို လက်ခံနိုင်ဖွယ် ရှိပါသည်-

ဗုဒ္ဓမြတ်စွာဘုရား အလောင်းအလျာသိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူပြီးသည်နှင့် ကောဏ္ဍညနှင့် အခြားသော ဗေဒင်ပညာရှိများ ဗေဒင်ဟောရာတွင် အခြားဗေဒင်ဆရာကြီးများက အတိအကျ မဟောနိုင်သော်လည်း၊ အသက်အရွယ် အားဖြင့် အငယ်ဆုံး၊ ပညာအားဖြင့် အကြီးဆုံးဖြစ်သော ကောဏ္ဍညပုဏ္ဏားကမူ “ဧကန်စင်စစ် ဘုရားဖြစ်မည်” ဟု ဟောခဲ့ ဖူးသည် မဟုတ်ပါလော၊ ဟောကြားရုံမျှသာမဟုတ်၊ သူကိုယ်တိုင်ပင် ယုံကြည်၍ ဘုရားဦးဖူးရန်၊ တရားဦးနာရန် သိဒ္ဓတ္ထ မင်းသား တောမထွက်မီ ကြိုတင်၍ တောသို့ဝင်ကာ စောင့်နေခဲ့သည်။ ဘုရားလည်း ဖြစ်ခဲ့သည် မဟုတ်ပါလော။

ဆရာသိပ္ပံမောင်ဝ၏စစ်အတွင်းနေ့စဉ်မှတ်တမ်းများစာအုပ်၏နောက်ဆုံးစာမျက်နှာသည်လည်းဗေဒင်မှန်ကြောင်း ပြဆိုသွားသောသက်သေသာဓကပင်တည်း။ ၅ ဇွန်၄၂မှတ်တမ်း ၌ သူ ယခုနှစ် မွေးနေ့မတိုင်မီ သေလောက်သောဘေးနှင့် တွေ့လိမ့်မည်ဟု သူ့မိတ်ဆွေ ဗေဒင်ဆရာက လွန်ခဲ့သော ရှစ်နှစ်ခန့်က ဟောခဲ့သည်။ ည ၁၂ နာရီကျော်လျှင် ထိုဘေးမှ လွန်မြောက်ရတော့မည်ဟု ၀မ်းသာခဲ့သည်ဟု နေ့စဉ်မှတ်တမ်းတွင် ရေးခဲ့သည်။ သို့သော် ဆရာသည် ၆ ဇွန် ၄၂ နံနက်လင်းအားကြီး၌ပင် လူဆိုးများ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။ (ဗေဒင်ဆရာများက တစ်နေ့ကို တွက်ရာတွင် နံနက် ၆ နာရီမှ နောက်နေ့နံနက် ၆ နာရီအထိ ယူကြသည်။)

ကျွန်တော်ကိုယ်တိုင်လည်း ရက်စွဲနှင့်တကွ တိတိကျကျ ဗေဒင် အဟောခံခဲ့ရဖူး၍ မှန်လည်း မှန်ကန်ခဲ့သဖြင့် လွန်စွာအံ့သြခဲ့ရဖူးပါသည်။

စာဖတ်သူများအနေနှင့်လည်း မိမိတို့ကိုယ်တိုင် ဗေဒင်မှန်ကန်သည်ကို ကြုံတွေ့ဖူးကြပေလိမ့်မည်။

ထို့ကြောင့်ပင် ကျွန်တော်သည် ဗေဒင်ပညာကို စိတ်ဝင်စားခဲ့ဖူးပါသည်။ ကျွန်တော့်တွင် ဗေဒင်ပညာကို လေ့လာ လိုက်စားနေသော သူငယ်ချင်းနှစ်ယောက် ရှိခဲ့ဖူးသည်။ သူတို့က ကျွန်တော်ခရီးထွက်ရန် ကိစ္စကြုံလျှင် ဟောကြတော့ သည်။ ဘယ်နေ့သွားရမည်၊ ဘယ်နေ့လောက် ပြန်ရောက်မည်ကအစ ဟောကြသည်၊ မှန်သည်ကများသည်။ ထို့ကြောင့် ကျွန်တော်က ထိုသူနှစ်ယောက် ပို၍မှန်ကန်အောင် ဟောနိုင်ရန် ကောင်းပေ့ ညွန့်ပေ့ ရှားပေ့ဆိုသော ဗေဒင်ကျမ်းများကို ၀ယ်ယူစုဆောင်းပေးသည်။ လေ့လာသူက နှစ်ယောက်ဖြစ်နေသောကြောင့် ကျွန်တော်၏အိမ်တွင် စာအုပ်ဗီရိုတစ်ခု လုပ်ထားပြီး၊ ထည့်ပေးထားသည်။ ယူဖတ်-ပြန်ထား ပုံစံဖြင့် ပံ့ပိုးမှု ပြုပေးခဲ့သည်။

ကိုယ်တိုင်ကလည်း စိတ်ဝင်စားမိသည်တစ်ကြောင်း၊ စာအုပ်များလည်း ပြည့်စုံနေသောကြောင့် ကျွန်တော်ပါ လေ့လာသူ စာရင်းဝင်သွားတော့သည်။ ဗေဒင် Software များလည်း လွယ်ကူစွာ ရရှိနိုင်သောကြောင့် Computer တွင်ထည့် တြိစက္ကဇာတာထုတ်၊ နောက်တော့ ကိုယ်နှင့် ရင်းနှီးသူများ၏ ဇာတာများဖွဲ့၊ သူတို့၏ဘ၀များနှင့် တိုက်ဆိုင် လေ့လာဖြင့် ဗေဒင်ကို အတော်အသင့် နားလည်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဗေဒင်ဆရာကြီး အချို့ထံမှလည်း နည်းခံမှတ်သား ခဲ့ဖူးပါသည်။

ဤဗေဒင်ပညာကို လေ့လာနေစဉ်အတွင်း နီးစပ်ရာ မိတ်ဆွေများကို ဆွေးနွေးအကြံပေးခဲ့ဖူးပါသည်။ ငွေကြေး တစ်စုံတစ်ရာမယူ၊ သုတေသနပြုရလျှင်ပင် ကျေနပ်နေခဲ့ခြင်း ဖြစ်ပါသည်။ ယင်းပညာသည် သိပ္ပံပညာတစ်ရပ်ဟုလည်း ယူဆမိသောကြောင့် မိမိကိုယ်ကို ကျေနပ်နေခဲ့မိခြင်း ဖြစ်ပါသည်။ ၀င်ငွေမရှိ၊ ထွက်ငွေသာရှိသော အလုပ်ပါတည်း။ သုတေသနဟူသည် ဤကဲ့သို့ စိတ်ထားနိုင်မှ လုပ်၍ရသော အလုပ်မျိုး ဖြစ်သည်။

ကိုယ်ကိုယ်တိုင်သေချာသုတေသနလုပ်လာသောအခါတွင်ကားဟောချက်များသည်ယေဘုယျ အမှန်သဘော မျှကိုသာ ဆောင်သည်ကို တွေ့ရသည်။ မှန်သောအခါ မှန်လိုက်၊ မှားသောအခါ မှားလိုက်နှင့် လုံးချာလည် နေတော့၏။ မှန်ရမည်ဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချခဲ့သော်လည်း၊ မှားချင်မှားနေပြန်သည်၊ မမှန်နိုင်ဟု ထင်သော်လည်း မှန်၍ နေ တတ်ပြန်သည်။

တွက်နည်းမှန်သော်လည်း အဘယ်ကြောင့် အဖြေမှားရ ပြန်ပါသနည်း။ ကျွန်တော် ဉာဏ်မမီတော့။

x x x

လွန်ခဲ့သော ၂၀၀၄ ခုနစ် နှစ်ဆန်းပိုင်းမှစ၍ ကျွန်တော့်ဘ၀ တစ်ဆစ်ချိုး ရောက်ခဲ့သည်။ ဗုဒ္ဓ၏ တရားတော်များ အပေါ် သက်ဝင်ယုံကြည်မှုဖြင့် လေ့လာခဲ့သည်။ လေ့လာမှုရော အားထုတ်မှုပါ ပူးတွဲလုပ်ဆောင်ခဲ့သော်လည်း၊ ပရိယတ္တိ အားနည်းမှုကြောင့် ဗေဒင်ပညာကို လုံးဝ စွန့်ပါယ်နိုင်စွမ်း အားနည်းနေခဲ့သေးသည်။

တစ်ရက်တွင် ကျွန်တော်၏နေအိမ်သို့ ကျွန်တော့်ဇနီး၏တူမ (တူတော်မောင်၏ဇနီး) ရောက်လာခဲ့သည်။ မျက်နှာ မကောင်း၊ တူတော်မောင်မှာ ”စီပိုး” ကပ်ရောက်ခံရသည် ဟူသော သတင်းယူဆောင်လာသည်။ သက်ဆိုင်သူမှန်သမျှ အပူလုံးကြွရ၏။ တူတော်မောင်က လုပ်ငန်းကြီး လုပ်ကိုင်၍ စီးပွါးတောင့်တင်းသူ ဖြစ်သောကြောင့် တစ်ကြောင်း၊ အသက် အရွယ်မှာလည်း ငယ်ရွယ်သေးသည်တစ်ကြောင်းကြောင့် “မသေစေလိုကြသေး”။ ကျွန်တော့် အနေဖြင့်မူ မလွှဲရှောင်နိုင် သောအနေအထားမို့အမြတ်ဆုံးဝိပဿနာဆေးသာစားသုံးစေလိုသည်။ကျွန်တော့်ဇနီးကမူ အဒေါ်အရင်းလည်း ဖြစ်သည်မို့ သူတို့လာခေါ်သော ကားနှင့်ပင် နှစ်သိမ့်ရန် လိုက်ပါသွားသည်။ သူတို့ မထွက်ခွါမီ တူမောင်၏ မွေးနေ့သက္ကရာဇ်၊ မွေးချိန်အတိအကျ တောင်းယူရင်း ကွန်ပြူတာကို ဖွင့်မိပြန်သည်။

အဘယ့်ကြောင့်ဆိုသော် တူမောင်မှာ လွန်စွာ စိတ်ဝင်စားစရာကောင်းသူဖြစ်ပါသည်။ ငယ်စဉ်က ချို့တဲ့သူ ဖြစ်သော်လည်း၊ ယခုအခါ အလွန်ကြီးမားသော လုပ်ငန်းကြီးများ၊ ငွေကြေးဥစ္စာဓနများ ပိုင်ဆိုင်နေသူ ဖြစ်သောကြောင့် “ဗေဒင်သုတေသန” လုပ်လိုသော ကျွန်တော့်အတွက် အထူးစိတ်ဝင်စားမိခြင်း ဖြစ်ရပါသည်။

သူ၏ဇာတာကား အံ့သြဖွယ်ရာပါတည်း။ ၉ တန့်နှင့် ၁၀ တန့်သခင်တို့ အိမ်ချင်းဖလှယ်နေသော (ပရိဝတ္တနပြုနေ သော) ဇာတာဖြစ်၍ နေပေသည်။ အလွန်ကြီးမားသော ရာဇယုဂ်ပိုင်ရှင်ပါတည်း။ အသက်အန္တရာယ်ပိုင်း လေ့လာကြည့် သောအခါလည်း အန္တရာယ်ဖြစ်လောက်သော ဒဿာမရှိ၊ မူလဇာတာ၌ပင် အသက်တိုခြင်း အချက်အလက်မတွေ့၊ ဇနီးသည်ကို ပြန်လာပို့သော တူမတော်အား တွေ့သမျှလေး ပြောပြနှစ်သိမ့်ရသည်။

တစ်ပတ် နီးပါး အကြာတွင် တယ်လီဖုန်းဖြင့် အကြောင်းကြားလာသည်။ သွေးပြန်စစ်၊ ထပ်တလဲလဲ သေချာ စစ်ဆေးသော်လည်း “စီပိုး” ရှာမတွေ့ပါ၊ မူလစစ်ချက် မှားပါသည်။ ယခုတော့ ပြန်လည် ပျော်ရွှင်နေကြပါပြီ-တဲ့။

မမှန်ဟု ပြောမရသော ဗေဒင်ပညာ ဖြစ်နေပြန်ပါတော့သည်။

x x x

ဗုဒ္ဓကမူဗေဒင်ဟောခြင်း၊ ဂါထာဆောင်ခြင်း၊ အဆောက်အအုံ နေရာကောင်း ရွေးချယ်ခြင်း၊ ရက်ရာဇာ၊ ပြဿဒါး ရွေးချယ်ကျင့်သုံးခြင်း စသောအရာများကို “အနိမ့်စား တတ်သိမှု” ဟု ခေါ်ဆို သတ်မှတ်ခဲ့လေသည်။ (ဒီဃနိကာယ်)

အဘယ်ကြောင့် ဤကဲ့သို့ မိန့်မှာခဲ့သည်ကိုလည်း ဗဟုသုတ မပြည့်စုံခဲ့သော ကျွန်တော်ေ၀၀ါးနေခဲ့ရပါသည်။

ကျွန်တော်၏စိတ်အရှုတ်အထွေးကို ရှင်းလင်းပေးသော ပုဂ္ဂိုလ်မြတ်မှာကား မြောက်ဒဂုံ(၁၆)ရပ်ကွက်၊ မိုးညှင်း သိ`င်္ဂီကျောင်းတိုက်၊ ပဓာန နာယကဆရာတော် အရှင်ဇေယျပဏ္ဍိတ (ပိုင်းလော့ဆရာတော်) ဆရာတော်ကြီး ဖြစ်ပါသည်။

တရားစခန်းတစ်ခုဝင်စဉ် ဆရာတော်က ဗေဒင်ပညာများနှင့် ပတ်သက်၍ ဗေဒင်ပညာဆိုသည်မှာ “အကျိုးပေါ် မူတည်တွက်ချက်” ထားသော ပညာသာဖြစ်ကြောင်း ဟောကြားသည်ကို နာကြားရသည်နှင့် ကျွန်တော် ဉာဏ်အလင်း ပွင့် ပါတော့သည်၊ အလွန်မှန်သောစကားပေတည်း။ ဗေဒင်ပညာကို ကိုယ်တိုင်လေ့လာဖူး သောကြောင့်လည်း ချက်ချင်း သဘောပေါက်ရခြင်း ဖြစ်ပါသည်။ ဂြိုဟ်ကြီးကိုးလုံးပေါ် မူတည်၍ တွက်ချက်ခြင်းမျှသာ ဖြစ်သော ပညာရပ်ဖြစ်ပြီး၊ ဒီဂြိုဟ် ဒီမှာရှိနေလျှင် ဒါဖြစ်သည်ဟု သုတေသနပြုထားသော ကျမ်းများဖြစ်သောကြောင့် အချက်အလက်စုံလျှင် မှန်ပြန်၍၊ အချက်အလက်မစုံလျှင် အခြားအကြောင်းတစ်ရပ် ၀င်စွက်နေသည်ကို မသိလျှင် ရသောအဖြေ မှားပြန်တော့၏။

မြတ်ဗုဒ္ဓ၏ ဉာဏ်တော်ကား အတိုင်းအဆမရှိပါတည်း။

ထို့ကြောင့်ပင် ဗုဒ္ဓ၏တရားတော်ဟူသမျှသည် “အကြောင်း”ပေါ်တွင်သာ အခြေခံဟောကြားခဲ့ခြင်း ဖြစ်သော ကြောင့် အမှားမရှိရခြင်း ဖြစ်ရလေတော့သည်။

အကြောင်းကောင်းလျှင် အကျိုးကောင်းမည်။

အကြောင်းဆိုးလျှင် အကျိုးဆိုးမည်။

ဗုဒ္ဓ၏တရားတော်ကိုတစ်ဆင့်ပြန်လည်ဟောကြားသိစေခဲ့သည့်ဉာဏ်အလင်းပွင့်စေခဲ့သော ပိုင်းလော့ ဆရာ တော် ကြီးအားလည်း လွန်စွာကျေးဇူးတင်၍ ဦးတင်ပူဇော်မိပါသည်။

ပရိယတ္တိ၏ကျေးဇူးကား ကြီးမားလှပေစွ။ ထို့ကြောင့်ပင် ပရိယတ္တိကိုလည်း သိနိုင်သမျှ သိရှိရအောင် ကြိုးစားရပါ တော့သည်။

ပဌာန်းတရားတော်ကို သင်ယူနားလည်ပြီးသောအခါတွင်ကား “ရှင်း” ရုံမျှမက “လင်း”ပါတော့၏။

ဗေဒင်ပညာကို မမှန်ဟု မပြောပါ၊ သို့သော် ဘ၀ အလုံးစုံ ပုံ၍ အားကိုးထိုက်သော ပညာရပ်တော့ မဟုတ်သော ကြောင့် ဘ၀နှင့်ရင်းရတော့မည်၊ သိပ်အရေးကြီးပြီဆိုလျှင်တော့ ဗေဒင်ကို ဘ၀ပုံ၍ မယုံအပ်ဟု ယူဆမိပါသည်။ အလွန် ခိုင်မာသော အောက်ပါ အချက်လေးတင်ပြရင်း နိဂုံးချုပ်လိုပါသည်။

x x x

လက်ညှိုးတစ်ချောင်းသာထောင်၍ “သိဒ္ဓတ္ထမင်းသားသည် ဘုရားစင်စစ် ဧကန်ဖြစ်ရမည်” ဟု အတိအကျ ဟောပြောခဲ့သူဖြစ်ရုံမျှသာမကဘုရားဦးဖူးရန်၊တရားဦးနာရန်တောသို့ ဦးစွာဝင်၍ ကြိုတင်စောင့်ခဲ့သောသူ ပညာအကြီးဆုံး ဗေဒင်ဆရာကြီးကောဏ္ဍညပင်လျှင်သူ့ဗေဒင်ကို သူသံသယဖြစ်ခဲ့ဖူးပါသည်-ဟု ဆိုလျှင် စာဖတ်သူများ လက်ခံလိုလိမ့်မည် မဟုတ်ပါ။

အမှန်တကယ်ကား သူ့ဗေဒင်ကို သူမယုံခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော်-

ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားဒုက္ကရစရိယာခြောက်နှစ်ကျင့်ပြီးနောက်ဤအကျင့်ကားမှား၏ဟု ဆုံးဖြတ် ကာ ဆွမ်းပြန်ဘုဉ်းပေးရုံမျှ (ဘုရားမဖြစ်သေးသောကာလ ဖြစ်သောကြောင့် အစားအစာ ပြန်စားရုံမျှ)ကို ကြည့်၍ ဘုရားလောင်းသိဒ္ဓတ္ထကို ဘုရားမဖြစ်နိုင်တော့ဟု သံသယ၀င်ကာ စွန့်ခွါခဲ့ခြင်းကပင် ကောဏ္ဍညသည် သူ့ဗေဒင်ပညာကို သူမယုံခြင်း၏ ထင်ရှားသော သက်သေသာဓကပါတည်း။

ဗုဒ္ဓ၏တရားတော်၌ သံသယမ၀င် အမှန်မြင်၍ မိမိတို့၏ဘ၀များကို မိမိတို့ကိုယ်တိုင် အကြောင်းကောင်းအောင် ပြု၍ အကျိုးကောင်းများ ခံစားနိုင်ကြပါစေ။ ။

အတွဲ(၈)၊ အမှတ်စဉ်(၃၆၅) ၂၆-၁၁-၂၀၀၇(တနင်္လာနေ့)ထုတ် အတွေးသစ်ဂျာနယ်(the Creative journal)

2 Comments

  1. YoungGun said,

    July 5, 2010 at 5:15 am

    အဲဒီတုန်းက အဖြစ်အပျက်တွေကို ကိုယ်တိုင်လည်း မမြင်ရလို့ သက်သေပြစရာတော့ မရှိပါဘူး။ ဒါပေမယ့် ယုံကြည်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ နှစ်ပေါင်းများစွာ စောင့်ကြည့်လာပြီးမှ ကိုယ်လေးစားတဲ့ ပုဂိုလ်တစ်ဦးက အဲလို မထင်မှတ်ဘဲ ကိုယ်နဲ့ ဆန့်ကျင်ဘက် အပြုအမှုတစ်ရပ်ကို လုပ်ပြလိုက်တော့ စိတ်ပျက်အားလျော့သွားပြီး ဗေဒင်ပညာပါ မေ့သွားတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒီပုဏ္ဍားကိုက သေချာမတွက်လို့နေမှာ။ ဘုရားဖြစ်မယ်ဆိုတာထက် ဘယ်တော့ ဖြစ်မယ်ဆိုတာကိုပါ တွက်ချက်အကဲဖြတ်နိုင်ခဲ့ရင် ဗေဒင်က ဒီထက်သရဖူဆောင်းမယ့် ကိန်း ရှိမှာ။ … ဒါပါပဲ။ ဆောင်းပါးကို သဘောကျနှစ်ခြိုက်တဲ့အတွက် ကျွန်တော့်ဘလော့ဂ်လေးမှာ ပြန်လည်ဝေမျှ တင်ပြခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ခွင့်ပြုပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

    • unayyee said,

      July 8, 2010 at 2:14 pm

      ဆရာ YoungGun ခင်ဗျား

      ဂရုတစိုက်ဖတ်ရှုပြီးတခုတ်တရမှတ်ချက်ရေးပြီးအသိအမှတ်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်။အရေးရယ်လို့ ကြုံပြီဆိုတဲ့ကာလမှာ ကိုယ်ရဲ့အတတ်ပညာကိုမေ့လျှော့ခြင်းတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆမိပါတယ်။ သဘာဝတရားအရပြောရရင်တော့ အရေးကြုံတဲ့အခါမှာ ချိုရှိတဲ့သတ္တ၀ါက ချိုကိုထုတ်သုံးသလို ပါးစပ်က သွားနဲ့ခုခံတော်လှန်ရမဲ့ သတ္တ၀ါကလည်း တိုက်တွန်းနှိုးဆော်စရာမလိုပဲ ပါးစပ်ကိုသုံးကြလိမ့်မယ်လို့ယူဆပါ တယ်။ပညာရှင်တယောက်ဟာလည်းအရေးကြုံတဲ့အခါမျိုးမှာ ကိုယ့်ပညာကိုတော့မမေ့လျှော့အပ်ဘူးလို့ စာထဲမှာထည့်မရှင်းထားပေမဲ့ ကျွန်တော့်အနေနဲ့တော့ အဲ့ဒီလိုယုံကြည်တာကြောင့် ပုဏ္ဍားကြီးသူ့ဗေဒင် သူမယုံလို့ယူဆပြီးရေးသားတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော့်ဆောင်းပါးလေးကိုဆရာ့ဘလော့ဂ် မှာပြန်လည်မျှဝေလိုခြင်းကိုလည်းကျေးဇူးတင်စွာခွင့်ပြုပါတယ်။ ကျွန်တော့်ဘလော့ဂ်ကိုကျွန်တော်ကိုတိုင် ပြန်မတက်ဖြစ်တဲ့အတွက်အကြောင်းပြန်တာနောက်ကျသွားခြင်းအတွက်လည်းနားလည်ပေးပါခင်ဗျား။ အဆင်ပြေရင်ဆရာ့ ဘလော့ဂ်လိပ်စာလေးလည်းသိလိုပါသည်။ unayyee@gmail.com ကို mail ပို့ပေးစေလိုပါသည်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: