အရေးကြုံသက်လုံမကောင်းခဲ့သောဆရာကြီးဖာဂူဆန်

ဥရောပတိုက်၏ အမြင့်တကာ့အမြင့်ဆုံး ဘောလုံးချန်ပီယံ ဗိုလ်လုပွဲကြီးဖြစ်သည့် ချန်ပီယံလိဂ်ပွဲကြီးကား ၂၈ ရက် မေလ အင်္ဂလန်စံတော်ချိန် ၁၉၄၅ နာရီ မြန်မာစံတော်ချိန် ၂၉ ရက် နံနက် ၀၁၁၅ နာရီတွင် အင်္ဂလန်နိုင်ငံ ၀င်ဘာလေကွင်းကြီးတွင် စတင် ကစားခဲ့ပြီး၊ ဘောလုံးကစားချိန် မိနစ် ၉၀ အတွင်း၌ပင် အဖြေပေါ်ခဲ့ပြီဖြစ်သည်။

ဥရောပ၏အမြင့်ဆုံး ချန်ပီယံဘွဲ့ကို ဘာစီလိုနာအသင်းက သိမ်းပိုက်သွားခဲ့သည်။

ထိုပြိုင် မစတင်မီကပင် ဗိုလ်စွဲမည့်အသင်းကို ခန့်မှန်းကြရာတွင် ဘာစီလိုနာအသင်းက အသာစီးရခဲ့သည်။ မန်ယူပရိသတ် များနှင့် မန်ယူ၏ဇွဲနှင့် လျင်မြန်ဖြတ်လတ်မှုကို သိထားကြသောသူများက မန်ယူကို တစ်ပေးကြသည်။ ၀င်ဘာလေကွင်းသည် မန်ယူ၏အိမ်ကွင်းမဟုတ်ပါလော။

မန်ယူအနိုင်ရနိုင်သည်ဆိုသည့် သူများတွင် ကျွန်တော်လည်းတစ်ယောက် အပါအဝင်ဖြစ်သည်။ မန်ယူ၏သွေးကို ကျွန်တော် သိသည်ပဲလေ။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင်လည်း မန်ယူ၏ဂုရုကြီး ဖာဂူဆန်က ဘာစီလိုနာအသင်းသည် အကောင်းဆုံးဖြစ်ကြောင်း အ့ံဖွယ်အသင်းဖြစ်ကြောင်း၊ မက်ဆီကိုလည်းထိန်းချုပ်၍မရကြောင်း၊ ပွဲအပြီးတွင် ပိုကောင်းသည့်အသင်းက အနိုင်ရသွားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုပွဲနှင့်ပတ်သက်၍ အားကစားကျွမ်းကျင်သူ ကလောင်ရှင်များက မိမိတို့၏အမြင်များကို တင်ပြသုံးသပ်သော ဆောင်းပါး ပေါင်းများစွာ ပေါ်လာလိမ့်မည်ဟု ထင်ပါသည်။

သမိုင်းတစ်ခုကို ပြန်လည်တူးဆွခြင်းသည် အလွန်တရာလိုအပ်သောအချက်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော်တို့ လူသားတိုင်း အမှားမကင်းကြပါ။ တခါမှားပြီးသော်လည်း ထိုအမှားမျိုးကိုပင် နောက်တကြိမ်၌လည်း ထပ်ပြန်တလဲလဲ ပြုလုပ် တတ်ခြင်းသည်ပင် ယနေ့လူသားတို့၏ ပကတိအနေအထားဟု ကျွန်တော်မြင်သည်။

ထို့ကြောင့် သမိုင်းကို မကြာခန တူးဆွပေးရသည်။ သို့မှသာလျှင် မေ့ပျောက်ပစ်ခါနီးအမှားကို အသစ်တဖန် ပြန်လှန်သတိရ ပြီး၊ အမှားနည်းသွားနိုင်သည်။ တချို့သောသူများကတော့ သမိုင်းကိုပြန်လည်တူးဆွခြင်းကို ငယ်ကျိုးငယ်နာဖော်ခြင်းဟု ယူဆ၍ မနှစ်သက်တတ်ကြသည်လည်းရှိသည်။ အမြင်မကျယ်ခြင်းမျှသာဟု ကျွန်တော်ကတော့ ယူဆသည်။

+                                  +                                  +

 

ဘာစီလိုနာနှင့်မန်ယူတို့ပွဲအပြီးတွင် ဆရာကြီးဖာဂူဆန်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော စကားများတွင် မန်ယူရှုံးနိမ့်ရခြင်း၏ အခြေခံအကြောင်းရင်းကို ဖျောက်ထားသည်ဟု ကျွန်တော်မြင်မိသည်။ တဖက်အသင်း ဘာစီလိုနာ၏ ဂုဏ်ပုဒ် များကို အထူးအလေးပေးသွားသည်ကို တွေ့ရသည်။

ထိုစကား၏လမ်းကြောင်းသည် မည်သည့်အရပ်သို့ ဦးတည်နေပါသနည်း။ ဘာစီလိုနာကောင်းလွန်းသောကြောင့် မန်ယူရှုံးရ သည်၊ မန်ယူ၏အားနည်းချက်မဟုတ်ပါဟု ကာပြော ပြောခြင်းမျှသာဖြစ်သည်။

ထိုစကားသည် ဆရာကြီးဖာဂူဆန်၏ မိမိကစားခဲ့သော ပွဲအပေါ်သုံးသပ်ချက် အစစ်အမှန်ဖြစ်ခဲ့သော် နောက်တကြိမ် ဘာစီလိုနာနှင့်မန်ယူဆုံခဲ့လျှင်လည်း မန်ယူရှုံးလိမ့်ဦးမည်ဟု ကျွန်တော် ထင်သည်။

ဆရာကြီးဖာဂူဆန်အနေဖြင့် လူကြီးရှက်တော့ရယ်ဆိုသလို စကားလှအောင်ပြောခြင်းဖြစ်၍ မန်ယူ၏အားနည်းချက်ကို သိသော်လည်း ထုတ်မပြောခဲ့လျှင်ဖြင့် နောင်တကြိမ်တွင် ဘာစီလိုနာနှင့်တွေ့လျှင် မန်ယူအနိုင်ရကောင်းရနိုင်ပါသည်။

ဘာစီလိုနာနှင့်မန်ယူတို့ပွဲကို ကြည့်ပြီးနောက် မန်ယူအရှုံးပေးခဲ့ရခြင်းမှာ ဘာစီလိုနာကောင်းလွန်းသောကြောင့် မဟုတ်ပဲ၊ မန်ယူညံ့လွန်းသောကြောင့်သာ ရှုံးရခြင်း၊ တနည်းအားဖြင့် နည်းပြဆရာကြီးဖာဂူဆန် ည့ံသောကြောင့်သာ အရှုံးပေးခဲ့ရခြင်းဟု ကျွန်တော် ကောက်ချက်ချလိုသည်။

ဆရာကြီးဖာဂူဆန်သည် ကမ္ဘာ့ဘောလုံးလောက၏ နည်းပြများတွင် ဂုရုကြီးတစ်ယောက်ဖြစ်ပါသည်။

သို့သော် ယခု ဘာစီလိုနာ – မန်ယူပွဲတွင်တော့ ပုထုဇဉ်လူသားဖြစ်သည့် ဂုရုကြီးဖာဂူဆန်လည်း တခါတရံတော့ ည့ံတတ်ပါ တယ်ဟု သက်သေပြသွားခြင်းဟု ကျွန်တော်မြင်သည်။

ဆရာကြီးဖာဂူဆန်၏ ဤတကြိမ်ည့ံဖျင်းမှုမှာ ရိုးရိုးည့ံဖျင်းမှုသာမက သွေးကြောင်သောည့ံဖျင်းမှုဟုပင် ကျွန်တော် အားမနာ တမ်းဆိုလိုက်ချင်ပါသည်။

ကျွန်တော့်အမြင်အရပြောရလျှင် ဆရာကြီးဖာဂူဆန်ကိုယ်တိုင် သွေးကြောင်သွားပြီး၊ သူ့အသင်း၏စွမ်းအားဟူသမျှကို သူကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ခြင်းသာဖြစ်ပါသည်။

ဘာစီလိုနာနှင့်မန်ယူတို့၏ပွဲသည် ဘောလုံးသမိုင်းမှတ်တိုင်တခုဖြစ်သည်။ သမိုင်းတွင် သင်္ခန်းစာတစ်ခု ရှိကိုရှိတတ်သည်။ ထိုသင်ခန်းစာကို ကျွန်တော်တို့တူးဆွ၍ ပကတိအမြင်ဖြင့် အမှားကိုရှာဖွေနိုင်ရမည်။ သို့မှသာ နောက်တကြိမ်တွင် အောင်မြင်မှုရနိုင် သည်။ သမိုင်းကို တူးဆွပြီးသော်လည်း ပကတိအမြင်ဖြင့် မသုံးသပ်ပဲ အတ္တနောမတိဖြင့် မိမိလိုရာဆွဲ၍ သုံးသပ်ခဲ့လျှင် နောင်တကြိမ်တွင်လည်း အရှုံးနှင့်ပင် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

+                                  +                                  +

 

ချန်ပီယံလိဂ်ဗိုလ်လုပွဲ၏ အနေအထားအမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဘောလုံးပွဲစပြီးနောက် ၁၀မိနစ်ခန့်အထိတော့ မန်ယူ၏ခြေအစစ်အမှန်ကို ကျွန်တော်တို့ကြည့်ခွင့်ရခဲ့သည်ဟု ဆိုချင်ပါသည်။ ဘောလုံးချစ်ပရိသတ်အနေဖြင့် ထိုပွဲကိုပြန်မြင်ယောင်ကြည့်ပြီး ကျွန်တော့်ဆိုစကားဟုတ်-မဟုတ် တွေးကြည့်စေလိုပါသည်။

နောက် တဖြည်းဖြည်း ဘာစီလိုနာကစားကွက်တွင် မန်ယူပြန်၍ မျောပါသွားသည်။ နောက်တော့ မန်ယူအရှုံးပေးလိုက်ရ သည်။

အကြောင်းရင်းကား မည်သို့နည်း။

ဆရာကြီးဖာဂူဆန်၏နည်းစံနစ်အမှားမှလွဲ၍ တခြားမရှိပါ။

သူ၏ဗျူဟာအမှားအယွင်းမှလွဲ၍ တခြားမရှိပါ။

သွေးရဲသောသူရဲနီတို့သည် တဖက်ရန်သူ၏တိုက်ကွက်ကို ခုခံရင်းသာ ကျဆုံးသွားခဲ့ရသည်။

ကွင်းဘေးမှအော်ဟစ်၍ ညွှန်ကြားသော ဆရာကြီးဖာဂူဆန်သည် သူရဲနီများကို ခံစစ်ဗျူဟာ ထိန်းချုပ်ဗျူဟာ ဟူသော သူရဲနီများနှင့် လားလားမျှ မစပ်သည့် ဗျူဟာများကို ဖိအားပေးခိုင်းစေရင်း သူရဲနီတို့ တဘက်တိုက်စစ်အောက်တွင် လည်စဉ်းခံခဲ့ရခြင်း ဖြစ်သည် ဟု ကျွန်တော်ထင်သည်။

ဘောလုံးပွဲတစ်ခု၏ အနိုင်အရှုံးတွင် ဂိုးသွင်းယူနိုင်ခြင်းကလည်း အကြောင်းတစ်ချက်ဟု ဆရာကြီးဖာဂူဆန် အဘယ်ကြောင့် လစ်လျူ ပြုခဲ့ပါသနည်း။

တဖက်တိုက်စစ်ကို အထင်ကြီးကြောက်ရွံ့ခြင်းနှင့် ဂိုးသွင်းဖို့ထက် ကလေးထိန်းခြင်းကို ဦးစားပေးလိုက်ခြင်းသည် ဆရာကြီး ဖာဂူဆန်၏အကြီးမားဆုံး အမှားဖြစ်သည်။

သူရဲနီတို့ မည်သည့်အသင်းကိုမဆို မွှေနှောက်ထိုးဖောက်၍ တဖက်အသင်း၏ဂိုးပေါက်ကို ခြိမ်းခြောက်၍ တုန်လှုပ် ခြောက်ခြား စေခဲ့သောကစားကွက်များကို သူ၏သွေးကြောင်မှုက ခွင့်မပြုခဲ့ချေ။

ဘောလုံးပွဲကြည့်ပရိသတ်များ သတိထားမိကြလိမ့်မည်ထင်ပါသည်။ သူရဲနီတို့ တိုက်စစ်ဆင် ကစားသောအခါ ချေပဂိုးကို      မိနစ် အတွင်း ရခဲ့သည်မဟုတ်ပါလော။ ထိုသည်ပင် သူရဲနီတို့၏သွေးဖြစ်သည်မဟုတ်ပါလား။

စိတ်ဓာတ်ရေးရာအရ ထိခိုက်နေသော ဂစ်ကိုထည့်သွင်းကစားခြင်းသည်လည်း ဆရာကြီးဖာဂူဆန်၏ ကြီးမားသော အမှား အယွင်းတစ်ချက်ဖြစ်သည်။ ဘာစီလိုနာ ပရိတ်သတ်များက ဂစ်၏အမည်မဖော်လိုသော အမျိုးသမီးနာမည်ကို ကွင်းဘေးမှပဲ့တင်ထပ် အော်ရုံဖြင့် ဂစ်သွေးလေခြောက်ခြားနိုင်သည်ကို ထည့်မတွက်ခဲ့ခြင်းကလည်း ဆရာကြီးဖာဂူဆန်၏အမှား ဖြစ်သည်။

ကွင်းဘေးမှနေ၍ သူ့ဗျူဟာကို ဆီမန်းမန်းသည်၊ ရွန်နီကို ညွှန်ကြားချက်များပေးသည်။

ဒုတိယပိုင်းပြန်အစတွင် သူရဲနီတို့ ဘောလုံးကန်ခွင့်မရတော့ပဲ ဘောလုံးဖျက်ခြင်းအလုပ်ကိုသာ လုပ်ရတော့သည်။

ဘယ် အလယ် နောက် အစွန်လူဖြစ်သော အီဗရာ၏ ဘယ်တောင်ပံမှ တင်ပို့မှုများမရှိ၊ မက်ဆီကိုသာ အသေကပ်နေရသည်။ ဘယ်ဝင်းမှ မွှေနှောက်ပေးမည့် နာနီကို မထည့်၊ ကုန်ကုန်ပြောရလျှင် ညာတောင်ပံမှ ထိုးဖောက်ဝင်ရောက်၍ ဂိုးရအောင် ဖန်တီးပေးတတ်သော ဗလင်စီယာလေး၏ ကစားကွက်ကို ကျွန်တော်အမှတ်မမှားခဲ့လျှင် တစ်ကြိမ်သာ တွေ့လိုက်ရသည်။

ကိုယ့်အသင်းသားများ၏ သူရဲနီတို့သွေးကို အထင်သေးပြီး၊ တဖက်အသင်းရှေ့တန်းကို အထင်ကြီးလွန်းခြင်းသည် ဒီတခါ တော့ဖြင့် ဆရာကြီးဖာဂူဆန်ကို အရှုံးကို ရင်ဝယ်ပိုက်စေခဲ့ပြီ ထင်သည်။

ဘောလုံးသည် ကန်ရန်ဖြစ်သည်၊ မိမိခြေထောက်နှင့်မိမိကန်ရန်ဖြစ်သည်၊ သူတပါး၏ခြေထောက်တွင် ရှိသောဘောလုံးကို ဖျက်ရုံမျှနှင့် ကျေနပ်ထိုက်သော ကစားနည်းမျိုးမဟုတ်ပါ။

အနိုင်အရှုံးဟူသည် ဘောလုံးပွဲတိုင်းတွင် တွေ့ရစမြဲဖြစ်သည်။ မည်သို့မျှ ထူးဆန်းသောကိစ္စမဟုတ်။ ရဲရဲရင့်ရင့် သူတင် ကိုယ်တင် ယှဉ်ပြိုင်ပြီး၊ ရှုံးရသော် ရှုံးသော်မှ ရှုံးရကျိုးနပ်သည်။ ယခုပွဲသည် ပိတ်ဆို့ကစား၍ သရေရလာဒ်ကိုဆုပ်ကိုင်၍ အမှတ်ခွဲေ၀ ယူရမည့်ပွဲမဟုတ်ပါ၊ အနိုင်အရှုံး ဆုံးဖြတ်ရသည့်ပွဲဖြစ်ကြောင်း ဆရာကြီးဖာဂူဆန် မေ့လျော့သွားသည်လား။

ကိုယ့်အသင်းသားတွေကို ကိုယ်မယုံလျှင် မည်သူယုံကြည်မည်နည်း၊ သူရဲနီတို့၏သွေး အေးသည်မဟုတ်၊ ရာဇဝင်နှင့် လာခဲ့သည်။ နောက်ဆုံးမိနစ်များတိုင် အဓိပ္ပါယ်ရှိခဲ့သော သူရဲနီတို့ ဒီတစ်ကြိမ်တွင်တော့ ဗျူဟာအမှား၏အောက်တွင် လည်စင်းခံခဲ့ ကြရသည်။

အရည်အချင်းရှိပါလျက် သွေးကြောင်ခြင်း၊ တနည်းအားဖြင့် ကြောက်ခြင်းသည် တရားကိုယ်ကောက်လျှင် ဒေါသတမျိုးသာ ဖြစ်သည်။ ဒေါသ၏နောက်တွင် မလွဲမသွေပါလာသည်ကား မောဟဖြစ်သည်။

ထိုမောဟ၏ဆိုးကျိုးကား အစားထိုး၍ မရတတ်ပါ။

ဘောလုံးကစားခြင်း နည်းစနစ်၏အောင်ပွဲအခြေခံအဖြစ် ယူဆထားကြသော “အကောင်းဆုံးခံစစ်မှာ တိုက်စစ်ဖြစ်သည်” ဟူသော ခိုင်မာသည့် အယူအဆတစ်ရပ်ကိုပင် ဆရာကြီးဖာဂူဆန်ကို မေ့လျော့သွားစေခဲ့သည်။

ဆရာကြီးဖာဂူဆန်၏အတွေ့အကြုံနှင့် ပညာများကို စာရေးသူကျွန်တော့်အနေဖြင့် လွန်စွာလေးစားပါသည်။

ဘောလုံးပညာနှင့်ပတ်သက်၍ သူအရည်အချင်းမှာ မြင့်မိုရ်တောင်ဆိုလျှင် ကျွန်တော်နားလည်ထားသည်မှာ ဇီးစေ့ခန့်မျှ ဖြစ်ပါလိမ့်မည်။

ယခု ကျွန်တော်၏သုံးသပ်ချက်သည် ဘောလုံးကစားခြင်းတခုတည်းကိုသာ ညွှန်းဆိုနေသည်မဟုတ်ခြင်းကို စာရှုသူများ သတိထားမိကြလိမ့်မည်ဟု ယူဆပါသည်။ အောင်မြင်မှုကို ဆာလောင်မွတ်သိပ်နေကြသော ကျွန်တော်တို့ကို ဆရာကြီးဖာဂူဆန်၏ ဆုံးဖြတ်ချက်က သင်္ခန်းစာတစ်ခု ပေးသွားသည်ကို မျှဝေခြင်းလည်းဖြစ်ပါသည်။

ထို့ထက်ပို၍

အရေးကြုံသက်လုံကောင်းရမည်ဆိုသော စကားပုံသည်လည်းကောင်း ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ဟူသော စကားပုံ သည်လည်းကောင်း၊ လှေခွက်ချည်းကျန် အလံမလှဲဟူသော စကားပုံများသည် အောင်ပွဲခံနိုင်လောက်သည့် အရည်အချင်းရှိသူများ သွေးမနည်းဖို့ ရေးဖွဲ့ခဲ့ဟန်ရှိပါသည်။

ကျွန်တော်ကံမကောင်းဘူးတဲ့လား

သူနှင့်ကျွန်တော်ကအလွန်ရင်းနှီးသည်။

သူ့အကြောင်းကိုလည်း ကျွန်တော်ကောင်းကောင်းကြီးသိပါသည်။

ယခု ဝေးရပ်မြေတနေရာမှနေ၍ သူဆက်သွယ်လာကာ ကျွန်တော်တို့စကားပြောနေကြသည်။

သူ နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေသည်မှာလည်း (၃)နှစ်ပင်ပြည့်တော့မည်၊ သို့သော် သူ ငွေကြေးရယ်လို့ စုမိဆောင်းမိ ဘယ်အခါမှ မရှိ။

ဝေးရပ်မှအသံတခုကို လျှပ်စစ်ဓာတ်အဖြစ်ပြောင်းလဲ၍ ခရီးလမ်းဆုံးနားထောင်ခွက်တွင် လေထုကို တုန်ခါစေ သောအခါ အသံအဖြစ် ပြန်လည်ထွက်ပေါ်လာစေခြင်းကိုပင် တယ်လီဖုန်းဆက်သွယ်ရေးဟု ကျွန်တော်တို့နားလည်ကြ သည်၊ တဖက်မှ “ပြောစကား” နှင့် တဖက်မှ “နားအကြား” ကွဲလွဲစရာမရှိဟု ထင်ပါသည်။

ကျွန်တော်၏နားထောင်ခွက်တွင် ကျွန်တော်ဘယ်လိုမှ မမျှော်လင့်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အောင်က ကံမကောင်းဘူး ”

ထိုစကားသံသည် ကျွန်တော်၏ရင်ကို ဆွဲခါရမ်းလိုက်သကဲ့သို့ရှိသည်။

တဖက်ကကစကားပြောနေသူသည် ကျွန်တော်၏သားဖြစ်ပါသည်။

x                  x                 x

ဓမ္မပဒ ယမကဝဂ်တွင် ပါဠိတော်တပုဒ်ဖြင့် ကျွန်တော်တို့၏မြတ်ဗုဒ္ဓသည် စိတ်၏အကြောင်းကို ကျွန်တော်တို့အား သိစေလို၍ ဟောကြားခဲ့ဖူးပါသည်။

မနော ပုဗ္ဗင်္ဂမာ ဓမ္မာ ၊ မနောသေဋ္ဌာ၊ မနေမယာ

အင်္ဂလိပ်ဘာသာဖြင့်

All mental phenomena have mind as their forerunner; they have mind as their chief, they are mind made.

မြန်မာဘာသာပြန်ဆိုလျှင်

သဘာဝဓမ္မအားဖြင့် စိတ်သာလျှင် ရှေ့ဆောင်ဦးရွက်ပြု၏၊ စိတ်သာလျှင် အကြီးအမှူး(အချုပ်)ဖြစ်၏။

ဟု ဆိုထားပါသည်။

မှန်ပါသည်။

စိတ်သာလျှင် ဘဝ၏အရှင်သခင်ဖြစ်ပါသည်။

စိတ်ဖြင့် မရေမတွက်နိုင် မဆုံးနိုင်သော သံသရာဝဋ်ဒုက္ခတွင်း သက်ဆင်းနိုင်သလို

စိတ်ဖြင့်ပင် ထိုသံသရာဝဋ်ဒုက္ခအပေါင်းမှလည်း လွတ်မြောက်စေနိုင်ပါသည်။

အထက်တွင် ကျွန်တော်ဆိုခဲ့သော အကြောင်းနှစ်ချက်မှာ လူငယ်လူလတ်များအတွက်ဆိုလျှင် အတော် အလှမ်းကွာကောင်း ကွာနေနိုင်သည်၊ လောကုတ္တရာ (လောကီကိုလွန်၍)နှင့် ပိုပတ်သက်သောကြောင့်ဖြစ်သည်။

ယနေ့ခေတ်ကာလ လူငယ်လူလတ်များအတွက်ဆိုလျှင် လောကီအောင်မြင်ရေးဟုဆိုအပ်သော ပညာရေး၊ အလုပ်အကိုင်၊ ငွေကြေးဥစ္စာ၊ အစစအရာရာတွင်လည်း စိတ်သာလျှင် အရှင်သခင်ဟုပြောနိုင်ပါသည်၊ (ချွတ်ယွင်းသော ခန္ဓာဖြစ်ခဲ့သော် ချွင်းချက်ဖြစ်ပေလိမ့်မည်)

သို့ဖြစ်သောကြောင့် စိတ်၏အလုပ်ဖြစ်သော

အယူအဆမှားလျှင်

အတွေးအခေါ်ပါ မှားယွင်းလာ၍

အလုပ်အကိုင်လည်း မှားယွင်းလာကာ

ရသင့်ရထိုက်သော အောင်မြင်မှုမှန်သမျှကို လက်လွတ်ဆုံးရှုံးကြရတတ်ပါသည်။

“အောင်ကံမကောင်းဘူး” ဟူသော ဦးဆောင်ဦးရွက်ပြုနေသောစိတ်သည် သူ့ကိုအောင်မြင်မှုနှင့် အလှမ်း ဝေးစေ နိုင်သည်။

တကယ်တော့ ထို “အောင်” ဆိုသော ကျွန်တော်၏သားသည် ကံကောင်းသော လူငယ်တစ်ဦးဖြစ်ပါ သည်။

မိမိသင်ကြားရယူလိုသော ပညာကို မိမိသာလိုချင်လျှင် လိုချင်သလောက် သင်ယူခွင့်ရနိုင်သော မိဘ၏ အထောက်အပံ့ ကောင်းစွာ ရခဲ့သည်။

ယခု လက်ရှိ မိမိသင်ကြားခဲ့သောပညာကို အသုံးချ၍ သင့်တင့်လျောက်ပတ်သော ဝင်ငွေရစေသည့် အလုပ် တစ်ခုတွင် လုပ်ကိုင်ခွင့်ရနေသည်။

ပညာလည်းတတ်၍ အလုပ်လည်းရှိသော ရည်မွန်သွက်လက်သည့် ချစ်သူတစ်ယောက်လည်း ရှိနေသေးသည်။

ထိုသို့သောအခြေအနေတွင်ရှိသည့် သားသည်

အဘယ်ကြောင့်-“ကံမကောင်းဘူး” ဟု စိတ်ကို ရှေ့သွားပြုနေရပါသနည်း။

ကျွန်တော်ရှေ့တွင်ဆိုခဲ့သည်။

အယူအဆမှားလျှင်

အတွေးအခေါ်မှားယွင်းလာ၍

အလုပ်အကိုင်လည်းမှားယွင်းလာတတ်ပါသည်။

ကျွန်တော့်သားဖြစ်သူ၏ အယူအဆကား မှား၍နေလေပြီ။

တကယ်တော့ သားနှင့်တိုက်ရိုက်ပြောဆိုဆွေးနွေး၍ မှားယွင်းသောအယူအဆကိုသာ ပြင်ပေးဖို့ ကျွန်တော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

သို့သော် ကျွန်တော်၏သားကဲ့သို့သောသူများ ယနေ့ လူငယ်လူလတ်များ လောကတွင်ရှိနေနိုင်ပါသေးသည်။

သားကိုရှင်းပြမည့်စကားများကို စာအဖြစ် ပုံဖော်၍ Blog ပေါ်တွင် တင်ပေးရသော်

အတိုင်းအတာတရပ်အထိ အခြားလူငယ်လူလတ်များအတွက် ကျေးဇူးရှိနိုင်သည်ဟု ကျွန်တော်ယူဆမိ သော ကြောင့်  Blog ပေါ်တွင် ဤဆောင်းပါးကို တင်ဆက်ဖြစ်ပါသည်။

x                  x                 x

ကျွန်တော် အသက် ၂ဝအစိတ်ဝန်းကျင်က စာအုပ်တစ်အုပ်ဖတ်ခဲ့ဖူးသည်၊ စာအုပ်အမည်က “ယောက်ျားဇာနည်”  ဖြစ်သည်။

ကိုယ်တွေ့အဖြစ်အပျက်ကို ဖော်ပြသောစာအုပ်ဖြစ်သည်။

စာရေးသူက အမေရိကန်နိုင်ငံသား လေယာဉ်မောင်း မစ္စတာလင်းဘတ်ဖြစ်၍ ဘာသာပြန်စာရေးဆရာကိုမူ ကျွန်တော်မမှတ်မိတော့ပါ။

ထိုစာအုပ်ကိုပင် နှစ်ပေါင်း(၃၀)ခန့်ကြာပြီးနောက် နောက်တစ်ကြိမ်ဖတ်ဖြစ်ပါသေးသည်၊ ကျွန်တော့် လက်ထဲတွင် ရှိသောစာအုပ်မှာ စာအုပ်မျက်နှာဖုံးရော ပုံနှိပ်မှတ်တမ်း၊ ဘာသာပြန်သူအမည် စသည်တို့ ပါဝင်သောစာမျက်နှာမှာ လုံးဝမရှိတော့ပါ၊ အခန်း(၁)က စဖတ်ရ၍ နိဂုံးချုပ်စာ ၂ မျက်နှာခန့်လည်း မရှိတော့ပါ။

ထိုစာအုပ်ကို ဖတ်ရခြင်းဖြင့် လူသားတို့လေယာဉ်ပျံဖြင့် အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနိုင်သည် မှာ ၁၉၂၇ ခုနှစ် ၊ လွန်ခဲ့သော (၈၃)နှစ်က ဖြစ်ကြောင်းသိရသည်။

ထိုစာအုပ်တွင် စာပို့လေယာဉ်မောင်းနေသော မစ္စတာလင်းဘတ်က လေယာဉ်ဖြင့် နယူးယော့မှ ပြင်သစ်ကို မရပ်မနားပျံသန်းနိုင်ရန် ကြံစည်ပုံ၊ သူအခက်အခဲများစွာကို ဖြတ်သန်းရပုံ သူ့ထက်ငွေကြေးတောင့်တင်းသူများနှင့် ယှဉ်ပြိုင်ရပုံ၊ သူ့တွင် ကိုယ်ပိုင်ငွေ ဒေါ်လာ ၂၀၀၀ သာရှိပုံ၊ ဒေါ်လာ ၁၀၀၀၀ ကျော်တန်သော လေယာဉ်ကို ဝယ်နိုင်အောင် စိန့်လူးဝစ်မြို့မှ ဘဏ်သူဋ္ဌေး ဘစ်ဇ်တီနှင့် နိုက် ဆိုသူတို့ကို စည်းရုံးရပုံ၊ သူ၏ခရီးစဉ်အတွက် မည်သို့မည်ပုံ ဆောင်ရွက်မည်ကို သူပိုင်နိုင်စွာ လေ့လာတွက်ချက်ထားမှုတွေကို တင်ပြနိုင်၍ ထိုဘဏ်သူဋ္ဌေးများက လိုအပ်သောငွေကို စိုက်ထုတ်ရန် သဘောတူကြပုံ၊ မိုင် ၃၆၀၀ ကွာဝေးသော နယူးယောက်မှ ပြင်သစ်သို့ပျံသန်းရန် ယုံကြည်ချက် ခိုင်မာစွာ ဖြင့် စက်တစ်လုံးတပ်လေယာဉ်ကို ရွေးချယ်ပုံ၊ စက် ၂လုံး ၃လုံးတပ်လေယာဉ်ဖြစ်လျှင် ဆီအပို ၂ဆ ၃ဆ တင်ဆောင်ရ လျှင်ပျံတက်ဖို့ပင် မလွယ်ပုံ၊ စက်တစ်လုံးချွတ်ယွင်းလျှင် ကျန် ၂ လုံးလည်း အားကိုးမရပုံတို့ကို ပိုင်နိုင်စွာနားလည်ထားပုံ၊

နောက်ဆုံးတွင် ထိုစက်တစ်လုံး၏လေယာဉ်ဖြင့် စက်ပျံသန်းစဉ် လမ်းခရီး ၃၆ နာရီလုံးလုံး မအိပ်ရပုံ၊ သတိအမြဲ ရှိနေရပုံ၊ လမ်းခရီး မုန်တိုင်းများဖြတ်သန်းရပုံ၊ နောက်ဆုံးတွင် အောင်မြင်စွာနှင့် အမေရိကန်နိုင်ငံ နယူးယောက်မှ ပြင်သစ် ပြည် လီဘိုဂျက်လေယာဉ်ကွင်းသို့ ဆင်းသက်နိုင်ပုံတို့ကို ရေးသားထားသော စာအုပ်လေးတစ်အုပ်ဖြစ်ပါသည်။

လူသားတို့အနေဖြင့် နယူးယော့မှပြင်သစ်သို့ မိုင် ၃၆၀၀ ခရီးကို မရပ်မနား ပထမဦးဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်သောနေ့မှာ ၁၉၂၇ ခု မေလ   ဖြစ်ပါသည်။လေယာဉ်ပိုင်းလော့မှာ မစ္စတာလင်းဘတ်ဖြစ်၍ လေယာဉ်၏အမည် မှာ “ စိန့်လူးအစ်မြို့တော်၏ ဇွဲ” ဖြစ်ကာ၊ လေယာဉ်အမျိုးအစားမှာ ရိုင်ယမ်ကုမ္ပဏီမှ လုပ်သော ဆီဂါလံ ၄၀၀ ဆ့ံ စက်တလုံးတပ် တစ်ယောက်မောင်းလေယာဉ်ဖြစ်ပါသည်။

ယောက်ျားဇာနည်တို့၏ စွန့်စားခန်းကို ရေးဖွဲ့ထားသောစာအုပ်ဖြစ်၍ အလွန်စိတ်ဝင်စားဖွယ်ရာဖြစ်သလို ဂုဏ်ယူ အားကျဖွယ်ရာလည်းဖြစ်ပါသည်။

ဤနေရာတွင် ကျွန်တော့်အနေဖြင့် ဤစာအုပ်အကြောင်းကို အဘယ်ကြောင့် ထုတ်ဖော်တင်ပြရပါသနည်းဟု ဆိုလျှင်-

ဇာတ်ကောင်ဖြစ်သော ယောက်ျားဇာနည် မစ္စတာလင်းဘတ်ရေးသော ထိုစာအုပ်တွင် “ကံကောင်းသည် ကံဆိုး သည်” ဆိုသောစကားလုံးတစ်လုံးမျှ မပါဝင်ခဲ့ပါ ရှင်းအောင်ဆိုရလျှင် မှတ်ချက်စကားအဖြစ်ပင် မပါဝင်ပါဟု သိစေလိုခြင်းဖြစ်ပါ သည်။

x                  x                 x

ထိုယောက်ျားဇာနည်ဆိုသောစာအုပ်ကို ကျွန်တော် ငယ်စဉ်ကတခါဖတ်ခဲ့ဖူးသည်ဟု ဆိုခဲ့ပါသည်။

ထိုအသက်အရွယ်က ထိုစာအုပ်ကိုဖတ်၍ ကျွန်တော်မည်သို့ခံစားခဲ့ရသည်ကို ကျွန်တော် မမှတ်မိတော့ပါ။

ယခုတကြိမ်ဖတ်ရသောအခါတွင်မူ ထို ယောက်ျားဇာနည် မစ္စလင်းဘတ်သည် ကျွန်တော်တို့ မြတ်ဗုဒ္ဓဟောကြား တော်မူခဲ့သော အဓိပတိတရားလေးပါးနှင့် ညီညွတ်စွာ အားထုတ်ဆောင်ရွက်ထားခြင်းဖြစ်သည်ကို သိရှိခံစား နားလည်ခဲ့ရပါသည်။

မိုင် ၃၆၀၀ ခရီးကို ဖြတ်သန်းမည်ဆိုသောစိတ်၏ ဆန္ဒာဓိပတိ၊ စိတ်ဆန္ဒအားကြီးပုံကို သတိထားမိပါသည်။

စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ဟူသော စိတ္တာဓိပတိဖြစ်နေပုံကိုလည်း သတိထားမိပါသည်။

ထိုကိစ္စအောင်မြင်ရန် လုံ့လဝီရိယကြီးပုံ၊ လေယာဉ်ပေါ်တွင် ကြုံတွေ့ရသောအခက်အခဲ၊ လွန်စွာအိပ်ချင်စိတ်ဖြစ် ပေါ်ပုံ၊ မတော်တဆ ငိုက်ငိုက်သွားတတ်ပုံ၊ စိတ်များခြောက်ခြားရပုံ၊ ထိုထို ပြဿနာများကို ဝီရိယာဓိပတိ လုံ့လစိုက်ထုတ် ခြင်း၊ ရဲရင့်ခြင်းနှင့် ကျော်လွှားအောင်မြင်ပုံများကိုလည်း သတိထားမိပါသည်။

နောက်ဆုံးတွင်ကား ဝီမံသာဓိပတိဟုဆိုသော သူ့လုပ်ငန်းနှင့်ပတ်သက်၍ ချွတ်ယွင်းအားနည်းချက်မရှိအောင် တွက်ချက်တတ်ပုံ၊ စက်တလုံးထက် ၂ လုံးဆိုပိုကောင်းမယ်၊ ၂ လုံးထက် ၃ လုံးဆို ပိုကောင်းမယ် စသည်ဖြင့် လူသာမန်တို့ သမရိုးကျ တွေးခေါ်တတ်သောနယ်ပါယ်မှ ဖောက်ထွက်၍ စက်တလုံးတပ် လေယာဉ်သာ အမှန်တကယ် အောင်မြင်နိုင်ပုံ တို့ကို ပညာဉာဏ်ဖြင့််ရှုမြင်တတ်ခြင်းကိုလည်း သတိထားမိပါသည်။

ထို မစ္စတာလင်းဘတ်သည် အဓိပတိတရားလေးပါးလုံး စုံလင်စွာဆောင်ရွက်သဖြင့် အောင်မြင်မှုရသည်ဟု ကျွန်တော်ယုံကြည်သည်။

ကံကောင်းခြင်းကြောင့် အောင်မြင်သည်မဟုတ်ပါ။

တနည်းအားဖြင့် ဆိုရသော်

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်အများစု ယူဆနေကြသော အတိတ်ကံကောင်းခြင်းကြောင့် အောင်မြင်သည် မဟုတ်ပါ။

ပစ္စုပ္ပန်တည်းဟူသော လက်တွေ့လုပ်ရပ်များကောင်းခြင်းကြောင့် အောင်မြင်မှုရရှိခဲ့သည်မှာ လွန်စွာထင်ရှားလှ ပါသည်။

ကျွန်တော်တို့၏ အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓက အတိတ်ကံကိုသာ ယုံကြည်သူများကို ဤအယူအဆသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိဟု ပြတ်သားစွာ ဟောကြားခဲ့ပါသည်။

အတိတ်ဘဝက အရင်းအမြစ်ကံကိုသာ ယုံကြည်ခြင်းသည် မှားယွင်းသောအယူဟု ဆိုလိုပါသည်။

အတိတ်ကံအားဖြင့် လွန်စွာကောင်းခဲ့သော ဒေဝဒတ်မင်းသားသည် ဘုရင့်သားဖြစ်ရခြင်း၊ မြတ်ဗုဒ္ဓ၏ယောက်ဖ တော်စပ်ခွင့်ရခြင်း၊ မြတ်ဗုဒ္ဓ၏သာသနာတွင် ရဟန်းဖြစ်ခွင့်ရခြင်း စသည်တို့သည် အတိတ်ကံကောင်းခြင်းဖြစ်ပါသည်။

သို့သော် ထို ဒေဝဒတ်မင်းသားသည် အတ္တသမ္မာပဏီဓိဟုခေါ်သော မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်နိုင်ခြင်း အားနည်းမှု၊ အယူအဆမှားမှုများကြောင့် ကျရှုံးရသောသူ ဖြစ်ခဲ့ရသည်မှာလည်း စာဖတ်သူများ သိရှိထားကြပြီးဖြစ်ပါလိမ့် မည်။

x                  x                 x

ကျွန်တော်တို့ မြန်မာလူငယ်အများစုသည် များသောအားဖြင့် အလုပ်တစ်ခုခုကိုဆောင်ရွက်ရာ၌-

That is my utmost ability

ဒါဟာ ငါ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်

ငါနိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ပြီ ဆိုသောအနေအထားတွင်သာ ရပ်တန့်ထားတတ်သည်ကိုလည်း သတိပြုမိပါသည်။

ဒီထက်ပိုပြီးကောင်းအောင် ငါလုပ်နိုင်သေးသလား?

ဆိုသောမေးခွန်းကို အလုပ်တစ်ခုပြီးတိုင်းပြီးတိုင်း ကိုယ့်ကိုကိုယ် မေးသင့်ပါသည်။

လုပ်နိုင်သေးမည်ထင်လျှင် ထပ်လုပ်ကြည့်ပါ။

လူပျင်းများ၏ လက်သုံးစကားဖြစ်သော

“ပြင်လွန်းတော့ ဖင်ချွန်း” ဟူသောစကားပုံကို မြန်မာလူငယ်များဝေါဟာရမှ ဖျောက်ဖျက်ပစ်ကြစေချင်ပါသည်။

ထိုအလုပ်များကို လုပ်ကိုင်ရာတွင်

ဆန္ဒာဓိပတိ          စိတ်ဆန္ဒအားကြီးမှု

စိတ္တာဓိပတိ          စိတ်ထဲမှာ အမြဲတဝဲလည်လည်ရှိ၍ တွေးတောကြံဆနေခြင်းအားကြီးမှု

ဝီရိယာဓိပတိ        လုံ့လနှင့်ရဲရင့်ခြင်းအားကြီးမှု

ဝီမံသာဓိပတိ        ထိုအလုပ် အကောင်အထည်မဖော်မီ ဉာဏ်ပညာ ဗဟုသုတရှိမှု၊ ခြုံငုံသုံးသပ်တတ်မှု စသော                              ဉာဏ်ပညာအားကြီးမှု

ထိုအချက်(၄)ချက်ဖြင့်သာ ဦးစီးဆောင်ရွက်ပါက “ကံမကောင်း”ဆိုသော ဝေါဟာရသည် သင့်အပါးမှလည်းကောင်း၊ သင့်ပတ်ဝန်းကျင်မှလည်းကောင်း ကွယ်ပျောက်သွားပါလိမ့်မည်။

x                  x                 x

လူသားတစ်ယောက် တိုးတက်အောင်မြင်မှု

လူသားတစ်ယောက် ဆုတ်ယုတ်နိမ့်ကျမှု များသည်

ဗီဇနှင့်ပတ်ဝန်းကျင်ပေါ်တွင် မူတည်သည်ဟု ဆိုကြပါသည်။

ဘာသာရေးရှုထောင့်မှကြည့်သော် အတိတ်ကံ ပစ္စုပ္ပန်ကံဟု ဆိုနိုင်ပါသည်။

လူသည် လူတစ်ယောက်ဖြစ်လာသည်ဟု ဆိုကတည်းက အတိတ်ကံကောင်းခဲ့သူဟု ယုံကြည်အပ်ပါသည်။

မျက်မမြင်ဘဝနှင့် မွေးဖွားလာခြင်းအတူတူ ပစ္စုပ္ပန်ကံအားနည်းသောသူသည် သူများပေးမှ ကြွေးမှစားရ၍ ပစ္စုပ္ပန်ကံ အားကြီးစိုက်ထုတ်သောသူသည် မျက်မမြင်ကျောင်းဆရာ၊ ကျောင်းအုပ်များဘဝတိုင် ရောက်ရှိပြီး၊ မျက်မမြင် အချင်ချင်းပင် ပြန်လည်ကူညီနိုင်ခြင်းများကို ယနေ့လူငယ်လူလတ်တို့ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့ သေချာစွာ ယုံကြည်ရမည့်အချက်မှာ ကံမကောင်းသောသူသည် လူဖြစ်လာလိမ့်မည် မဟုတ်ပါ။

အားနည်းသော အတိတ်ကံ တနည်းအားဖြင့် ကံအားနည်းသည်ဟု ထင်မြင်ယူဆမိလျှင်လည်း ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် ထိုအတိတ်ကံကိုသာမက ပစ္စုပ္ပန်ကံကိုလည်း ထက်မြက်စေလာနိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ၀ိပဿနာတရားအားထုတ်ခြင်းသည် သတိဦးဆောင်၍ လောဘ၊ ဒေါသ၊ မောဟတို့ကို ပါယ်သတ်နိုင်သော ဉာဏ်ပညာကို ထူထောင်ရခြင်းကြောင့်သာဖြစ်ပါသည်။

အားကောင်းသောသတိ ဦးဆောင်မှုရှိနေခြင်းသည်ကား ငုတ်နေသော အရည်အချင်းများကို ဖော်ထုတ်နိုင်သော အခြေခံလိုအပ်ချက်ဖြစ်ပါသည်။

x                  x                 x

၁၉၈၈ ခုနှစ်က မက္ကဆီကိုနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့၍ လူ ၂၀၀၀ ကျော်သေဆုံးခဲ့ရသော မုန်တိုင်းသည် မက္ကဆီကိုကုန်းတွင်းပိုင်းကို မဝင်ရောက်မီ ကျွန်တော်စီးနင်းလိုက်ပါလာခဲ့သော သင်္ဘောနှင့် ဦးစွာတွေ့ကြုံခဲ့ခြင်းဖြစ်ပါ သည်။

၂ ညနှင့် ၃ ရက်တိတိ ကျွန်တော်အပါအဝင် မည်သူမျှ မအိပ်ခဲ့ရပါ။

သင်္ဘောကို လူတက်မကိုင် A.B (Able Body)များဖြင့် အလှည့်ကျ တက်မကိုင်၍ မုန်တိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်တိုး၍အသက်ရှင်သန်နိုင်ရေးရုန်းကန်ခဲ့ ကြရပါသည်။

သင်္ဘောကပ္ပတိန်ဖြစ်သူမှာလည်း ထိုမုန်တိုင်းကာလအတွင်း သင်္ဘောမောင်းနှင်ခန်းတွင်သာ မအိပ်မနေ တာဝန်ယူရသလို ကျန်သင်္ဘောသားများအားလုံး ထိုအတိုင်းပင် ဖြစ်ပါသည်။

မုန်တိုင်းရှိသည်ကို သတင်းဦးစွာရထားသောကြောင့် ကျွန်တော်ကိုယ်တိုင် အသံလွှင့်တိုင် အသံဖမ်းကြိုးများကို ပိုမိုခိုင်ခ့ံအောင် စိတ်ချရအောင် ပြင်ဆင်ခဲ့သလို၊ ကိုယ့်ကို ကိုယ်ကြိုးနှင့်ချီ၍ စားပွဲကိုဖက်ကာ မိုးလေဝဿသတင်းများကို အချိန်ပြည့်ဖမ်းယူ၍ မုန်တိုင်းမှသင်္ဘောလွတ်ရာလွတ်လမ်းကို ရှာဖွေဖို့ မအိပ်မနေတာဝန်ယူခဲ့ဖူးပါသည်။

အားလုံး၏တက်ညီလက်ညီ အစွမ်းကုန်ကြိုးစားမှုကြောင့် အားလုံးအသက်ဘေးမှ လွတ်ခဲ့ဖူးပါသည်။

x                  x                 x

ကျွန်တော့်ဆောင်းပါး၏အစတွင် ဖော်ပြခဲ့ပါသည်။

မနောပုဗ္ဗင်္ဂမာ ဓမ္မာ ၊ မနောသေဋ္ဌာ၊ မနေမယာ ဟု မြတ်ဗုဒ္ဓဟောဖော်ညွှန်ပြခဲ့သောကြောင့် စိတ်၏သဘာဝကို လည်း  ကျွန်တော်တို့သိရှိနားလည်ကြပြီး ဖြစ်ပါသည်။

ထို့ကြောင့် “ကံမကောင်း” ဟူသောစိတ်ကို မည်သည့်အခါမျှ ဦးဆောင်ဦးရွက်ခွင့် မပြုမိစေရန် လိုအပ်ပါသည်။

ဤသို့ဆိုလျှင် ကံကောင်းသည်ဟု ဦးဆောင်ဦးရွက်ပြုလျှင်ရော ကံကောင်းလာနိုင်ပါသလားဆိုလျှင်-

လူပေါကံကောင်းခြင်းမျှသာလျှင် ခံစားခွင့်ရနိုင်သောကြောင့် ထိုသို့လည်း မပြုသင့်ပါ။

စိတ်ဓာတ်ကျခြင်း၊ စိတ်ဓာတ်မြင့်ခြင်းတို့သည် မလိုအပ်သော အစွန်းနှစ်ဖက်သာ ဖြစ်၍

မိမိလုပ်ကိုင်ဆောင်ရွက်ရသော အလုပ်များတွင်သာ စိတ်ကိုနှစ်ထား၍ သတိဦးစီးကာ

ဒီထက်ကောင်းအောင် ဘယ်လိုလုပ်နိုင်သေးသလဲဟု ကြံဆလုပ်ကိုင်၍ ထိုသို့လုပ်ကိုင်ရာတွင်လည်း

အထွတ်အထိပ်အောင်မြင်လိုှလျှင် ဖော်ပြခဲ့ပြီးဖြစ်သော အဓိပတိတရားလေးပါးကို ပြည့်စုံအောင် ဆောင်ရွက်ခြင်း ဖြင့်၄င်း၊ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော လောကီကြီးပွားချမ်းသာကြောင်းတရား (၄)ပါးဖြစ်သည်။

ဥဋ္ဌာနသမ္ပဒါ      ( မိမိ တာဝန်ယူ လုပ်ကိုင်ရသော အလုပ်မှန်သမျှ အားကြိုးမာန်တက် ဆောင်ရွက်ခြင်း)

အာရက္ခသမ္ပဒါ    ( အလုပ်လုပ်ခြင်းဖြင့် ရရှိလာသော ဥစ္စာပစ္စည်းများကို ကောင်းစွာ စောင့်ရှောက်ခြင်း)

ကလျာဏမိတ္တသမ္ပဒါ     ( အမှားအမှန် ကောင်းစွာ ဝေဖန်ပိုင်းခြား၍ လမ်းညွှန်အကြံပေးနိုင်သော မိတ်ဆွေကောင်း  ရှိခြင်း၊ ဤနေရာတွင် “အကပ်ကောင်း”  ရှိခြင်း၊ “လုပ်ပိုင်ခွင့်ရှိသူနှင့် ပြေလည်ခြင်း”  စသော  အယူအဆများကိုပါယ်ပါ)

သမဇီဝိတသမ္ပဒါ     ( တရားနှင့် လျော်ညီသော ဥစ္စာပစ္စည်းကိုသာ ရှာဖွေစုဆောင်းခြင်း၊ ရလာသော ဥစ္စာပစ္စည်းကို သုံးစွဲတတ်ခြင်း၊ မဖြုန်းတီးခြင်း)

စသော တရားတော်အဆုံးအမနှင့်အညီ နေထိုင်သွားပါက “ကံကောင်းသော” လူတစ်ယောက် မလွဲမသွေဖြစ်လာ ပါလိမ့်မည်။

မိမိကိုယ်တိုင် ကံကောင်းသလို အခြားသူများကိုလည်း ကံကောင်းသောသူများအဖြစ် ရွက်ဆောင်ပေးနိုင်ကြ သောလူငယ်လူလတ်များဖြစ်အောင်မိမိကိုယ်ကိုပြုစုပျိုးထောင်ကြပါစို့။