တရားအားထုတ်တာ ဘာအကျိုးရှိလို့လဲ

တရားတော်၏ကျေးဇူးကို သိလာသောအခါ တိုက်တွန်းပေးသူ မရှိပါဘဲလျက် တရားအားထုတ်ခြင်း အလုပ်ကို ကျွန်တော် ပို၍ပို၍ လုပ်လာမိသည်။

ထိုအခါတွင် ရင်းနှီးသောသူငယ်ချင်း မိတ်ဆွေများက ကျွန်တော့်ကို မေးလာကြသည်။

“တရားအားထုတ်တာ (သူတို့အဆိုတော့ တရားထိုင်တာ) ဘာများအကျိုးရှိလို့လဲ” ဟူ၍ပင်။

ကျွန်တော့်အတွက် အကျိုးရှိသည်ကိုတော့ မရေးလိုတော့ပါ။ သို့သော် တရားအားထုတ်ခြင်းဖြင့် မည်သည့် အကျိုးကျေးဇူး (ပစ္စုပ္ပန်တွင်) ရှိသည်ကိုတော့ ဖြစ်ရပ်မှန်လေးတစ်ခုဖြင့် တင်ပြရင်း၊ ကျွန်တော့်ကို တရားထိုင်တာ ဘာအကျိုးထူးရှိသလဲ-ဟု မေးလာသူတို့အား ဖြေဆိုပါရစေတော့။

X x x

ကျွန်တော်သည် နို့ညှာဖြစ်သောကြောင့် မိသားစုတွင် ကျွန်တော့်အောက် နို့စို့ ညီအငယ်တစ်ယောက် ရှိသည်။

တစ်ယောက်တည်းသော ညီမို့ အသက်အရွယ်တွေ ဘယ်လိုရလာသော်လည်း၊ အစ်ကိုကြီး အဘအရာ သဘော ထားကာ ညီ၏ကောင်းမှု၊ ဆိုးမှုများကို ကျွန်တော့်မှာ လျစ်လျူမပြုနိုင်ခဲ့။ လျစ်လျူမပြုနိုင်သူ တစ်ယောက်အတွက်တော့ ၀မ်းသာခြင်း၊၀မ်းနည်းခြင်း၊ ပျော်ရွှင်ရခြင်း၊ စိတ်ညစ်ရခြင်းတွေကတော့ နိယာမအတိုင်း ခံစားရသည်သာ။

သို့သော် ကျွန်တော့်အတွက်တော့ ကျွန်တော်၏ညီငယ်သည် ၀မ်းသာပျော်ရွှင်ခြင်း ရသတွေကို ယူဆောင်ပေး သည်ထက် (လောကဓမ္မတာထင်ပါရဲ့) ၀မ်းနည်း၊ စိတ်ညစ်ရခြင်းတွေကိုသာ လက်ဆောင်ပေးလေ့ရှိသည်။

အဆိုးဆုံးကတော့ အရက်သေစာကို အလွန်အကျွံသောက်စားခြင်းပင် ဖြစ်သည်။

ငယ်စဉ်ကတည်းက စိတ်သဘောထားလေးက မဆိုး၊ သို့သော် အရက်၏ ထိန်းချုပ်မှုအောက် ရောက်သွားပြီး နောက်တော့ စိတ်ထားတွေပါ အကုန်ပြောင်းလဲ သွားတော့သည်။

ထိုစဉ်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း အရက်သေစာနှင့်တော့ လုံးဝကင်းပြတ်ခဲ့သည်မဟုတ်၊ အရက်သေစာ တို့၏ ထုံးစံအတိုင်းပင် ပညာတတ်သူ၊ ပညာမဲ့သူ၊ ချမ်းသာသူ၊ ဆင်းရဲသူ မည်သူ့မျှ မျက်နှာမလိုက်ပဲ ဖျက်ဆီးခြင်း ခံကြရ သည်ပင်။

ဖျက်ဆီးခံရသူခြင်းအတူတူ ကျွန်တော်က ကိုယ့်ဒဏ်ရော သူ့ဒဏ်ပါ ခံရသည်။

လင်မယားရန်ဖြစ်ကြပြန်ပြီ။ ခယ်မဖြစ်သူက တငိုငို တရီရီ ရောက်လာပြန်ပြီ။

စီးပွါးမရှိ၊ အိမ်မသာယာ၊ ငွေကြေးထောက်ပံ့ပေးရပြန်ပြီ၊ သို့သော် ထိုငွေကြေးကလည်း အကျိုးရှိသော အသုံးချမှုသို့ မရောက်၊ သုံးဖြုန်း သောက်စားပစ်သည်က များသည်။

ဆုံးမ ပြောဆိုလေတိုင်းလည်း မုသာဝါဒမုန်တိုင်းတွေနှင့် တန်ပြန်ခံစစ်ဆင်သည်။

ဤသို့ဖြင့် ညီတော်မောင်တို့ မိသားစုငါးယောက်သည် လုံးလည်ချာလည်ဖြင့် အစားဆင်းရဲ၊ အနေဆင်းရဲ၊ ဒုက္ခတွေ ချာလည်ပတ်ရမ်း၍သာ နေရသည်။

အရက်သေစာသည် မကောင်းမှု၌ အတော်အစွမ်းထက်ပုံရသည်။ သောက်သုံးသူကိုလည်း ဖျက်ဆီးသလို၊ သောက်သုံးသူ၏ ၀န်းကျင်ကိုလည်း ထိခိုက်စေသည်။ အရက်သေစာကြောင့် အလုပ်တွေလည်း ပေးထားသော ကတိအတိုင်း မဆောင်ရွက်နိုင်၊ လုပ်အားစွမ်းရည်ကျ၊ ကြာတော့ အရက်အလွန်အကျွံသောက်သူနှင့် တခြားသူများက အလုပ်တွဲမလုပ်ချင်တော့။ ဆွေမျိုးသားချင်းများကပင် ခပ်ရှောင်ရှောင်ဖြစ်လာတော့သည်။

ကျွန်တော့်မှာသာ မနေနိုင်၊ နိုင်သလောက် စောင့်ရှောက်၊ ချော့မော့၊ ခြိမ်းခြောက်၊ ပေးကမ်း၊ ဖြတ်တောက် နည်းပေါင်းစုံစွာဖြင့် အရက်ပြတ်အောင် ကြိုးစားသော်လည်း မအောင်မြင်၊ အသေးစိတ်သာ ပြောရမည်ဆိုလျှင် ဖော်ပြ၍ ကုန်မည်မထင်လောက်သော ဆိုးကျိုးများ၊ စိတ်ပျက်စရာများ၊ တစ်ပုံတစ်ပင်၊ အကုသိုလ်တရားကလည်း သူ့အပေါ် ထာဝစဉ်တွယ်ကပ်လျက်။

၎င်းထဲမှ ဥပမာလေးတစ်ခု ပြောပြရလျှင် ကျွန်တော်က ရပ်ဝေးမှာသွား၍ အလုပ်လုပ်ရသူမို့၊ ကျွန်တော့်ဇနီးကို လှမ်းမေး၍ ညီတော်မောင့်မိသားစုအခြေအနေ စူးစမ်းရ၏။ ထမင်းဆိုင်လေးတစ်ဆိုင် ဖွင့်၍ စီးပွါးရှာနေကြကြောင်း၊ အသောက်လေးလည်း နည်းနည်းလျော့လာကြောင်း သိရသည်။ ကျွန်တော်ကလည်း စီးပွါးရေးအဆင်ပြေစဉ်ကာလမို့ ၄င်းတို့အားရှိသွားစေရန်၊ လုပ်ငန်းလေး ပိုမိုကြီးလာလျှင် စိတ်ညစ်လို့သောက်တယ်ဆိုသော အကြောင်းပြချက်လည်း လျော့စေရန် ရည်ရွယ်၍ ငွေကျပ်သုံးသောင်းခွဲ(၁၉၉၈ ခုနစ်ကာလ) ပံ့ပိုးပေးလိုက်ပါဟု ဇနီးကိုမှာသည်။ ဇနီးကလည်း ကျွန်တော်မှာသည့်အတိုင်း ပြောဆို၍ ညီတော်မောင့်လက်ထဲ ကျပ်သုံးသောင်းခွဲံထည့်လိုက်သည်။ ညနေပိုင်းတွင် သမီးအငယ်ဆုံး ရုတ်တရက် နာမကျန်း၍ ဆေးရုံတင်ရသည်။ ကျွန်တော်ထောက်ပံ့လိုက်သောငွေကျပ် သုံးသောင်းခွဲကုန် သောအခါ သမီးဆေးရုံမှ ပြန်ဆင်းလာသည်။

သြော်-အရက်သေစာ သောက်စားမူးယစ်သူ၏ အကုသိုလ်သည်ကား မသေးလှကြောင်း အလွန်ထင်ရှားသော ပြယုဂ်ပေတည်း။ အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ သဲထဲရေသွန်သကဲ့သို့ပင် အလွန်သံဝေဂရစရာ ကောင်းသော အဖြစ်အပျက်ကလေးပင်။

ဖော်ပြပါ အကြောင်းအရာကဲ့သို့ပင် အကြောင်းအရာပေါင်း မြောက်မြားစွာဖြင့် ညီတော်မောင်မိသားစု နာလန်မထူ ကြ။ ကိုယ်က ကယ်မလိုက်၊ ထောက်ပံ့လိုက်၊ သူ့မှာတော့ ပိုမိုနစ်သလို ဖြစ်လိုက်ဖြင့် မထောက်ပံ့ရဲလောက်အောင်ပင် ခံစားရသည်။

ဤသို့ဖြင့် အချိန်တွေသာ ကုန်လွန်လာသည်။ ဒုက္ခပေါင်းစုံကို ခါးစည်းခံရင်းသာ နေလာသည်မှာ နှစ်အတန်ကြာ-

ထို့အတူ ကျွန်တော်လည်း ဘာသားနှင့်ထုထားသူမို့နည်း။ ကျွန်တော် နည်းနည်းသောက်တယ်ဆိုသော ဒဏ်ကို တော့ ကျွန်တော်ကိုယ်တိုင်လည်း ခံရသည်သာ။

နောက်ဆုံးတွင်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အရင်ပြုပြင်ရသည်။ နည်းနည်းသောက်သညဆိုသော အကြောင်းပြချက်ကိုပါစွန့်၊ အကုသိုလ်အလုပ်များနှင့်ဝေးရာ၊ ကုသိုလ်တရားတို့ ပွားများစေရာလမ်း မဟာသတိပဋ္ဌာန် တရားတော်ကို မှီခိုရင်းဖြင့် တရားတော်နှင့်အညီ နေထိုင်နိုင်ဖို့ ကြိုးစားအားထုတ်ရတော့သည်။

တရားတော်၏ကျေးဇူးများကို ကိုယ်တိုင်ခံစားလာရသောအခါတွင်တော့ စိတ်ဓာတ်ကလည်း ကြည်လင်ပြတ်သား လာသည်။ ကိုယ့်၏ ညီငယ်တစ်ယောက်ဟု တဏှာ၏မှားယွင်းရစ်နှောင်မှုကိုလည်း မြင်လာသည်။ တဏှာကြီးလေ အပူကြီးလေ ဆိုသည်ကိုလည်း သိလာသည်။ အထူးသဖြင့်တော့ ကျပ်တည်းလှသော ဘ၀ကြမ်းကြီးကို လျစ်လျူပြု၍ ထင်တိုင်းကြဲနေသည့် အရက်သေစာသောက်စားမှုကို ကျွန်တော် အလိုမလိုက်နိုင်တော့ပြီ။ ကျွန်တော် ပြတ်သားရတော့ မည်။

တစ်ရက်-

သူနှင့်အတူ သူ့ကို ထာဝစဉ် တွယ်ကပ်နေသော သောက၊ ဒုက္ခ၊ မောဟအစုအဝေးဖြင့် အိမ်သို့ရောက်လာသည်။

ကျွန်တော် စကားရှည်ကြီး ပြောရတော့သည်။

သူ အရက်သေစာသောက်စားနေသမျှ ကျွန်တော် နောင်တွင် မည်သည့်အကြောင်းနှင့်မျှ ကူညီတော့မည်မဟုတ် ကြောင်း၊ အကယ်၍ သူ့ကံအကျိုးပေးကြောင့် သိန်းရာချီ၍ ချမ်းသာလာလျှင်လည်း ကျွန်တော့်ကို ကျွေးမွေးစောင့်ရှောက် ကျေးဇူးဆပ်ရန် အကြောင်းပြ၍ပင် မဆက်ဆံတော့ရန် အကြောင်း၊ အရက်ဖြတ်၍ တရားအားထုတ်မည်၊ မိမိကိုယ်ကို ကောင်းအောင်ပြုပြင်တော့မည်ဆိုလျှင်တော့ ယခင်ကကဲ့သို့ပင် ကျွန်တော်နိုင်သမျှ ကူညီသွားမည့်အကြောင်း ပြော၍၊ အောက်ပါစာစုလေးကိုရေး၊ ကွန်ပြူတာစာစီ၊ ပလတ်စတစ်လောင်း၍ “ကဲ- ငါ့ညီ၊ မင်းအိမ်မှာ မင်းမြင်သာတဲ့နေရာမှာသာ ချိတ်ထားလိုက်တော့” ဟူ၍ မှာပြီး၊ ပြန်လွှတ်လိုက်ရသည်။

၎င်းစာစုလေးမှာ-

ငါ့ညီ –

တရားအလုပ် အားမထုတ်က

ငါ့ကို အစ်ကို မခေါ်လေနှင့်။

ငါ၏အကူ မယူလေနှင့်။

ငါ၏စကား မကြားလေနှင့်။

င့ါကိုပြုစု မယုလေနှင့် ။

ကောင်းဆိုးနှစ်တန် ဘ၀ဒဏ်ကို၊

မင်းကိုယ်ပိုင်စံ၊ ကိုယ်တိုင်ခံ၍၊

ဝေးရာမှာနေ စံပါလေ။

ကျွန်တော်မှာကြား၍ ပေးလိုက်သော ပလတ်စတစ်လောင်း “ကဗျာစကား” စာရွက်ကလေးကို ကိုင်၍၊ အိမ်မှ ထွက်သွားသော ညီတော်မောင်၏ ကျောပြင်လေးကိုကြည့်ပြီး၊ ကျွန်တော်စိတ်မကောင်း။ အို-တတ်နိုင်ပါဘူးလေ၊ ဒီလိုမှ မပြတ်သားရင် အသက်ငါးဆယ်နားကပ်လာသည့် ညီတော်မောင်နှင့် သူ့မိသားစဘ၀ ပစ္စုပ္ပန်၊ သံသရာ နှစ်ဖြာ အကျိုးယုတ်တော့မည် မဟုတ်လော။

X x x

ကျွန်တော့်စာလေးယူသွားပြီးနောက်၊ ပေါ်မလာတော့ပါ။ ငါမှားများသွားပြီလား။ ရက်စက်ရာ ကျနေပြီလား။ သြော်–ကိုယ်တောင် ကိုယ့်ကိုယ်ကို ကိုယ်မပိုင်၊ ဒီကြားထဲ ဒုက္ခဖြစ်ကြောင်း သမုဒယကိုပယ်၊ အမှန်မြင်စိတ်ကို ပွား၍နေရ သည်။ သူလည်း အမှန်မြင်ပါစေ၊ မြင်ပါစေ-ဟု အဝေးကသာ မေတ္တာပို့၍ နေရတော့သည်။

တစ်လခန့်ကြာသောအခါ ညီတော်မောင်တစ်ယောက် အိမ်ရှေ့သို့ ခြေချလာပြန်တော့သည်။

သတိကိုကပ်၍-

“ကဲ–ငါ့ညီ၊ တရားအကြောင်းလား၊ တခြားအကြောင်း ပြောမှာလား”

ညှိုးငယ်သောမျက်နှာထားဖြင့်- “ကျွန်တော် ဘုန်းကြီးဝတ်ရင် ကောင်းမလားလို့ အစ်ကို့ကို လာတိုင်ပင်တာပါ”

စိတ်ထဲမှာတော့ အတော်လေး ၀မ်းသာသွားသည်။ မျှော်လင့်သည့်အတိုင်းတော့ ဖြစ်လာပြီ။ သို့သော် မျက်နှာကို နည်းနည်းတည်ထားရင်း-

ကျွန်တော်စဉ်းစားသည်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အချို့ လွဲမှားသော အယူတစ်ခုရှိသည်ထင်သည်။

လူဆိုးကို ရဟန်းခံပေးလိုက်လျှင် လူကောင်းဖြစ်မယ်၊ အကုသိုလ်တွေပျောက်၊ ကုသိုလ်တွေရောက်မယ် ထင်ကြ သည်။ စီးပွားရေးတွေ ကောင်းလာမည် ထင်ကြသည်။ ကျွန်တော့်အဖို့တော့ အလွန်မှားယွင်းသော ခံယူချက်အဖြစ်သာ ယူဆမိသည်။

လူတွေ အဓိက ဒုက္ခရောက်ရခြင်း၏ အကြောင်းခံမှာ စိတ်ဓာတ်ကြောင့်သာ ဖြစ်သည်။ မှားယွင်းသော အယူ၊ အတ္တ၊ မာန၊ ဒိဋ္ဌိ၊ လောဘ၊ ဒေါသ၊ မောဟ တို့ကြောင့်သာ ဖြစ်သည်။ ငါ-ဟုထင်နေသော ရုပ်ကြီးကြောင့်မဟုတ်၊ ထို့ကြောင့် စိတ်ကိုပြင်ဖို့ထက် ရုပ်ကြီးကို သင်္ကန်းပြောင်းဝတ်ရုံခြင်းမျှနှင့်တော့ “မကောင်းမှုပျောက်၊ ကောင်းမှုရောက်” မဖြစ်နိုင်ဟု ကျွန်တော်ယုံကြည်သည်။ ထိုထက် ပိုဆိုးသည်ကား ဒုလ္လဘရဟန်းခံသော်လည်း ၀ိနည်းသိက္ခာနားမလည်၊ မနေတတ်၊ မထိုင်တတ်လျှင် ဆေးကြောင့်ပိုလေးနေဦးတော့မယ်၊ ထို့ကြောင့်-

“မင်း- အစ်ကို့စကားနားထောင်မလား”

“နားထောင်ပါ့မယ်”

“ဒီလိုဆိုရင် တရားအားထုတ်ကွာ၊ (၁၀)ရက်”

သူ့မျက်နှာတွင် ဝေေ၀၀ါးဝါး ဖြစ်သွားသည်။

“ကျွန်တော်မှ မလုပ်တတ်ပဲ……….”

“မင်း- အဲ့ဒီအတွက်တော့ ဘာမှမပူနဲ့၊ ဘယ်လိုနေရမယ်၊ ဘယ်လိုအားထုတ်ရမယ်ဆိုတာကို တရားပြဆရာ တွေက သေချာသင်ပေးလိမ့်မယ်။ မင်းကတော့ ခိုင်းတာတွေကို တစ်သဝေမတိမ်း လိုက်လုပ်ရုံပဲ၊ အစအဆုံး ငါစီစဉ်ပေး မယ်၊ ဘယ်လိုလဲ”

“အစ်ကို့သဘောပါပဲ”

ဤသို့ဖြင့် ညီတော်မောင်ကို ဂုရုကြီးဦးဂိုအင်ကာ၏ တရားစခန်းသို့ ပို့ပေးခဲ့သည်။

(၁၀)ရက်ပြည့်သောအခါ သွားကြို၍ အိမ်ကို ပို့ပေးလိုက်သည်။

ကျွန်တော့်စိတ်ထဲမှာတော့ အတော်ကျေနပ်ဝမ်းသာနေမိသည်။ ညီတော်မောင့်မျက်နှာကလည်း အရင်ထက် ကြည်လာသည်၊ ငြိမ်လည်း အတော်လေးငြိမ်လာသည်။

“အိမ်ရောက်ရင်လည်း တစ်နေ့နှစ်ကြိမ်လောက်တော့ ဆရာမှာတဲ့အတိုင်း တရားထိုင်ကွာ” ဟု မှာထားရင်း ကျွန်တော်ပြန်ခဲ့သည်။

နောက် ၁၅-ရက်၊ ရက်-၂၀ခန့် ကြာသောအခါ တစ်ခေါက်ရောက်လာပြန်သည်။

တရား နောက်တစ်ပတ်ဝင်ချင်သေးသည် ဟူသတည်း။

X x x

ထိုအခေါက်တွင်လည်း အစစအရာရာ တာဝန်ယူ၍ ကျွန်တော်ပို့ပေးရပြန်သည်။

ကျွန်တော့်မိသားစုမှာလည်း ကြိတ်၍ ၀မ်းသနေကြသည်။

ဒုတိယတစ်ခေါက်ကိုလည်း အောင်မြင်စွာပင် ပြန်ထွက်လာ၍ ကြည်လင်သောမျက်နှာထားဖြင့် အိမ်သို့ ပြန်သွားတော့သည်။

X x x

လက်တွင် ဆွဲလာသော ကျွတ်ကျွတ်အိတ်ကလေးအတွင်း၌ လိမ္မော်သီး(၃)လုံး တွေ့ရသည်။

အိမ်ထဲဝင်၊ပန်းကန်ထဲတွင်လိမ္မော်သီး(၃)လုံးထည့်၍ ကျွန်တော့်ရှေ့မှောက်သို့ ညီတော်မောင် ရောက်လာသည်။

“အစ်ကို့ကို ကျွန်တော် ကန်တော့ချင်လို့ပါ”

ကျွန်တော် တော်တော်လေး အံ့သြသွားသည်။

သို့သော်-

“မလိုဘူးထင်ပါတယ်ကွာ”

“လိုပါတယ်အစ်ကိုရာ၊ အစ်ကိုက ကျေးဇူးရှင်ပါ”

အထက်အောက် ညီအစ်ကိုဆိုတာ တစ်ခုတ်တစ်ရတော့ ရိုသေကန်တော့တယ်ဆိုတာ မရှိကြလှပါ၊ ကျွန်တော့် အတွက်လည်း မလိုအပ်လှပါ။ သို့သော် ကန်တော့်သူမှာ ရသောကုသိုလ်ကိုတော့ ဖြစ်စေချင်၍-

“အေးလေ ကန်တော့ချင်လည်း ကန်တော့ပေါ့ကွာ”

လိမ္မော်သီးပန်းကန်လေးကို ရှေ့ချ၍ ကျွန်တော့်ကို ရိုသေစွာကန်တော့နေသော ညီငယ်ကိုကြည့်၍ စိတ်ထဲမှာ ၀မ်းသာဝမ်းနည်းကြီးဖြစ်ရသည်။

အသက်ရှည်၊ အဆင်းလှ၊ ဉာဏ်ပညာကြီး၊ ဘုန်းတန်ခိုးအာနုဘော် ကြီးစေခြင်း ဆိုတာတွေသာမက “၀ိပဿနာ တရားတော်ကို သေဆုံးခြင်းကာလ မျက်မှောက်ပြုသည့်တိုင် မမေ့မလျော့ အားထုတ်နိုင်ပါစေ” ဟု ဆုချွေရသည်။

စိတ်အကဲလေးလည်း စမ်းလိုသေးသဖြင့်-

“မင်း အရက်ကိုတော့ ဒီလို တုံးတိကြီးဖြတ်လို့ ဖြစ်ရဲ့လား၊ နည်းနည်းမျှဉ်းဖြတ်”

“မနောက်ပါနဲ့ အစ်ကိုရာ၊ ကျွန်တော်ဖြတ်တာ မဟုတ်ပါဘူး၊ သူ့အလိုလိုကို မသောက်ချင်တော့တာပါ၊ နောက်တစ်ခုကတော့ အရင်က အစ်ကို ပြောဆိုဆုံးမခဲ့သမျှတွေဟာ ကျွန်တော်ကောင်းဖို့ အမှန်တွေချည်းပါပဲ။ ကျွန်တော် ကိုယ်တိုင်က တစ်ခုမျှ အကောင်းမထင်ခဲ့တာပါ၊ အခုတော့ ကျွန်တော်သိသွားပါပြီ”

တရားတော်၏ကျေးဇူးကား ကြီးမားလေစွ။

တရားစောင့်သူကို တရားတော်က စောင့်ရှောက်ပေးတတ်သော အကာလိကော တရားတော် မဟုတ်ပါလော။

X x x

ယခုစာရေးချိန်အထိ ညီတော်မောင်ရော မိသားစုပါ ပျော်ရွှင်နေကြလေပြီ။

ယခင် မယုံကြည်သူတွေက ယုံကြည်လာ၍ အလုပ်တွေလည်း ရလာသည်။

သူနှင့်ခရီးသွားလျှင် သတိထားမိတာ တစ်ခုကတော့ သက်ကြီးရွယ်အို အားငယ်သူများကို ကားပေါ်တွင် နေရာ ဖယ်ပေးခြင်း၊စောင့်ရှောက်ခြင်းတွေ ပြုလာတတ်ခြင်းဖြစ်သည်။

ယခင်ကကဲ့သို့ပင် သူ့အပေါ်၌ ငွေကြေးဥစ္စာစောင့်ရှောက်သည်ကိုပင် သင့်တင့်စွာသာ လက်ခံတော့သည်။ တခါတရံများ “ရတယ်အစ်ကို၊ မလိုသေးပါဘူး” ဟု ငြင်းပယ်သွားသေးသည်။

ညီတော်မောင်ကား အတော်ပင် ပြောင်းလဲခဲ့ပေပြီ။

အခွင့်သာသည်နှင့် ဂုရုကြီးရိပ်သာတွင် သွား၍ ဓမ္မလုပ်သားအနေဖြင့် လုပ်အားပေးလိုက်သေးသည်။

နေ့စဉ်လည်း ပုံမှန်တရားထိုင်ဖြစ်အောင် ကြိုးစားသည်။

သူ့လို တရားထိုင်ချင်သူတွေကို လိုက်ပို့သည်။

(၁၀)ရက် တရားစခန်း ငါးကြိမ်ဝင်ပြီးဖြစ်၍ သတိပဋ္ဌာန်တရားတော် (၁၀)ရက်စခန်းလည်း တစ်ကြိမ်ဝင်ပြီးချေပြီ။

အရက်ဆိုသည်မှာကတော့ (၁၀)ရက်စခန်း စ၀င်ပြီးသည်မှ ယနေ့ထိ တစ်နှစ်နှင့်လေးလတိုင်ခဲ့ပြီ၊ လုံးဝ စိတ်မကူးတော့။ အလိုလိုပင် ပြတ်၍နေသည်။

တရားဖော်ဖြစ်လာသော ညီငယ်ကိုတော့ သတိပေးရသည်။

“ငါ့ညီရေ၊ တဏှာကောက်ကျစ်ပုံကိုတော့ သတိမလွတ်စေနဲ့နော်၊ စိတ်ကို အမြဲစောင့်ရှောက်ကွာ၊ မခိုင်ရင်တော့ ယိုင်အောင် တွန်းဖို့ စောင့်နေတာတော့ အသေအချာပါပဲကွာ”

X x x

ကျွန်တော့်အား မေးလေ့ရှိသော တရားအားထုတ်တာ ဘာအကျိုးရှိလို့လဲ ဆိုသည့် သူငယ်ချင်း မိတ်ဆွေများ အတွက် အထက်ဖော်ပြပါ ဖြစ်ရပ်မှန်လေး တင်ပြပြီးပါပြီ။ ကျေနပ်ကြလိမ့်မည်ဟု ထင်ပါသည်။ တရားဆိုသောကြောင့် မတရား မဟုတ်ခြင်းကပင် လောကပါလတရားတစ်ခု မဟုတ်ပါလော……။

၂၀၀၆ ခုနစ် မေလ အတွဲ(၇)၊ အမှတ်(၅)အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း။

6 Comments

  1. ye aung naing said,

    September 19, 2013 at 2:21 pm

    မခိုင်မြဲနိုင်တာကတော့.. အခြေကျကျ အသိမျိုးမပိုင်လို့ ထင်ပါရဲ့ဗျာ.. ။

    • Anonymous said,

      September 20, 2013 at 7:22 am

      အမှန်ပါပဲ။ ဒါကြောင့်ဝိပဿနာမဂ်ဥာဏ်မှာ။ သောတာပတ္တိမဂ်ဥာဏ်မှသာမယိုင်မလဲခိုင်မြဲတော့တာပါ။ဒီဥာဏ်မရမခြင်းတော့ သတိ ကတုတ်ကိုခိုင်သထက်ခိုင်အောင်တည်ဆောက်ကြရမှာပါ။

  2. thinzar said,

    August 31, 2013 at 10:55 am

    ကောင်းလိုက်တာနော်……အမှားကို အမှန် ပြင်ပြီး ဆုံးမတာကို လက်ခံနိုင်တဲ့သူပဲ…

    • Anonymous said,

      September 1, 2013 at 6:36 am

      “ငါ့ညီရေ၊ တဏှာကောက်ကျစ်ပုံကိုတော့ သတိမလွတ်စေနဲ့နော်၊ စိတ်ကို အမြဲစောင့်ရှောက်ကွာ၊ မခိုင်ရင်တော့ ယိုင်အောင် တွန်းဖို့ စောင့်နေတာတော့ အသေအချာပါပဲကွာ”
      ဒီမှတ် ချက်လေးနဲ့ကျနော်ရဲ့ဆောင်းပါးကိုအဆုံးသတ်ခဲ့တာသတိထားမိလိမ့်မယ် ထင်ပါတယ်။
      လက်ရှိအခြေအနေမှာတော့ညီတော်မောင်ဟာသိပ်အားရစရာအနေအထား
      ကိုလက်လွတ်သွားပါတယ်။
      ဘာပဲဖြစ်ဖြစ်ဖတ်ရှုပြီးတခုတ်တရမှတ်ချက်ရေးတာကိုတော့ကျေးဇူးပါ။

    • U Khin Maw said,

      September 1, 2013 at 6:40 am

      “ငါ့ညီရေ၊ တဏှာကောက်ကျစ်ပုံကိုတော့ သတိမလွတ်စေနဲ့နော်၊ စိတ်ကို
      အမြဲစောင့်ရှောက်ကွာ၊ မခိုင်ရင်တော့ ယိုင်အောင် တွန်းဖို့ စောင့်နေတာတော့
      အသေအချာပါပဲကွာ”
      ဒီမှတ် ချက်လေးနဲ့ကျနော်ရဲ့ဆောင်းပါးကိုအဆုံးသတ်ခဲ့တာသတိထားမိလိမ့်မယ် ထင်ပါတယ်။
      လက်ရှိအခြေအနေမှာတော့ညီတော်မောင်ဟာသိပ်အားရစရာအနေအထား
      ကိုလက်လွတ်သွားပါတယ်။
      ဘာပဲဖြစ်ဖြစ်ဖတ်ရှုပြီးတခုတ်တရမှတ်ချက်ရေးတာကိုတော့ကျေးဇူးပါ။

  3. Myo Min Kyaw said,

    May 3, 2010 at 5:37 am

    Very Good!
    Everybody should read.


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: